DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ ပြန်လွတ်မြောက်လာ
DVB
·
May 31, 2016
ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ ပြန်လွတ်မြောက်လာ
1 / 3
Donate to DVB

အစိုးရတပ်မတော်ထဲမှာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခံခဲ့ရတဲ့ အသက်မပြည့်သေးတဲ့ လူငယ်တဦး တပ်ထဲမှာ ၆ လကြာနေခဲ့ရပြီးနောက်  စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ခမရ ၃၆၆ ခြေမြန်တပ်ရင်းက မေလ ၂၇ ရက်နေ့ မှာ  ပြန်လွတ်လာပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ပုတ်ကေကျေးရွာက ၁၆ နှစ်အရွယ် မောင်အောင်သန်းစိုးကို ၂၀၁၅ ဒီဇင်ဘာ ၁ ရက်နေ့က အမည်မသိလူတဦးနဲ့ စစ်သား ၂ ဦးက အလုပ်အကိုင်အတွက် ၁ လ ၁ သိန်းရမယ်လို့ဆိုပြီး စစ်သားအဖြစ်ခေါ်ဆောင်ခံခဲ့ရတာပါ။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူရဲ့ဖခင်  ဦးမောင်စိန်အောင်က “ကျနော်သားလေး ပြန်လွတ်လာဖို့ လုပ်လာတာ ၄ လကျော်ရှိပြီ။ ရန်ကုန်ကိုသွားလိုက်။ သပိတ်ကျင်းကို သွားလိုက်လာလိုက်။ နောက်ပြီး ရခိုင်ကို သွားလိုက်နဲ့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ဘာမှ ထူးခြားမလာဘူး။ ပိုက်ဆံလည်း တော်တော်ကုန်နေပြီ။ နောက်ဆုံး မထူးတော့ ဘူးဆိုပြီး မိသားစုတွေဆန္ဒပြတောင်းဆိုတော့မယ်လို့ ဆရာတော်ကိုတိုင်ပင်တယ်။ ဆရာတော်က နေဦး။ မီဒီယာကနေတဆင့် လုပ်ကြမယ်လို့ပြောတော့ ဒီဗွီဘီကို အကူအညီတောင်းလိုက်တယ်။ ဒီဗွီဘီက အင်တာဗျူးလို့ သတင်းတင်လိုက်လို့ ၃ ရက်အကြာမှာ သပိတ်ကျင်း ၇ မိုင်က ဖုန်းဆက်လာတယ်။ ခင်ဗျားတို့သားကို လာထုတ်တဲ့။ ပထမတော့ကျနော်က ဖုန်းမှား နေသလားပေါ့လေ။ ဖုန်းဆက်တဲ့သူက ခင်ဗျားတို့ဘာလို့မီဒီယာကို ပြောလိုက်တာလဲလို့ အော်ငေါက်လိုက်ခါမှ ကျနော် မှတ်မိတော့တယ်”လို့ ပြောပါတယ်။

မောင်အောင်သန်းစိုးဟာ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ၇ မိုင် စစ်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ ၅ လကျော်နေခဲ့ရပြီးနောက် မိဘတွေမကြာခဏလာပြီး တွေ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ် ခမရ ၃၆၆ ခြေမြန်တပ်ရင်းကို ပြောင်းရွေ့ခံခဲ့ရတာပါ။

