DVB Logo
Home
မြန်မာသတင်း
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ကန့်ကွက်
DVB
·
May 31, 2016
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို ကန့်ကွက်
Donate to DVB

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (န.က.သ)ကို တပြည်လုံးက ကျောင်းသား ကျောင်းသူတွေရဲ့ ဆန္ဒသဘောထားမပါဘဲ ဖွဲ့စည်းခဲ့တဲ့အပေါ် သဘောမတူလက်မခံတဲ့ အကြောင်း မကွေး၊ ထားဝယ်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကတွေက အသီးသီး ကြေညာလိုက်ပါတယ်။

(န.က.သ)ဟာ ကျောင်းသားထုညီလာခံကနေ ရွေးချယ်တင်မြှောက်တာ မဟုတ်သလို ကျောင်းသား သမဂ္ဂတွေကို ကြိုတင်အသိပေးတာ ဆန္ဒသဘောထားတောင်းယူတာ မရှိဘဲ ဖွဲ့စည်းတာဖြစ်တဲ့အတွက် ကန့်ကွက်တာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက ပြောပါတယ်။

“နိုင်ငံလုံးဆိုင်ရာဆိုတဲ့အနေအထားမျိုးမှာ ကျောင်းသားတွေကို ပွင့်လင်းမြင်သာစွာ အသိပေးဖို့လို အပ်တယ်ခင်ဗျာ။ အခုဟာက ပွင့်လင်း မြင်သာစွာအသိမပေးဘဲနဲ့ ဖွဲ့စည်းပြီးမှ တနိုင်ငံလုံး ကကျောင်းသားတွေ သိရတယ်ဆိုတဲ့ အချက်က မဖြစ်သင့်ဘူးလို့ ကျနော်တို့အနေနဲ့ ယူဆတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ကန့်ကွက်တာပါ။”

ဒါ့အပြင် (န.က.သ) အဖွဲ့ဟာ မေလ ၂၉ ရက်နေ့က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့ တွေ့ဆုံပြီး ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာရပ်တည်လှုပ်ရှားခွင့် ရရှိရေး၊ ပညာရေးနှင့်သက်ဆိုင်တဲ့ ဥပဒေများရေးဆွဲရာမှာ ကျောင်းသားတွေ ပါဝင်ဆွေးနွေး ရေးဆွဲနိုင်ရေး စတဲ့ကိစ္စတချို့ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးချက်တွေဟာ ကျောင်းသားအားလုံးကို ကိုယ်စားမပြုဘူးလို့လည်း ကိုမင်းသုခက ပြောပါတယ်။

“ဒီနိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းထဲမှာ တက္ကသိုလ်ကျောင်းသားသမ္မဂ အားလုံးမပါပါဘူး။ ဒါ့အပြင် အခြေခံပညာ ကျောင်းသားသမဂ္ဂတွေလည်းမပါပါဘူး။ မပါတဲ့အတွက်ကြောင့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့သဘောဆန္ဒကိုယူတယ်ဆိုရင် (န.က.သ)ဆိုတဲ့အဖွဲ့နဲ့တင် မပြည့်စုံပါဘူး ဆိုတာလည်း ဖော်ပြထားပါတယ်။ လက်ရှိအစိုးရအဖွဲ့က (န.က.သ) အဖွဲ့နဲ့သာလျှင် ပညာရေး မူဝါဒတွေ ဆက်ပြီးဆွေးနွေးမယ်ဆိုရင် တခြားဒီထဲမှာ မပါဝင်တဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက်ပြီးတော့ ပါဝင်ဆွေးနွေးနိုင်စရာ အတိုင်းအတာတခုအထိတော့ ထိခိုက်မှုဖြစ်သွား နိုင်ပါတယ်။”

အလားတူ မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသား များ သမဂ္ဂ၊ ဆေးတက္ကသိုလ် ၂ ကျောင်းသားများသမဂ္ဂတွေကလည်း မထောက်ခံတဲ့အကြောင်း အသီးသီး ကြေညာထားသလို ရေနံချောင်းအစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂနဲ့ သူနာပြုတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကတော့ ကြိုဆိုတဲ့ အကြောင်း သဘောထား ကြေညာထားပါတယ်။

နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(န.က.သ)ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ (၁၆)ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ)မှ (၁၁)ဦး စုစုပေါင်း (၂၇) ဦးနဲ့ မေလ ၂၅ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

(န.က.သ)အဖွဲ့အနေနဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြောင်းလဲရေး၊ ဒီမိုကရေစီပညာရေးစနစ် ဖြစ်ပေါ်လာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ကျောင်းသားထု စွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ လှုပ်ရှားရပ်တည်ခွင့်ရရှိရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013