DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် လှေနစ်မြုပ်မှုကြောင့် ကျောင်းသူ ၃ ဦးသေ၊ ၄ ဦးပျောက်ဆုံးနေ
DVB
·
June 2, 2016
ပုဏ္ဏားကျွန်းတွင် လှေနစ်မြုပ်မှုကြောင့် ကျောင်းသူ ၃ ဦးသေ၊ ၄ ဦးပျောက်ဆုံးနေ
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီးပြင် တောဖျားချောင်းမှာ စက်လှေတစ်စီး နစ်မြုပ်ခဲ့လို့ ကျောင်းသူကျောင်းသား ၇ ဦးပျောက်ဆုံးနေပြီး ဒီမနက်အထိ ကျောင်းသူအလောင်း ၃ လောင်းကို ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်။

ပိုရွှီးပြင်းအထက်တန်းကျောင်းမှာအပြန် ဇွန် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ကျောင်းသူ ကျောင်းသား ၃၅ ဦးသယ်ဆောင်လာတဲ့ စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး အဲဒီ စက်လှေနစ်မြုပ်တဲ့ အတွက် လှေပေါ်မှ ၇ ဦး ပျောက်ဆုံးခဲ့ပြီး ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကြက်ခင်းတလင်းရွာမှ ရခိုင်အမျိုးသားပါတီက ဥက္ကဋ္ဌ ဦးစံထွန်းက ’’စက်လှေနစ်တဲ့ ချောင်းနဲ့ ကျနော်ရွာနဲ့ ကပ်လျှက်ပါ။ မနေ့ကတည်းက တနေ့ကုန်ရှာတယ်။ လူမူအဖွဲ့တွေ ရော၊ ရဲတပ်ဖွဲဝင်တွေရော အကုန်လိုက်ကြပါတယ်။ ဒါပေမယ့် ရှာမတွေ့ဘူး။ ဒီမနက်မှာတော့ အလောင်း ၃ လောင်းကို ရထားပြီးပါပြီ။ ၃ လောင်းလုံး မိန်းကလေးတွေပါပဲ။ နောက်ထပ်မိန်းကလေး ၃ ဦးနဲ့ ယောက်ျားလေး ၁ ဦး ကျန်သေးတယ်။ အခုအချိန်ထိတော့ ရှာနေတုန်းပါ”လို့ ပြောပါတယ်။

ပိုးရွှီပြင်ကျေးရွာ မဟာမိတ် လူမှုကူညီရေးအသင်းမှ ဦးကံထွန်းမောင်က “မနေ့ ၁ နာရီလောက် လှေနစ်တာပါ။ ကျောင်းက ဆင်းလာတဲ့အချိန်ရွာကို စက်လှေနဲ့ပြန်ကြတာပေါ့။ ပိုရွှီးပြင်းဆိပ်ကမ်း သိပ်မဝေးပေါ့လေ။ ကျောင်းသူကျောင်းသားအားလုံး စုစုပေါင်း ၃၅ ယောက်စက်လှေပေါ် ပါတယ်။ စက်လှေပေါ်ရေဝင်လာတဲ့ခါ လှေပဲ့ပိုင်းကို ရွှေ့ခိုင်းနေချိန်မှာ မှောက်သွားတာလို့ ပြောတယ်ဗျ။ အခုအချိန်ထိ ကျနော်တို့ အလောင်း ၃ လောင်း ရရှိထားပြီးပါပြီး။ ဆက်လက် ရှာဖွေနေပါတယ်”လို့ ပြောပါတယ်။

တာဝန်ကျ ရဲတပ်သား သိန်းချေမောင်က “ကျနော်တို့ ဒီမနက် ကျောင်းသူ အလောင်း ၃ လောင်းကို ရရှိထားပြီးခင်ဗျ။ နောက် ကျနော်တို့ ရဲတပ်ဖွဲ့တွေရယ်၊ လူမှုအဖွဲ့အစည်းက လူတွေ အကုန်လိုက်ရှာနေကြတယ်။ မရသေးဘူးခင်ဗျ။ လိုက်ရှာနေတုန်းပါ။ မနေ့က အသက်ရှင် ပြန်လာတဲ့ ကျောင်းသူကျောင်းသား ၂၈ ဦးကိုတော့ မိဘတွေလက်ထဲ အပ်လိုက်ပြီခင်ဗျ”လို့ ပြောပါတယ်။

အခုအချိန်ထိတော့ သေဆုံး အလောင်း ၃ လာင်းရရှိထားပြီး သေဆုံးပျောက်ဆုံးနေတဲ့ ကျောင်းသား ကျောင်းသူ ၇ ဦးကတော့ ဂန့်ဂါကျေးရွာကဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့တွေကတော့ မခိုင်ဖြိုးဦး (ဘ) ဦးထွန်းလင်းမောင်၊ မခိုင်ဖြိုးထွေး (ဘ) ဦးမောင်ကျန်ဝင်း၊ မငြိမ်းငြိမ်းထွေး (ဘ) ဦးမောင်သိန်းထွေး၊ မောင်မြတ်ဇော်ဝင်း (ဘ) ဦးထွန်းလှိုင်၊ မအေးငြိမ်းစိုး (ဘ) ဦးမောင်လုံးခင်၊ မကြည်ကြည်မ (ဘ) ဦးမောင်ဝင်းခင်၊ မောင်ရည်ဝေလင်း (ဘ) ဦးမောင်သိန်းစိန်တို့ ဖြစ်ကြောင်း ပိုးရွှီပြင်ရဲစခန်းက သိရပါတယ်။

စက်လှေမောင်းသမားဖြစ်တဲ့ အသက် ၂၅ နှစ် ရှိ မောင်ရဲနိုင် (ဘ) ဦးမောင်သန်းညွန့်ကို ပိုးရွှီပြင်ရဲစခန်းက အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013