DVB Logo
Home
သုံးသပျခကျြ
ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လား
DVB
·
September 8, 2011
ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လား
Donate to DVB

အခုဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို မီဒီယာပေါ်တွေတင်မက လွှတ်တော်ထဲမှာပါ ဆွေးနွေးလာကြတာ တွေ့မြင်ရပါတယ်။ ဦးသိန်းစိန် အစိုးရကလည်း အရင် စစ်အစိုးရနဲ့ မတူ ငြိမ်းချမ်းရေးစကားကို တွင်တွင်ကျယ်ကျယ် ပြောလာတာ ကြားနေရပါတယ်။ ဒီအတွက် လက်ရှိ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကို တကယ် လိုလားမလိုလား ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ် လိုလားမလိုလား သမ္မတဦးသိန်းစိန် ပြောသွားတဲ့ နောက်ဆုံးမိန့်ခွန်းကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီ မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က စီးပွားရေး လူမှုရေး ပြဿနာတွေကို ညင်ညင်သာသာ ပြောဆိုသွားပေမယ့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကေအိုင်အေ အဖွဲ့ကိုတော့ ဝေဖန်ပစ်တင် ပြောဆိုသွားတာ တွေ့နိုင်ပါတယ်။ အစိုးရစစ်တပ်တွေဟာ ပုံမှန်လုပ်နေကျ ရေအားလျှပ်စစ်စီမံကိန်း လုံခြုံရေးအတွက် စီမံကိန်းနယ်မြေထဲ ဝင်ကြောင်း၊ ဒါကို ကေအိုင်အေတွေက အဝင်မခံဘဲ ပစ်ခတ်တိုက်ခိုက်လို့ တိုက်ပွဲတွေ ဖြစ်လာရကြောင်း၊ ဒါတင်မက ကေအိုင်အေဟာ တံတားတွေချိုး၊ မိုင်းတွေထောင်၊ ယာဉ်တန်းတွေကို ခြုံခိုတိုက်တာတွေ လုပ်ကြောင်း၊ အစိုးရစစ်တပ်ကတော့ အလွန်သည်းခံကြောင်း စသဖြင့် အစိုးရတပ်က မှန်ပြီး ကေအိုင်အေတပ်တွေက မှားကြောင်း၊ အကြမ်းဖက်သမားတွေ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ အဲဒီ စကားတွေ မှန်မမှန် သိပ်မဝေးလှတဲ့ ကာလအပိုင်းအခြားကို ပြန်ကြည့်ဖို့ လိုလာပါတယ်။

ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရတပ်တွေနဲ့ အပစ်အခတ်ရပ်စဲတာ လုပ်ခဲ့ပါတယ်။ စစ်အစိုးရနဲ့ သဘောတူညီချက်အရ ကေအိုင်အေဟာ လက်နက်ကိုင်ပြီး ဆက်တိုက်နေတဲ့ အဖွဲ့တွေ အပါအဝင် မြို့ပေါ်က တရားဝင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီလို ပါတီတွေနဲ့ မဆက်သွယ်၊ မဆက်ဆံပါဘူးဆိုတဲ့ ကတိကိုတော့ ပေးခဲ့ရပါတယ်။ အဲဒီလိုနဲ့ ကေအိုင်အေဟာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ စစ်အစိုးရဟာ သူ့ဘာသာသူ ကျင်းပနေတဲ့ အမျိုးသားညီလာခံကို တက်ဖို့ ကေအိုင်အေကို ဖိအားပေးပါတယ်။ ကေအိုင်အေကလည်း စစ်အစိုးရအလိုကျ အမျိုးသားညီလာခံကို တက်ခဲ့ပါတယ်။ ဒါပေမယ့် ညီလာခံမှာ ကေအိုင်အေကတင်ပြသမျှ ဘာတခုမှ ဖြစ်မလာခဲ့ပါဘူး။ ဒီနောက်တော့ စစ်အစိုးရဟာ သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို အတည်ပြုဖို့ ဆန္ဒခံယူပွဲ လုပ်ပါတယ်။ ကေအိုင်အေဟာ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပေမယ့် စစ်အစိုးရကလုပ်တဲ့ ဆန္ဒခံယူပွဲကို နှောင့်ယှက်ဟန့်တားတာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။

နောက်ပိုင်း စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ညှိုးထိုးပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ ကြိုးစားလာတဲ့အခါမှသာ ကေအိုင်အေနဲ့ ဆက်ဆံရေးတင်းမာခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အဲဒီအချိန်က ကေအိုင်အေဟာ စစ်အစိုးရက ညွှန်ကြားတဲ့၊ တနည်းပြောရရင် စစ်အစိုးရ တိုက်ရိုက်ကွပ်ကဲမှုအောက်ကို ရောက်သွားမယ့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး မပြောင်းရေးကိစ္စ ကချင်လူထုလူတန်းစား အသီးသီးနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ သူတို့ဖြစ်လိုတဲ့ အခြေအနေတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ မတင်မကျဖြစ်နေစဉ်မှာပဲ စစ်အစိုးရဟာ သူတို့အသွင်ပြောင်းပြီး အာဏာဆက်လက်ဆုပ်ကိုင်ဖို့ ရွေးကောက်ပွဲဆိုတာ လုပ်လာပါတယ်။

