DVB Logo
Home
မြန်မာသတင်း
ရေအရင်းအမြစ် ရေရှည်ထိန်းသိမ်းရန် ဥပဒေ ပြဋ္ဌာန်းသင့်
DVB
·
May 31, 2016
ရေအရင်းအမြစ် ရေရှည်ထိန်းသိမ်းရန် ဥပဒေ ပြဋ္ဌာန်းသင့်
Donate to DVB

မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းဖို့အတွက် အစိုးရသစ်လက်ထက်မှာ ရေဥဒေကို ပြဋ္ဌာန်းသင့်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေက ထောက်ပြလိုက်ပါတယ်။

ဧရာဝတီမြစ် အပါအဝင် မြစ်ချောင်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေအရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းဖို့လိုပြီး မြေအောက်ရေတွေကို ချွေတာသုံးစွဲဖို့ လိုအပ်နေတာပါ။

အရင်အစိုးရလက်ထက်က ရေဥပဒေကို NWRC အမျိုးသားရေအရင်းအမြစ် ကော်မတီလိုမျိုး အဖွဲ့မျိုးက အကောင်အထည် ဖော်ခဲ့ပေမယ့်လည်း အစိုးရအပြောင်းအလဲကာလမှာ ရေဥပဒေက ရပ်တန့်နေတာပါ။

ဒါကြောင့် အစိုးရသစ်လက်ထက်မှာ ရေဥပဒေအသက်ဝင်ဖို့ အခုလို ထောက်ပြတာလည်း ဖြစ်ပါတယ်။

“NWRC (National Water Resources Committee) ဆိုတဲ့ အဖွဲ့ အရင်အစိုးရလက်ထက်မှာ ဖွဲ့ထားပါတယ်။ ဖွဲ့ထားတော့ သူတို့ အစိုးရသက်တမ်းကုန်ခါနီး ၂၉ ရက် မတ်မှာ ဖျက်သွားပါတယ်။ သူဖျက်လိုက်တဲ့အခါကျတော့ ကျနော်တို့က အဲဒီအဖွဲ့ထဲမှာ ပါတာမဟုတ်ပါဘူး။ အကြံပေးအဖွဲ့ထဲမှာပဲ ပါတာပါ။ သူဖျက်လိုက်တော့ ကျန်တဲ့ဟာတွေအကုန်လုံး ပျက်သွားပါတယ်။ အဲဒါကို ပြန်ဖွဲ့ဖို့အတွက် အခုအစိုးရသစ်က တနည်းနည်းနဲ့၊ ဒီတိုင်းဟုတ်ချင်ဟုတ်မယ် သူ့နည်းသူ့ဟန်နဲ့ ဖွဲ့စည်းပါလိမ့်မယ်။ ဖွဲ့စည်းပြီးမှ ဆက်ပြီးတော့ လုပ်လို့ရမှာပါ။ အခုလောလောဆယ်တော့ ဘာမှ ဆက်လုပ်လို့မရပါဘူး” လို့ ဆည်မြောင်းရေးရာ ကျွမ်းကျင်သူ ဦးချိုချိုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရွှေတူးဖော်တာ၊ သစ်တောပြုန်းတီးတာနဲ့ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးနေပြီး ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် မြစ်ဖျားခံရာ ဒေသက ရေအရင်းအမြစ်တွေကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံသစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေးကလည်း “ဧရာဝတီမြစ်ရဲ့ အနာဂတ် အသက်ရှည်ဖို့ရာ ဧရာဝတီမြစ်ထဲကို စီးဆင်းနေတဲ့ ချောင်းတွေ၊ မြစ်လက်တက်တွေရယ်၊ ရေဦးရေဖျား ဒေသတွေမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းရမှာ အဓိကပဲ။ ဥပမာ ချင်းတွင်းမြစ်ထဲကိုစီးတဲ့ ဥတုချောင်းဖျားမှာ၊ ဖားကန့်မှာ၊ အခုလိုသာ ကျောက်စိမ်းတွေ ဆက်တူးပြီး မြေစာတွေကို ဖွချင်တိုင်းဖွမယ်ဆိုရင်၊ အခုလိုပဲ ရွှေတွေကို ဆက်တူးနေကြဦးမယ်ဆိုရင် ဧရာဝတီမြစ်ဟာ မတွေးဝံ့လောက်စရာ သောင်တွေထွန်းမယ်၊ ရေစီးကြောင်းတွေ ပြောင်းမယ်၊ လူတွေရွှေ့ရမယ် စသည်ဖြင့် ဒီဒုက္ခတွေတွေ့ရမယ်” လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်လို အရေးကြီးတဲ့ ရေအရင်းအမြစ်တွေ ထိန်းသိမ်းဖို့အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၁၃ ဇူလိုင်လက စတင်ဖွဲ့စည်းခဲ့ပြီး ရေဥပဒေကို စတင်ရေးဆွဲခဲ့တာပါ။

ကမ္ဘာရေနေ့ အခမ်းအနားကို မတ်လအတွင်းနေပြည်တော်မှာ ကျင်းပခဲ့ပြီး ဧရာဝတီမြစ် ဘက်စုံတိုးတက်ဖို့နဲ့ ရေစီမံခန့်ခွဲမှု မူဝါဒတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မြစ်ချောင်းအင်းအိုင်ပေါများပြီး ဒီမြစ်ချောင်းတွေကို အမှီပြု လုပ်ကိုင်နေတဲ့ ပြည်သူတွေအတွက် သဘာဝရေသန့်ရှင်းဖို့နဲ့ ရေရှည်တည်တံ့ဖို့အတွက် အရေးကြီးတယ်လို့လည်း ပညာရှင်တွေက ထောက်ပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013