DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ပြည်သူများ စိုးရိမ်နေသည့် ဟန်ကင်သဘာဝ မြေပြိုကန်တွင်းရှိရေများ ဖောက်ချမည်
DVB
·
June 1, 2016
ကလေးမြို့ပြည်သူများ စိုးရိမ်နေသည့် ဟန်ကင်သဘာဝ မြေပြိုကန်တွင်းရှိရေများ ဖောက်ချမည်
1 / 5
Donate to DVB

ချင်းပြည်နယ် တွန်းဇန်မြို့နယ် ဟန်ကင်ရွာ အနီးမှာရှိတဲ့ သဘာဝမြေပြိုကန်ထဲက ရေတွေကို ဖောက်ချဖို့ ဇွန်လ ၃ ရက်နေ့မှာ စတင်တော့မှာဖြစ်ပါတယ်။

မိုးကျတဲ့အခါ ကန် မိုးရေပြည့်ပြီး ပေါက်ကျမှာကို ကလေးဒေသခံ ပြည်သူတွေက စိုးရိမ်နေကြပြီး အဆိုပါ စိုးရိမ်နေမှုတွေကို လျော့ချနိုင်ဖို့နဲ့ အန္တရာယ်ကင်းစေဖို့ မြောင်းသွယ်ပြုလုပ်ကာ ရေ အနည်းငယ်စီ ဖောက်ချတာ ဖြစ်တယ်လို့ သိရပါတယ်။

ဟန်ကင်သဘာဝ မြေပြိုကန်ပေါက်ကျလာမှာကို စိုးရိမ်နေတဲ့ ကလေးမြို့က ဦးကျော်ကျော်ထွန်းက “ရေဒဏ်ခံရဖူးတော့ ဒီသဘာဝမြေပြိုကန်က တောင်ပေါ်မိုးများလို့ ပေါက်ကျလာရင် ကလေးမြို့ ရေဘေးသင့်မှာကို စိုးရိမ်မိတာတော့ ရှိတယ်။ မနှစ်က စက်တင်ဘာမှာ အဲ့ဒီ မြေပြိုကန်ဘက်နယ် ကနေ ချင်းတောင်မိုးကြီးလို့ တောင်တွေပြိုတော့ ရေနဲ့အတူ မြေကြီးတွေ ပါလာတယ်။ ကလေးမြို့ စိုက်ပျိုးမြေတွေ ပျက်စီးတဲ့အပြင် ရွာတွေတောင် ရွှေ့ရတဲ့အထိ ဖြစ်ခဲ့တယ်လေ။ ခုလာမယ့်မိုးက လည်း ရာသီဥတုက ဖောက်ပြန်တော့ မိုးကြီးနိုင် မကြီးနိုင် ပြောမရဘူး။ တကယ်လို့ မိုးကြီးရင် မနှစ်ကလို အဲ့ဒီမြေပြိုကန်ကြီးပါ ပွင့်ထွက်ပြီး ရေရောမြေပါရောပြီး ထပ်ကျလာရင်တော့ ကလေးမြို့ အတွက် မတွေးရဲစရာပါပဲ။ အခုလို ကန်ထဲက ရေကို တဖြည်းဖြည်း ဖောက်ထုတ်ပစ် မယ် ဆိုတော့ ကလေးဒေသအတွက် မိုးရာသီ ရေဘေးအတွက် စိုးရိမ်စိတ် လျော့တာပေါ့”လို့ ပြောပါတယ်။

ကလေးမြို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၄) က ဝန်ထမ်းတဦးက “မြေပြိုကန်ထဲက ရေကို လူအင်အားနဲ့ ဖောက်ချဖို့ စီစဉ်နေပါတယ်။ ရေမြောင်းတူးပြီး နည်းနည်းဆီ ရေတွေကိုထုတ်ဖို့ အလုပ်သမားတွေနဲ့ ကန်ရှိရာကို သွားနေပါပြီ။ တောထဲမှာ စခန်းချပြီး မြောင်းတူးလုပ်ငန်းလုပ်ပြီး ဖောက်ချမှာဖြစ်တယ်”လို့ ပြောပါတယ်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီဌာနနှင့်အတူ နီပေါနိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွင့်ဖြိုးရေးဌာ တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ သဘာဝမြေပြိုကန်သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီးနောက် တွေ့ရှိမှုအပေါ် သုံးသပ်ကာ မြေပြိုကန်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ် ကနေ ကြိုတင်ရှောင်ရှားနိုင်ရေးနဲ့ ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ စီစဉ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013