DVB Logo
Home
Lead Story
စစ်ကြောင့် အငတ်ဘေးကျရောက်နေတဲ့ ဆီးရီးယားအရပ်သားပြည်တွေကိစ္စ
DVB
·
May 30, 2016
စစ်ကြောင့် အငတ်ဘေးကျရောက်နေတဲ့ ဆီးရီးယားအရပ်သားပြည်တွေကိစ္စ
Donate to DVB

ဒီဆီးရီးယား ပြည်တွင်းစစ်အရေးနဲ့ အာဏာရှင် သမ္မတ အာဆတ် ပြုတ်ကျရေး တော်လှန်ရေး တိုက်ပွဲဝင်နေကြတဲ့ လက်နက်ကိုင် (သူတို့အခေါ် သူပုန်) တွေကို သမ္မတ အာဆတ်ဘက်က ကူညီတိုက်ခိုက်ပေးလိုတဲ့ နိုင်ငံခြားတပ်တွေ၊ တခါ ပြည်တွင်းမှာ ခြေကုပ်ယူလာနေတဲ့ အိုင်အက်စ် အစ္စလာမ်အစွန်းရောက်တွေကို ချေမှုန်းပစ်ရေး ၀င်ရောက်အားပေးလာကြတဲ့ နိုင်ငံခြားတပ်တွေအကြားမှာ အပြစ်မဲ့ ပြည်သူတွေကတော့ မြေစာပင်ဖြစ်ခဲ့ကြတဲ့အကြောင်း ကျနော် ဆောင်းပါးရေး တင်ပြခဲ့ဖူးတာကို အမှတ်ရကြဦးမယ် ထင်ပါတယ်။

ခုဆောင်းပါးက အဲဒီကိစ္စကို ဖြည့်စွက်ပြီး ထပ်မံတင်ပြတဲ့ ဆောင်းပါးဖြစ်မှာပါ။ ခုစပြောမှာကလည်း လူပေါင်း ၄၀၀၀၀ ကျော်ဟာ အာဏာရှင်တပ်တွေနဲ့ အာဏာရှင်ကို အာဏာဆက်လက်ကိုင်စွဲနိုင်ရေး ကူညီတိုက်ခိုက်ပေးနေတဲ့ နိုင်ငံခြားတပ်တွေရဲ့ ပိတ်ဆို့မှုကို ခံနေကြရဆဲဖြစ်တဲ့ မာဒါယာမြို့ကလေးက လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ကိစ္စက ပြန်ကောက်ရမှာပါပဲ။ နောက်ဆုံး ရောက်အောင်သွားနိုင်ခဲ့ကြတဲ့ ကုလသမဂ္ဂယာဉ်တန်း တာဝန်ရှိသူတွေရဲ့ အဆိုအရ အကြီးအကျယ် ထိတ်လန့် ချောက်ချားစရာ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ မာဒါယာဟာ ဆီးရီးယားနိုင်ငံတ၀ှမ်းမှာ ပိတ်ဝိုင်းခံနေရတဲ့ မြို့ ၁၅ မြို့မှာ နေထိုင်နေကြတဲ့ အနည်းဆုံး အရပ်သားပြည်သူ ၄၀၀၀၀၀ ထဲက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးသင့်မှုကို ခံစားနေကြရတဲ့ နမူနာမြို့ကလေးတခုပါပဲ။ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအစ တခုတည်းမှာကိုပဲ ပြည်သူ ၃၅ ယောက်ဟာ အာဟာရငတ်မွတ်လို့ သေဆုံးခဲ့ရပြီး လူပေါင်း ၂၅၀ ကျော်ဟာ စိုးရိမ်ရတဲ့ အာဟာရပြတ်လပ်မှုဒဏ်ကို ခံစားနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဆီးရီးယားနိုင်ငံဟာ အငတ်ဘေးကို လက်နက်တခုအဖြစ် အသုံးချနေပြီဆိုရင်တော့ ဒါဟာ စစ်ရာဇ၀တ်မှုတခု ဖြစ်လာပြီးလို့ သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ ခုဆို ၂၀၁၆ ခုနှစ် မေလကုန်ခါနီးဖြစ်လာလို့ ကာလအားဖြင့် ၆ လလောက် ရှိလာခဲ့ပေမယ့် ဆီးရီးယားနိုင်ငံထဲက အပြစ်မဲ့ အရပ်သား ပြည်သူလူထုဟာ ဒီဒုက္ခတွေကို ဆက်ပြီး ခံစားနေကြရဆဲဖြစ်တယ်ဆိုတာ မြင်သာထင်ရှား ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ကျင်းပလိုက်၊ ဘာမှ ထူးထူးခြားခြား ငြိမ်းချမ်းပြောင်းလဲအောင် မလုပ်နိုင်ဘဲ တန့်နေလိုက်၊ ပြန်ကျင်းပလိုက် ဖြစ်နေတာလည်း ဆီးရီးယားအစိုးရ၊ ရုရှားအစိုးရနဲ့ အတိုက်အခံ ဆီးရီးယား တော်လှန်ရေးသမားတွေ ပွဲလန့်တုန်း ဖျာဝင်ခင်းနေတဲ့ အိုင်အက်စ် အစွန်းရောက် အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးစားနေတဲ့ ကုလသမဂ္ဂ သံတမန်အကြား ဖြေရှင်းဖို့ ခက်ခဲနေဆဲ ပြဿနာ ဖြစ်နေတယ်ဆိုတာကို ပြသနေတာပါပဲ။

