DVB Logo
Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံညီလာခံ မအောင်မြင်နိုင်ဟု အန်ဘီအက်ဖ်အဖွဲ့ဝင် ပါတီများ ပြော
DVB
·
June 1, 2016
၂၁ ရာစု ပင်လုံညီလာခံ မအောင်မြင်နိုင်ဟု အန်ဘီအက်ဖ်အဖွဲ့ဝင် ပါတီများ ပြော
Donate to DVB

၂၁ ရာစု ပင်လုံညီလာခံဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုတဲ့အတွက် အောင်မြင်မှာ မဟုတ်ဘူးလို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) အဖွဲ့ဝင် ပါတီတွေက ပြောဆိုလိုက်ပါတယ်။

ဇွန်လကုန်မှာ ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကိုယ်စားလှယ်တွေသာ ပါဝင်ခွင့်ရမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်မရှိတဲ့အတွက် အန်ဘီအက်ဖ် အဖွဲ့ဝင် ပါတီခေါင်းဆောင်တွေက မေ ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ၂၆ ကြိမ်မြောက် အန်ဘီအက်ဖ် ပုံမှန်အစည်းအဝေးအပြီးမှာ အခုလို ဝေဖန်ပြောဆိုလိုက်တာပါ။

“အန်အယ်လ်ဒီအစိုးရအနေနဲ့ ကမန်းကတမ်းနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်၊ ၂၁ ရာစု ပင်လုံညီလာခံကို ဖော်ဆောင်မယ်ဆိုရင်တော့ ကျနော် ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင်တော့ ညောင်နှစ်ပင်ညီလာခံနဲ့ အတူတူပဲဖြစ်မယ်လို့ ပြောချင်တယ်” လို့ ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောပါတယ်။

အန်ဘီအက်ဖ်အဖွဲ့ဝင် ၂၁ ပါတီဟာ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ခွင့်ရဖို့ အစည်းအဝေးတွေ ဆက်တိုက်ပြုလုပ်နေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းမှာ ပါဝင်ခွင့်ရဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်တွန်းမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ရှမ်းအမျိုးသားဒီမိုကရက်တ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက “၂၁ ရာစု ပင်လုံညီလာခံ၊ တနည်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာတော့မယ်ဆိုတော့ ကျနော်တို့ပြည်နယ်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများ၊ တိုင်းရင်းသားပါတီများရဲ့ ဆန္ဒသဘောထားတွေကို တသံတည်းထွက်အောင် ကျနော်တို့က စုစည်းတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ ပါဝင်မယ့် နိုင်ငံရေးပါတီတွေ ဖောင်းပွမှုမဖြစ်စေဖို့ အနည်းဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ရွေးချယ်ခံထားရတဲ့ ပါတီတွေသာ ပါဝင်သင့်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောပါတယ်။

လွှတ်တော် ၃ ရပ်မှာ အရွေးချယ်မခံရတဲ့ ပါတီတွေအနေနဲ့ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်နိုင်တယ်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီအပေါ်မှာ ပါတီတချို့က စိုးရိမ်မှုတွေ ရှိနေတာပါ။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကော်မတီဝင်ဖြစ်တဲ့ ဦးလှမောင်ရွှေက “ကျနော့်အမြင် ပြောရရင်တော့ အရင်ကလည်း ရှိတယ်။ အခုလည်း အစိုးရသစ်အနေနဲ့ လူထုရဲ့ မျှော်လင့်ချက်ပေါ့။ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ မျှော်လင့်ချက်တွေလည်း ရှိတဲ့အတွက် ဒါတွေကို ညှိနှိုင်းသွားနိုင်မယ်ဆိုရင်တော့ ခုန ၂၁ ရာစု ပင်လုံညီလာခံ အောင်အောင်မြင်မြင် လုပ်နိုင်မယ်၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူလည်း အဆင့်တိုင်းမှာ ပါလာနိုင်မယ်။ အဲဒီကတဆင့် ဆက်သွားနိုင်မယ့်ဟာလည်း အများကြီး ဖြစ်နိုင်ချေရှိတယ်လို့ ကျနော်ကတော့ အဲလိုပဲ ယုံကြည်ပါတယ်” လို့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်။

အန်ဘီအက်ဖ်အဖွဲ့ဝင် ပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်  ပေါ်ပေါက်ခဲ့တဲ့ ပါတီတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်းတဦးမှ အရွေးမခံရဘဲ အရေးနိမ့်ခဲ့တဲ့ ပါတီတွေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013