DVB Logo
Home
မေးမြန်းခန်း
အမေရိကန်အထူးကိုယ်စားလှယ်ခရီးစဉ် ဘာထူးခြားသလဲ – မေးမြန်းဆွေးနွေးချက်
DVB
·
September 8, 2011
အမေရိကန်အထူးကိုယ်စားလှယ်ခရီးစဉ် ဘာထူးခြားသလဲ – မေးမြန်းဆွေးနွေးချက်
Donate to DVB

အမေရိကန်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာ​ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ မြန်မာပြည်ကို ပထမဆုံး​ ခရီးစဉ်အနေနဲ့ နေပြည်တော်ကို မနက်ဖြန် သွားရောက်ဖို့​ ရှိပါတယ်။ ဒီခရီးစဉ်မှာ အစိုးရဘက်ကရော၊ အတိုက်အခံနဲ့ လူ့အခွင့်အရေး​ အဖွဲ့တွေကိုပါ တွေ့ဆုံဖို့ရှိပါတယ်။

[caption id="attachment_15285" align="alignright" width="310" caption="ဦးနေသန်မောင်"][/caption]

ဒီခရီးစဉ်ဟာ ဘယ်လောက်​ ထူးခြားမှုရှိလဲ၊ နှစ်နိုင်ငံအစိုးရတွေ​ အတွက် ဘယ်လောက် အရေးပါသလဲ​ ဆိုတာတွေကို  အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ပြီး အမေရိကန်-မြန်မာ ဆက်ဆံရေးအကြောင်း ဆောင်းပါးတွေ ရေးသားနေတဲ့ ဦးနေသန်မောင်ကို မေးမြန်းထားပါတယ်။

အမေရိကန်သမ္မတက တိုက်ရိုက်ခန့်တဲ့ မြန်မာပြည်ဆိုင်ရာကိုယ်စားလှယ် မြန်မာပြည်ကို ပထမဆုံးသွားတဲ့ ဒီခရီးစဉ်က ဘယ်လောက်ထူးခြားတယ်လို့ ပြောလို့ရမလဲ။

“ဒဲရက်ခ် မစ်ချဲလ်ရဲ့ အခု မြန်မာပြည်ဆိုင်ရာ အမေရိကားရဲ့ အထူးကိုယ်စားလှယ် အဖြစ် ပထမဆုံးခရီးစဉ် ဖြစ်တယ်ဆိုတော့ ဒီခရီးစဉ်က သူတို့အကြီးအကျယ် ပေါ်လစီပြောင်းတာနဲ့ ပတ်သက်ပြီး မြန်မာအပေါ် သဘောထား အကြီးအကျယ် အပြောင်းအလဲရှိတယ်လို့ ထင်တယ်။”

အကြီးအကျယ် ပြောင်းလဲတယ် ဆိုတာက ...။

“၂၃ နှစ်လုံး ထားရှိခဲ့တဲ့ အမေရိကန်ရဲ့ ပေါ်လစီက  ပြစ်ဒဏ်ခတ် အရေးယူရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မြှင့်တင်ဖို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့တာမျိုး လုပ်တယ်။ ဆိုတော့ stick (ဒဏ်) ပဲ ပေးတယ်၊ carrot (ဆု) မပေးဘူး။ (ဆုမပေးဘဲ ဒဏ်ပဲပေးတယ်) သမ္မတအိုဘားမား တက်လာပြီးနောက်မှာ သူတို့ နည်းလမ်းနှစ်မျိုးနဲ့ မူအပြောင်းအလဲ လုပ်တယ် ပြစ်ဒဏ်ခတ်ပိတ်ဆို့တာမျိုး လုပ်သလို ထဲထဲဝင်ဝင် စေ့စပ်ညှိနှိုင်းတာမျိုးတွေလည်း လုပ်လာပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေက ထူးခြားမလာတဲ့အတွက် အခု ဒဲရက်ခ် မစ်ချဲလ်ကို ခန့်အပ်ပြီးတော့ တိုက်ရိုက်စကားပြောပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတွေမှာ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်လို့ ထင်တယ်။ တကယ်လို့ ဒဲရက်ခ် မစ်ချဲလ် ပြန်သွားပြီးရင် အမေရိကန်အစိုးရအနေနဲ့ သူတို့ရဲ့ လက်ရှိ မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ စဉ်းစားနိုင်တဲ့ သဘောထားတွေ ဖြစ်လာနိုင်ပါတယ်။”

မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရက သမိုင်းကြောင်းအရလည်း အဆင်မပြေမှုတွေ ရှိခဲ့တယ်၊ အခုသမ္မတအစိုးရသစ် တတ်လာတယ်၊ အမေရိကန်ဘက်ကလည်း အစိုးရသစ်တက်လာပြီးနောက်ပိုင်း အခြေအနေတွေက ပြောင်းလဲလာတာတွေ ရှိတယ်။ နှစ်ဘက်အကျိုးစီးပွားအကြား ဘယ်နေရာတွေမှာ သူတို့ကို ပျော့ပျောင်းသွားအောင် ဖန်တီးပေးလိုက်တယ်လို့ ယူဆတာလဲ။

“အမေရိကန်အစိုးရက မြန်မာပြည်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တလျှောက်လုံး ဖိအားပေးလာတယ်။ ဒီလိုမျိုး တကယ်လည်း ပြောင်းလဲသွားတာမျိုး သူတို့မြင်ချင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ၂၃ နှစ်လုံး အုပ်ချုပ်လာတဲ့ အစိုးရကလည်း သိပ်ခေါင်းမာတယ်။ အပြောင်းအလဲ မလုပ်ချင်ဘူး ဆိုတာ သူတို့တွေ့တယ်။ ဒါကြောင့် အမေရိကန် အစိုးရက ဘယ်လိုမှ အပြောင်းအလဲကို လုပ်လို့မရဘူး။ သူတို့က အရင်မူဝါဒအဟောင်းနဲ့ပဲ ဆက်သွားနေရတယ်။ ဦးသိန်းစိန်အစိုးရသစ် တက်လာမှ မူဝါဒပြောင်းလဲတယ်လို့ ကျနော်မယူဆဘူး။

“ကျနော် ယူဆတာက တရုတ်နိုင်ငံ ကြီးထွားလာမှု၊ နောက်ပြီး အမေရိကန် ပိတ်ဆို့ထားခြင်းဟာ တရုတ်ရင်ခွင်ထဲကို မြန်မာနိုင်ငံကို ထိုးထည့်ပေးနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေ အများကြီး ပေါ်လာတယ်။ အဲဒီအချိန်မှာ သူပြန်ကြည့်တော့ မြန်မာပြည်ဟာ တရုတ်နဲ့ အိန္ဒိယအကြား၊ အာဆီယံနိုင်ငံတွေကြားမှာ မဟာဗျူဟာကျတဲ့ စီမံကိန်းတခု ဖြစ်လာနေတယ်ဆိုတာ သူတို့နားလည်သွားတယ်။ ဒါကြောင့် ဆီနိတ်တာ ဂျင်ဝက်ဘ် မြန်မာနိုင်ငံကို လာရောက်သွားတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောချိန်မှာ မြန်မာပြည်နဲ့ပတ်သက်တာတွေ ပြောရမယ့်အစား တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက စိုးရိမ်မှုကြီးမားနေတယ်ဆိုတာ ပြောသွားတယ်။ ဒါကြောင့် အမေရိကန်အစိုးရက  မြန်မာနိုင်ငံနဲ့ ထဲထဲဝင်ဝင် ပတ်သက်ဖို့ မူဝါဒပြောင်းလဲမှုဟာ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှု၊ စိန်ခေါ်မှုကို အမေရိကန်က အလေးအနက်ထားပြီး မြန်မာပြည်မှာ အစိုးရသစ် ပြောင်းတာ မပြောင်းတာထက် စာရင် တရုတ်ရင်ခွင်ထဲကို ထိုးသွင်းတဲ့အဖြစ်မျိုး လုပ်လို့ရှိရင် သူတို့ရဲ့ မဟာဗျူဟာစီမံကိန်း ကပြောင်းကပြန် ဖြစ်သွားနိုင်တယ်လို့ စိုးရိမ်တဲ့အတွက် သူတို့ ပေါ်လစီကို ပြောင်းလဲတာ ဖြစ်ပါတယ်။”

မြန်မာအစိုးရကရော ဘယ်လိုအချက်တွေကြောင့် အမေရိကန်နဲ့နီးကပ်တဲ့ သဘောထားတွေ လုပ်လာတယ်လို့ ပြောလို့ရမလဲ။