ဧပြီ ၂၇ ရက်နေ့မှာလည်း ကုလသမဂ္ဂကြားခံ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတို့ကြား ဆွေးနွေးပွဲဟာလည်း ဘာတိုးတက်အောင်မြင်မှုမှ မရှိဘဲ ပြီးဆုံးသွားတာကို တွေ့ခဲ့ရပါတယ်။ နောက်တကျော့ ဆွေးနွေးပွဲကိုတော့ မေလကုန်လောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ရပေမယ့် တွေ့ဆုံဆွေးနွေးမယ့် နေ့စွဲအသစ်ကို မကြေညာနိုင်သေးပါဘူး။

ကုလသမဂ္ဂ သံတမန်ကတော့ အပစ်အခတ်ရပ်စဲရေး အားကောင်းလာအောင် လုပ်ပေးနိုင်ဖို့ ပိုပြီး တိုးတက်မှုတွေ လိုအပ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်မစနိုင်ခင်မှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါကလည်း ပကတိ ဆီးရီးယားနိုင်ငံ ပြည်သူတွေ ခံစားနေရတဲ့ အငတ်ဘေးနဲ့ အထွေထွေဒုက္ခတွေကို တွေ့မြင်နေရတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ဂျနီဗာမှာ ကုလသမဂ္ဂ အထူးသံတမန် စတာဖင်ဒါမစ်စတူရာက “ခုချိန်မှာ ဆီးရီးယားအရပ်သားတွေ အများကြီး အငတ်ဘေး အန္တရာယ်နဲ့ ကြုံတွေ့နေကြရပါပြီ။ လူပေါင်း ၄၀၀၀၀၀ ကျော်ဟာ ဆီးရီးယားအစိုးရတပ်တွေနဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ ပိတ်ဝိုင်းတာကို နိုင်ငံအနှံ့အပြားမှာ ခံနေကြရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂက ခန့်မှန်းချက် တခုကတော့ ကြောက်စရာပါပဲ။ လူပေါင်း ၄ သန်းနဲ့ အထက်ဟာ ရောက်ဖို့ သိပ်ခက်ခဲတဲ့ နေရာတွေမှာ ပိတ်မိနေတယ်လို့ ဆိုထားပါတယ်။

ကာဒစ်တွေ ဦးဆောင်တဲ့ လက်နက်ကိုင်တပ်တွေကလည်း ဆီးရီးယားနိုင်ငံ ရက်ခ်ခါကို ထိုးစစ်ဆင် တိုက်ခိုက်နေပါပြီ။