ကလေးစစ်သားအဖြစ် စုဆောင်းခံရသူ မောင်အောင်သန်းစိုးက “ကျနော်ပြန်လွတ် လာလို့ အရမ်းပျော်ပါတယ်။ မိဘတွေပြန်လည် ဆုံတွေ့ရလို့ အတိုင်းမသိ ဝမ်းသာပါတယ်။ ကျနော် သတိထားမိတာတာက ကျနော်ပြန်မလွတ်ခင် ၂ ရက်လောက်အလိုမှာ ပုံမှန်လုပ်နေတဲ့ အလုပ်တွေ ကျနော့်ကိုဘာမှ မလုပ်ခိုင်းတော့ဘူး။ အရာရာတိုင်းကျနော်ကို စောင့်ကြည့်နေတယ်။ အိမ်သာ၊ အပေါ့သွားတာကအစပေါ့လေ။ တပ်သားနှစ်ယောက်လောက်တော့ အမြဲတမ်း လိုက်ကြည့်ပြီး အကဲခတ်နေတယ်။ ကျနော့်ကို ထွက်ပြေးသွားမလားပေါ့လေ။ အဲ့ဒီကတည်းက တစ်ခုခုတော့ တစ်ခုပေါ့လေ။ နောက်တစ်ရက်တော့မင်း အဖေမင်းကို မနက်ဖြန်လာခေါ် တော့မယ်တဲ့။ မင်းဘဝတလျှောက်မှာတပ်ထဲကို ဝင်ချင်ပါတယ်လို့ပြောရင်တောင် မင်း မဝင်ရ တော့ဘူးတဲ့လို့ ဗိုလ်ကြီးက လာပြောတယ်”လို့ပြောပါတယ်။

ကလေးပြန်လွှတ်လာဖို့ ကြိုးစားပေးခဲ့တဲ့ ရက္ခမဏ္ဍလ ကျောင်းတိုက်က ဆရာတော် ဦးမဏ္ဍလက တော့ မောင်အောင်သန်းစိုး ပြန်လွတ်လာဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တပ်က ထုတ်မပေးတဲ့ အတွက် မီဒီယာကို ချပြရခြင်းဖြစ်တယ်လို့ မိန့်ကြားပါတယ်။

“ဒီကလေး အသက်မပြည့်ဘူးလေ။ ဒီကလေးလွတ်လာဖို့ စာရွက်စာတမ်းတွေနဲ့ အကြိမ်ကြိမ် ကလေးရှိတဲ့နေရာဖြစ်တဲ့ သပိတ်ကျင်းကိုသွားရောက်ပြီးတော့ တင်ပြတယ်။ တောင်းဆိုတယ်။ ဒါပေမယ့် ထူးခြားမှုက ဘာမှမရှိဘူးလေ။ နောက်ပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ရုံးကို ကိုယ်တိုင်းသွားပြီး ဒီကလေးနဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ပေးဖို့ တောင်းခံတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ နောက်ဆုံးမထူးတော့ဘူး ဖြစ်ချင်ရာဖြစ် ဖမ်းချင်လည်း ဖမ်းပေါ့ဆိုပြီး ဒီဗွီဘီက သတင်းထောက်တဦးကို အကူအညီတောင်းတယ်။”

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ခမရ ၃၆၆ ခြေမြန်တပ်ရင်းကို မိသားစုဝင်တွေနဲ့ ဆရာတော်တို့က မေလ၂၅ ရက်နေ့သွားရောက်ခဲ့ပြီး  မေလ ၂၇ ရက်နေ့မှာ ခမရ ၃၆၆ ခြေမြန်တပ်ရင်း ဗိုလ်ကြီး ကျော်ဇော်ဦးက တပ်မှာ အခမ်းအနားပြုလုပ်ပြီး ကလေးငယ်ကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်ထဲမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပါ ကလေးစစ်သား အသုံးပြုမှုရှိနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက် ဝေဖန်ထောက်ပြခဲ့ကြတာပါ။

ပြီးခဲ့တဲ့  ၂၀၁၂ က၂၀၁၅ ခုနှစ်ထိ ၃ နှစ်အတွင်း မြန်မာ့တပ်မတော်က ကလေးစစ်သား ၇၀၀ လောက် ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းဖို့ အတွက် ကာကွယ်ရေးဝန်ကြီး ခေါင်းဆောင်တဲ့ ၁၂ ဦးပါကော်မတီကို မေလ ၁၁ ရက်နေ့မှာ ဖွဲ့စည်းထားပါတယ်။

သတင်း - ၀ဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013