DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်အသင်း ရန်ပုံငွေပျောက်ဆုံးမှု အစိုးရ၀န်ကြီးဌာနထက်မြင့်တဲ့ အဖွဲ့အစည်းက စိစစ်သင့်ဟု ဆို
DVB
·
May 31, 2016
ကျောက်မျက်အသင်း ရန်ပုံငွေပျောက်ဆုံးမှု အစိုးရ၀န်ကြီးဌာနထက်မြင့်တဲ့ အဖွဲ့အစည်းက စိစစ်သင့်ဟု ဆို
Donate to DVB

မြန်မာနိုင်ငံကျောက်မျက်အသင်း ရန်ပုံငွေ ယူရို သန်း ၉၀ ကျော် ပျောက်ဆုံးမှုအတွက် အစိုးရ၀န်ကြီးဌာနထက် မြင့်တဲ့ အဖွဲ့အစည်းက စိစစ်သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကျောက်မျက်ရတနာပြပွဲက ကောက်ခံရရှိတဲ့ အသင်းရန်ပုံငွေ ယူရို သန်း ၉၀ ကျော်ကို ဝန်ကြီးဌာနထက်မြင့်တဲ့ အဖွဲ့အစည်းကသာ စိစစ်သင့်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးသိန်းလွင်က အခုလို ပြောဆိုတာပါ။

“အဲဒါတွေ ဟုတ်မဟုတ်စိစစ်နိုင်တဲ့ အင်အားက ကျနော်တို့မှာမရှိဘူး အဲတော့ကာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် အရင်တုန်းက သတ္တုတွင်း ၀န်ကြီးဌာန အခုတော့ သံယံဇာတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီှးဌာနလက်အောက်မှာရှိတဲ့အတွက် ဒါကတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန ကဒီတိုင်ကြားစာကို စီစစ်သင့်တယ်။ တကယ်လို့ စိစစ်တာ မှန်ခဲ့ရင် တိုင်တဲ့သူလည်းမှန်တယ် အကြောင်းအရာလည်း မှန်တယ်ဆိုရင် ဒါက အရင်အစိုးရ လက်ထက်ကလူကြီးတွေနဲ့ ပတ်သတ်နေတယ်။ ဝန်ကြီးဌာနထက် ပိုပြီးမြင့်တဲ့ အဖွဲ့အစည်း တခုက အကြောင်းအရာကို သေချာစိစစ်သင့်တယ်လို့ ကျနော်တို့ ကော်မရှင်က ဒါကို ဆုံးဖြတ်သင့်တယ်လို့ ဆုံးဖြတ်ပါတယ်။”

အခုလိုပြောဆိုခြင်းကို မေလ ၃၀ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့တာပါ။

တိုင်ကြားစာက ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌကို ဒုဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၂၄ ဦးက လက်မှတ်ရေးထိုးတိုင်ကြားလာတာဖြစ်ပြီး အဲဒီတိုင်ကြားစာအတွက်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အစုဖွဲ့ ဖွဲ့ပြီး စိစစ်ခိုင်းထားတယ်လို့လည်း သိရပါတယ်။

အသင်းဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ ဦးရုံးမူ လက်ထက်က ငွေကြေးအရှုပ်အရှင်းပြဿနာတွေ ရှိခဲ့ကြောင်း၊ အသင်းတည်ထောင်ခဲ့စဉ် ၂၀၀၉ ခုနှစ်ကတည်းကနေ ၂၀၁၆ ခုနှစ်အထိ ကောက်ခံရရှိခဲ့တဲ့ အခွန်ငွေ ယူရို ၈၇ သန်းကလည်း လက်ရှိအချိန်မှာ ယူရို ၇ သန်းသာ ကျန်ရှိတော့ကြောင်း၊ အနုပညာဦးစီးဌာနအတွက် သမ္မတဟောင်း ဦးသိန်းစိန်က ယူရိုငွေ ၇ သန်းထုတ်ပေးခဲ့ကြောင်း၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကိုလည်း ယူရိုငွေ ၅ သန်းပေးတာတွေ အပေါ် စိစစ်ပေးဖို့ကို တိုင်ကြားစာထဲမှာ ပါရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013