နော်ဝေ ဒုက္ခသည်ကောင်စီရဲ့ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အထူးသံတမန်ရဲ့ အထူးအကြံပေးအရာရှိ ဂျင် အိပ်ဂ်ျလင်က သတင်းထောက်တွေကို ပြောကြားခဲ့ရာမှာတော့ သူတို့ရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့အတူ ဆီးရီးယားပြည်သူ တသန်းဆီကို ရောက်အောင်ပို့ဖို့ အစီအစဉ်ဟာလည်း မအောင်မြင်ခဲ့ပါဘူးလို့ ပြောကြားခဲ့တဲ့အတွက် ဒါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေလို့ သဘောထားရမှာပါပဲ။ ခုလောက်ထိ အပြစ်မဲ့ အရပ်သားပြည်သူတွေ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေတာကို တဘက်က အာဏာရှင်နဲ့ သူ့ဘက်သား တပ်တွေက ဆက်မိုက်နေကြ၊ တဘက်က အတိုက်အခံ အင်အားစုတွေကလည်း အာဏာရှင် ပြုတ်ကျရေးအတွက် တခုတည်းကိုပဲ စဉ်းစားပြီး တကယ်တမ်း ဒီမိုကရေစီရဖို့နဲ့ အစားအစာရဖို့ အခွင့်အရေးတွေ ပိတ်ဆို့ခံနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို မျက်နှာလွှဲထားကြမယ် ဆိုရင်တော့ ဆီးရီးယားနိုင်ငံဟာ ပျက်သုန်းနိုင်ငံတခုအဖြစ် မကြာခင်မှာ ကျရောက်သွားဖို့ ရှိနေပါပြီ။

အိပ်ဂ်ျလင်ကပဲ “ကျနော်တို့ အရောက်ပို့ဖို့ စီစဉ်ခဲ့တဲ့ လူ ၁ သန်းဆီကို ရောက်ဖို့ ကျနော်တို့ ကုန်းလမ်းက ကြိုးစားခဲ့ပြီးပါပြီ။ ခုထိတော့ ကျနော်တို့ လူ ၁၆၀၀၀၀ ဆီကိုပဲ ရောက်အောင် သွားနိုင်ခဲ့ပါသေးတယ်” လို့ ပြောကြားခဲ့သလို သူကပဲ ဆက်ပြီး “အစိုးရဆီက အပြည့်အ၀ သဘောတူညီမှု ရပြီးခဲ့တဲ့ ဒေသတွေမှာတောင် အဲဒီနေရာတွေကို တကယ်ရောက်အောင်သွားဖို့ ပြဿနာတွေ မရေတွက်နိုင်အောင်ပါပဲဗျာ။ တခြားနေရာတွေ ဥပမာ ဒါရာဝါလို အကန့်အသတ်နဲ့ သဘောတူညီမှုရထားတဲ့ နေရာတွေကိုလည်း ကျနော်တို့ ရောက်အောင် မသွားနိုင်ပါဘူး” အဲဒီနေရာတွေဖြစ်တဲ့ ဒမတ်စကတ်နားက ဒါရာဝါ၊ မိုဒါမီယာနဲ့ ဟုမ်းစ်ထဲမှာ ရှိတဲ့ အယ်လ်ဝါယာလို နေရာတွေကို ရောက်အောင်မသွားနိုင်ဘူး ဆိုရင်တော့ အခြေအနေက အလွန့်အလွန် ဆိုးဝါး ပြင်းထန်လာလိမ့်မယ်လို့ သိရပါတယ်။

“သူတို့ဆီကို ကျနော်တို့ ရောက်အောင် မသွားနိုင်ဘူးဆိုရင်တော့ ကလေးတွေဟာ အာဟာရပြတ်လပ်လွန်းပြီး သေကုန်ကြဖို့ပဲ ရှိပါတော့တယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