ဒီနေရာမှာလည်း ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို မဆန့်ကျင်ပါဘူး။ မဆန့်ကျင်ရုံမက ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကိုယ်တိုင် အဖွဲ့ထဲက နုတ်ထွက်ပြီး ပါတီထောင်၊ ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ဒေါက်တာတူးဂျာဦးဆောင်တဲ့ပါတီကို မှတ်ပုံတင်ခွင့် မပြုခဲ့ရုံမက ဒေါက်တာတူးဂျာနဲ့ ကချင်နိုင်ငံရေးသမားတွေကို တသီးပုဂ္ဂလကိုယ်စား လှယ်တွေအဖြစ်တောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ စစ်အစိုးရဟာ ကေအိုင်အေဘက်က လိုက်လျောသလောက် သူ့ဘက်က ဘာတခုမှ လိုက်လျောတာ မရှိဘဲ ငြိမ်းချမ်းရေး၊ ပြေလည်ရေး လမ်းစအားလုံးကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ မသမာတဲ့နည်းပေါင်းစုံ သုံးပြီး အနိုင်ယူ တက်လာတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် စစ်တပ်ဟာလည်း စစ်အစိုးရလက်ထက်က မအောင်မမြင်ဖြစ်ခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ကေအိုင်အေကို ဆက်ဖိအားပေးလာပြန်ပါ တယ်။ ဒီတကြိမ်မှာတော့ မြို့ပေါ်မှာရှိတဲ့ ကေအိုင်အေ ဆက်ဆံရေးရုံးတွေကိုတောင် ဆက်ဖွင့်ခွင့်မပေးတော့ပါဘူး။ မြို့ပေါ်မှာ ကျောင်းတက်နေတဲ့ ကေအိုင်အေသားသမီး ကျောင်းသားကျောင်းသူတွေကိုလည်း ပညာဆက်လက်သင်ကြားခွင့် မပေးတော့ပါဘူး။ အခြားတဘက်မှာလည်း ကေအိုင်အေတပ်သားတွေကို ဖမ်းဆီးတာ၊ နယ်မြေကန့်သတ်တာ၊ ပြဿနာဖြစ်မယ်မှန်း သိသိကြီးနဲ့ ကေအိုင်အေထိန်းချုပ်နယ်မြေထဲ ဝင်ဖို့ကြိုးစားတာတွေ လုပ်လာပါတယ်။ အကျိုးဆက်အဖြစ် တိုက်ပွဲတွေဖြစ် ဒေသမတည်မငြိမ်ဖြစ်၊ ဒုက္ခသည်တွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုအခြေအနေမျိုးတွေဟာ ကချင်ပြည်နယ် တခုတည်းမှာသာ ဖြစ်နေတာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အပါအဝင် ဒေသအတော်များများမှာ ဖြစ်နေတာပါ။ ဒီလို ဖြစ်ပျက်နေတာတွေကို သမ္မတ မိန့်ခွန်းမှာ တဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ပုံချနေရုံမက သမ္မတရဲ့ သတင်းပြန်ကြားရေးအဖွဲ့ကလည်း သတင်းစာရှင်းပွဲလုပ်ပြီး အပြစ်ပုံချလိုက်ပါသေးတယ်။ ဒါတင်မက အစိုးရကထိန်းချုပ်ထားတဲ့ နေ့စဉ်သတင်းစာတွေကနေ တနေ့တမျိုး မရိုးရအောင် ရေးသားလိုက်ပါသေးတယ်။ အခုနောက်ဆုံး ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ထိန်းချုပ်ထားတဲ့ သတင်းစာတွေက နေ ကေအိုင်အေထဲမှာ အကွဲအပြဲတွေ ဖြစ်နေပါတယ်။ အစည်းအဝေးမှာ သဘောထားကွဲပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြလို့ သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်တယ်ဆိုပြီး မဟုတ်မမှန် လုပ်ကြံစွပ်စွဲတာမျိုးကို အောက်တန်းကျကျ လုပ်လာပါတယ်။

တကယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့သာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုရင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး တောတွင်းလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သလို ဖိတ်ခေါ်နိုင်ပါတယ်။ တဖွဲ့ချင်းစီနဲ့ ဆွေးနွေးနိုင်သလို တပ်ပေါင်းစုနဲ့လည်း ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်ကိုင်နေပုံတွေမှာ အဲဒီအချက်တွေ မတွေ့မမြင်ကြရပါဘူး။

စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်းစစ် သက်ဆိုးရှည်မှသာ စစ်တပ်ရဲ့အခန်းကဏ္ဍ ပိုပြီးအရေးပါမယ်လို့ ထင်မြင်ယူဆပြီး အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နေတာသာ တွေ့မြင်ရပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013