DVB Logo
Home
Lead Story
အမြဲတမ်းအတွင်းဝန်၊ အရပ်သားဝန်ကြီးနှင့် အုပ်ချုပ်ရေးပုံစံသစ်
DVB
·
May 31, 2016
အမြဲတမ်းအတွင်းဝန်၊ အရပ်သားဝန်ကြီးနှင့် အုပ်ချုပ်ရေးပုံစံသစ်
Donate to DVB

မြန်မာနိုင်ငံရေးသည် ကမ္ဘာပေါ်တွင် ထူးခြားသော နိုင်ငံရေးပုံစံဖြစ်နေပါသည်။ ခေတ်ပြောင်း စနစ်ပြောင်း နိုင်ငံရေးပုံစံတွင် အစိုးရများ၏ အုပ်ချုပ်ပုံနှင့် လုပ်နည်းလုပ်ဟန်များက အဓိကအခန်း ကဏ္ဍမှ ပါဝင်နေ သည်ကို အထင်အရှားတွေ့မြင်နိုင်သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် စစ်တပ်လွှမ်းမိုးကြီးစိုး ခြယ်လှယ်သော နိုင်ငံရေးပုံစံဖြင့် အသားကျနေခဲ့ရသည်မှာ မည်သူမျှမငြင်းနိုင်ပါ။

ထိုကြောင့်ပင် ယခုအချိန်ကာလအထိ နှစ်ပေါင်း ခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး စစ်တပ်၏ လွှမ်းမိုးမှု အောက်တွင် မြန်မာ့နိုင်ငံရေးသည် မလူးသာမလွန့်သာ ဖြစ်နေရပါသည်။ ဒီမိုကရေစီ အစိုးရဟု အမည် ကင်ပွန်း တပ်ထားသော် လည်း စစ်တပ်အငွေ့အသက်များ လွှမ်းနေသည့် မြန်မာ့နိုင်ငံရေး ပုံပန်းသဏ္ဍာန် သည် တမူထူးခြားနေသည်။ နိုင်ငံရေး ရေစီးကြောင်း ပုံစံသစ်များလည်း တစ်နေ့တစ်ခြား ပိုမိုတိုးပွား ဖြစ်ပေါ်လာနေသည်။ စုပ်ဝဲမြှုပ်ဝဲများလည်း ရေစီးကြောင်းထဲမှာ အထင်းသားပေါ်လွင်နေသည်။

ပြည်သူ့ယုံကြည်မှုဖြင့် တက်လှမ်းဖြစ်တည်လာသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သည့် အရပ်သားအစိုးရသစ်မှာ စစ်တပ်၏ ချည်နှောင်ထားသော ကြိုးများကြားတွင် ရှေ့မတိုးသာ နောက် မဆုတ်သာ အခက်ကြုံနေရသည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော် အမြစ်တွယ်ရပ်တည် လာသော အမိန့်ရှေ့တန်းတင် အစိုးရ ယန္တရားသည် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော “ပြည်သူကို မျက်နှာမူမည့် ဒီမိုကရေစီအစိုးရ” အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ကို “နေ့ ချင်း ညချင်း ပြောင်းလဲမှု” ဖြစ်စေလိုသော ပြည်သူများ သိထားရပါမည်။

ပြောင်းလဲမှုကို ငတ်မွတ်ဆာလောင်နေသော မြန်မာပြည်သူတို့ ၏ မျှော်လင့်ချက်များသည် စိမ့်ဝင်မှု အုတ်မြစ်ခိုင်မာနေသော အစိုးရအဖွဲ့အစည်းအင်အားစုများ၏ ပိုင်ဆိုင်မှုနှင့် လုပ်ပိုင်ခွင့်များ ကြားမှာ ထင်သလောက်ခရီး မပေါက်ဖြစ်နေသည်ကို ယခုအချိန်ကာလမှစပြီး ထင်ထင်ရှားရှား မြင်တွေ့နေရပြီ။

နည်းပရိယာယ်များဖြင့် ပြည့်နှက်နေသော ဝန်ကြီးဌာနများ၏ လုပ်နည်းလုပ်ဟန်များနှင့် အရာရှိ တချို့၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရေး ပရိယာယ်များသည် ဒေါ်အောင်ဆန်းစုကြည် ရရှိထားသော နိုင်ငံရေးပုံရိပ်ကို ထိခိုက်ပျက်ယွင်းနိုင်သော အခြေအနေသို့ ဦးတည်နေပြီလားဟု တချို့ က မေးခွန်းထုတ်နေကြသည်။

အုပ်ချုပ်မှုနယ်ပယ် မကျွမ်းကျင်ခြင်းနှင့် အားနာခြင်းစိတ်ရင်းရှိသူ ဝန်ကြီးအများစုကြောင့် အစိုးရ၏ ပြည်သူ များအတွက် အပြောင်းအလဲများသည် ထင်သလောက်ခရီးမတွင်နိုင်ဘဲ ဖြစ်နေသည် ဟုလည်း တချို့ က ဝေဘန်နေကြသည်။

အတိတ်ကာလက ကျူးလွန်ခဲ့သော အဂတိ တရားများကို ချေဖျက်ရန်နှင့် အနာဂတ်အတွက် စားပေါက် ထွင်ရန် နှပ်ကြောင်းပေးတတ်သည့်သဘာဝသည် နေရာတကာတွင် ရှိတတ်သည်ကို ၀န်ကြီးများ မမေ့ မလျော့ရန် လိုသည်ဟု တချို့ က သတိပေးနေကြသည်။