ဒီအခြေအနေအောက်မှာ ဒေယာအတ်ဇောမြို့ကို ပိတ်ဝိုင်းထားတဲ့ အီရတ် အိုင်အက်စ်တွေနဲ့

လီဗန့်အိုင်စက်စ်တွေကို ကျော်လွှားပြီး အငတ်ဘေးကျရောက်နေတဲ့ ပြည်သူလူထု ၁၁၀၀၀၀ ဆီကို လေကြောင်းကနေ လူသားချင်းစာနာမှုဆိုင်ရာ အစားအသောက် အကူအညီတွေကို ကုလသမဂ္ဂက ရတဲ့နည်းနဲ့ ကြိုးစား ချပေးခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့များ အစိုးရတပ်တွေ ပိတ်ဝိုင်းထားတဲ့ နေရာတွေကို ကုန်းလမ်းက သွားရောက်ဖို့ ခွင့်ပြုချက် မရခဲ့ရင် လေကြောင်းနည်းနဲ့ ချပေးဖို့ စဉ်းစားနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ အထူးသံတမန် ဒါမစ်တူရာကတော့ အဲဒီလိုမျိုး အကူအညီတွေကို လေကြောင်းကနေ ပို့ဆောင်ချပေးဖို့မှာတောင် အစိုးရရဲ့ သဘောတူညီမှုကို လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူကတော့ တကယ်လို့များ ခွင့်ပြုဖို့ တောင်းခံတာကို ငြင်းဆိုခံရမယ်ဆိုရင်တော့ သူက အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားက အဲဒီနေရာက လူတိုင်းဆီကို ရောက်အောင် သွားနိုင်ဖို့ နည်းလမ်းတခု ရှာပေးနိုင်မယ်လို့ မျှော်လင့်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ခုဖြစ်နေတဲ့ ၅ နှစ်ကြာ ဆီးရီးယား ပြည်တွင်းပြည်ပ ပဋိပက္ခမှာ လူပေါင်း ၂၇၀၀၀၀ ကျော် အသတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့လူတွေ သေဆုံးခဲ့ရပြီး ဖြစ်ပေမယ့် သေဆုံးအံ့ဆဲဆဲ ဖြစ်နေတဲ့ အပြစ်မဲ့အရပ်သား ကလေးလူကြီးတွေ ဆီးရီးယားနိုင်ငံအ၀ှမ်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။

နောက်တကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတော့ ရက်အတိအကျ သတ်မှတ်လို့ မရသေးသလို တကယ်ပဲ စစ်ကြီးရပ်စဲ ပြည်သူလူထုအတွက် ဒီမိုကရေစီ အခွင့်အရေးတွေကို အခြေခံတဲ့၊ အာမခံတဲ့ အစိုးရတရပ် ရနိုင်ပါ့မလား ဆိုတာကလည်း ကုလသမဂ္ဂ အထူးသံတမန်ကြီး အပါအ၀င် ဘယ်သူကမှ အာမခံနိုင်မှာ မဟုတ်ဘူးဆိုတာ သိနှင့်ထားကြပြီး ဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံက ရာစုနှစ်ဝက်ကျော် ပြည်တွင်းစစ်ကြီးကြောင့်ရော အပြစ်မဲ့ အရပ်သား ပြည်သူတွေ ဘယ်လောက်များများ အသတ်ခံခဲ့ရပါပြီလဲ။ ဆက်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့်လည်း ပြည်သူလူထု ဘယ်လောက်များများ သေကျေဒဏ်ရာရ ဒုက္ခရောက်ကြဦးမှာပါလဲ။

တကယ်တမ်း တဘက်သတ် အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးရအောင်လုပ်နိုင်တဲ့ အစိုးရတပ်မတော် ဆိုတာကရော ဆီးရီးယား ပြည်သူလူထုတွေနဲ့ မနီးရိုးစွဲ ခံစားနေကြရတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ ပြည်သူလူထု တရပ်လုံးအတွက် မစဉ်းစားဘဲ၊ မကြည့်ဘဲ စစ်ကို ဘာဖြစ်လို့ ဆက်တိုက်နေတာပါလဲ။ ဆက်ပြီး မိုက်တွင်းကို ဘာလို့ဆက်တူးနေကြသေးတာပါလဲ။ ဒီလို မေးလိုက်ရင် မလွန်လောက်ဘူးလို့ ထင်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013