“စစ်အစိုးရရော ဦးသိန်းစိန်အစိုးရပါ အမေရိကန်နဲ့ မိတ်ဆွေဖြစ်ချင်တယ်။ ဒါပေမယ့် တဖက်မှာလည်း စွပ်စွဲကြတာက မြန်မာနိုင်ငံဟာ တရုတ်အစိုးရနဲ့ ဆက်ဆံမှုနီးကပ်တယ်၊ နိုင်ငံတကာစင်မြင့်ထက်မှာ တရုတ်ရဲ့အကာကွယ်ပေးမှုတွေ ရရှိထားတယ်။ မြန်မာနိုင်ငံဘက်ကကြည့်ရင်လည်း အင်အားကြီးနိုင်ငံတခုတည်းကို မှီခိုနေရတာ မလုံခြုံပါဘူး။ မြန်မာနိုင်ငံဟာ မကြာခဏ ကျူးကျော်မှုခံရတယ်၊ စီးပွားရေးအရ ကျွန်ပြုခံရတယ်။ ဒီလိုပြဿနာတွေကြောင့် တရုတ်ကိုသာမက အိန္ဒိယ၊ အမေရိကန်နိုင်ငံတွေသာမက အာဆီယံကိုလည်း မမှီခိုချင်ဘူး။ ဖြစ်နိုင်ရင် အင်အားစု အားလုံးနဲ့ တန်းတူဆက်ဆံရေးရချင်တယ်၊ အမေရိကန် အနောက်အင်အားစုကလွဲလို့ မြန်မာနိုင်ငံက အာဆီယံ၊ တရုတ်၊အိန္ဒိယနိုင်ငံတွေနဲ့   ဆက်ဆံမှုကောင်းတယ်၊ တကယ်လို့ တရုတ်ကအင်အားကြီးထွားမှု အားကောင်းလာရင် အိန္ဒိယ၊ အာဆီယံတို့လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် စူပါပါဝါနိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့  ဆက်ဆံမှုကောင်းမွန်မှသာ အိန္ဒိယ တရုတ်နဲ့ အာဆီယံတို့ကြားမှာ မြန်မာနိုင်ငံကျူးကျော်ခံရမှု အဓိက သူတို့စိုးရိမ်တဲ့ အချူပ်အခြာအာဏာပေါ့။ ဒီကိစ္စတွေကို စဉ်းစားပြီး အမေရိကန်အစိုးရနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ချင်တာဖြစ်ပါတယ်။”

အမေရိကန်က တောက်လျှောက်ပြောနေတာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတဲ့ အချက်တချက်ရယ်၊ ပြီးတော့ အန်အယ်လ်ဒီ တရားဝင်ခွင့် ပြုရေးဆိုတဲ့ အချက်တချက် ရှိတာပေါ့။ အစိုးရဘက်က ပြောနေတာက ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှု ကိစ္စပေါ့။ ဒီနှစ်ခု ကြားထဲမှာ ဘယ်လို compromise (စေ့စပ်ညှိနှိုင်း) လုပ်လို့ ဖြစ်လာနိုင်မလဲ။

“စီးပွားရေး ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှု ကလည်း အလုပ်မဖြစ်ဘူး၊ ဆိုးကျိုး ဖြစ်တယ်ဆိုတာ အမေရိကန် အစိုးရကိုယ်တိုင်က ၀န်ခံထားပါတယ်။ သူတို့လည်း သိတယ်။  ဒါကြောင့် လက်တွေ့အားဖြင့် မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူထားတာကို ဖြုတ်ချပေးဖို့ ဆိုတာ ရလဒ်ကောင်းတခုမှ ထွက်မလာဘဲနဲ့ သူတို့ မလုပ်ချင်ပါဘူး၊ သူတို့ ပြောနေတဲ့အချက်က မြန်မာပြည်ထဲမှာ ထောင်ချဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လုံးဝ လွတ်မြောက်ရေး၊ လုံးဝ လွှတ်ပေးရေး ကိစ္စပါ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံဆွေးနွေးရေး တောက်လျှောက်ဖြစ်စဉ်မှာ ဒီကိစ္စကို အရေးအကြီးဆုံး အချက်အဖြစ် ပါနေပါတယ်။ အမေရိကန် အစိုးရရဲ့ လိုလားချက်လည်း ပြည့်ဝသွားစေအောင်၊ ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လှုပ်ရှားမှုတွေက တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးနိုင်အောင် မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို လုပ်ကို လုပ်ပေးရပါမယ်၊ အဲဒီလို လုပ်ပေးမှသာလျှင် နှစ်ဦးနှစ်ဘက် ဒါမှမဟုတ် ဘက်ပေါင်းစုံက လိုလားနေတဲ့ အချက် ပြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒါကိုမှ မလုပ်ပေးဘဲ တင်းခံနေမယ် ဆိုရင်တော့ အမေရိကန်က မြန်မာနိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့က အဟန့်အတားတွေ ရှိနေဦးမှာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013