လက်ရှိအနေအထားမှာ လုံးဝသတိလစ်ခွင့် မရှိသည့် အခြေအနေ ဖြစ်သည်။ ထိုအခြေအနေကို ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မည်သို့ ပြင်ဆင်တည့်မတ်မည်နည်း။ နိုင်ငံ၏ အပြောင်းအလဲ အတွက် စစ်ထွက်များ ကြီးစိုးနေသော ဝန်ကြီးဌာနများကို ပထမဆုံး ပြောင်းလဲအောင်လုပ်ရန် လိုအပ်ပါသည်။ ၀န်ကြီးဌာနများ၏ စီမံအုပ်ချုပ်ပုံ ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်း စုကြည် ချမှတ်မည့် မဟာဗျူဟာများသည် မြန်မာနိုင်ငံ၏ ရှေ့ခရီးအတွက် လွန်စွာ အရေးပါပေလိမ့်မည်။

အရေးပေါ်ဖွဲ့စည်းထားခဲ့သော အမြဲတမ်းအတွင်းဝန်များ၏ ဝန်ကြီးဌာနအသီးသီးအပေါ် လွှမ်းမိုးနေမှုသည် လက်ရှိအစိုးရသစ်အတွက် အဘယ်မျှ အသုံးတည့်မည်နည်း။ သို့ မဟုတ် အဘယ်မျှ ခက်ခဲစေမည်နည်း။ အကောင်းအဆိုးကို ထိုးဖောက်မြင်နိုင်ရေးမှာ အကဲဆတ်သော ယခုကာလအတွက် အလွန် အရေးကြီး သော ကိစ္စရပ်ဖြစ်သည်။

ရှေ့မီနောက်မီ အတွင်းသိအဆင်းသိ အမြဲတမ်း အတွင်းဝန်များ၏ ဗျူဟာများနှင့် ဝန်ကြီးများအပေါ် ထိတွေ့ဆက်ဆံမှုသည် လက်ရှိအစိုးရအပြောင်းအလဲတွင် အကျိုးသက်ရောက်မှု များစွာရှိနေမည် ကတော့ မြေကြီးလက်ခတ်မလွဲပေ။

ပုံစံတကျ စနစ်တကျ မရှိသေးသော ဌာနတွင်း စည်းမျဉ်းစည်းကမ်းများနှင့် လူနည်းစုအပေါ် တွင်သာ ပိုင်ဆိုင်နေသော လုပ်ပိုင်ခွင့်များကြောင့် ပြည်သူ့အရေး ပြည်သူ့ဆန္ဒများ ဖြည့်ဆည်းရေး အတွက် ခက်ခဲနေမည့် အတားအဆီးများကို မည်သို့ ဖြေရှင်းဆောင်ရွက်မည်နည်း ဆိုသည့် မေးခွန်းများ ဆက်တိုက်ပေါ်ထွက်လာမည်မှာလည်း သေချာပါသည်။

အမှန်တကယ် ပြောင်းလဲရမည့် လူနှင့် မူများအပေါ် သွေးတိုးစမ်းပုံစံများဖြင့် အချိန်ကို စောင့်ဆိုင်း နေပါမူ လက်ရှိအစိုးရသစ်အတွက် နေမြင့်လေအရူးရင့်လေ အနာပိုရင်းလာမည့် အခြေအနေသာ ရှိပါသည်။ ဖြေရှင်းရမည့် ပုစ္ဆာနှင့် ပြဿနာများစွာ ရှိနေသည့်အနက်မှ ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်နည်း လုပ်ဟန်နှင့် လုပ်ပိုင်ခွင့်အာဏာများ စီးဆင်းမှုပုံစံကို အစိုးရသစ်စိတ်ကြိုက် ပြောင်းလဲ အကောင်အထည် ဖော်ဆောင်ရေးသည် မဖြစ်မနေ အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်နေပါသည်။ အရာရာတိုင်း တင်ပြရန် ခက်ခဲနေဆဲ အခြေအနေများနှင့် တင်ပြရန် အခွင့်အရေးမဲ့ နေဆဲ အခြေအနေများကို အမြန်ဆုံး ချေဖျက်ရန်လည်း အထူးအရေးကြီးပါသည်။

ဝန်ကြီးဌာနများ၏ လက်ရှိပကတိအခြေအနေတွင် အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ် များ၏ အခွင့်အာဏာကို အတိုင်းအတာမည်မျှ ခွင့်ပြုမည်နည်း။ လုပ်ပိုင်ခွင့်နှင့် ခြယ်လှယ်ခွင့် မတူသည်ကို ရှင်းလင်းပြတ်သားစွာ စည်းခြားပြီး လမ်းညွှန်မှုပေးရမည်မှာ အရပ်သားဝန်ကြီးများ၏ တာဝန်ဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီအစိုးရသစ်အနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ဖြစ်ထွန်းဖော်ဆောင်နိုင်ရေးအတွက် အစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုပုံစံသစ်တခု ဖော်ဆောင်ရေးသည် အမြန်ဆုံးဆောင်ရွက်ရမည့် အဓိကလုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်ဟု ပြောချင်ပါသည်ခင်ဗျား။ ။

ဝါရင့်ဝန်ထမ်းတစ်ဦး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013