
ရခိုင်ပြည်နယ်မှာ ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာ ၂၃ ရက်အထိ ၂ လကျော်အတွင်း စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၅၇ ယောက် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၉ ယောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီး အယောက် ၃၀ နဲ့ အမျိုးသား ၂၇ ယောက် ပါဝင်ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းတွေကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၃ ယောက်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ ယောက်၊ ဖမ်းဆီးသတ်ဖြတ်ခံရသူတယောက်နဲ့ သေနတ်နဲ့ ပစ်သတ်ခံရသူတယောက် ဖြစ်ပါတယ်။
စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းကလည်း ရသေ့တောင်မြို့နယ် ဇီးကိုင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီး အမျိုးသမီးတယောက်နဲ့ သမီးဖြစ်သူတို့ ကျည်စထိမှန်ပြီး သေဆုံးခဲ့ပါတယ်။










