DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းမည်
DVB
·
May 30, 2016
ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းမည်
Donate to DVB

အန်အယ်လ်ဒီအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့အတွက် ရှမ်းပြည်နယ် မှာရှိတဲ့  နိုင်ငံရေးပါတီတွေဟာ ရှမ်းပြည်တိုင်းရင်းသားပါတီများအဖွဲ့ချုပ် (Shan State Ethnic Political Parties)ကို ဖွဲ့စည်းထူထောင်ဖို့ သဘောတူခဲ့ကြပါတယ်။

ရှမ်းပြည်နယ်က ကိုးကန့်၊ ပအိုဝ်း၊ ရှမ်း၊ တအာင်း၊ ၀၊ အင်း၊ ဓနု၊ လားဟူ၊ အာခါ၊ လီဆူ အစရှိတဲ့ တိုင်းရင်းသားပါတီပေါင်း ၁၃ ဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့ အော့ခစ်ဟိုတယ် မှာ လာရောက်တွေ့ဆုံဆွေးနွေးအပြီး အခုလိုသဘောတူချက်ရရှိခဲ့တာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီ အစိုးရရဲ့ ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ပါတီတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မပါ ဝင်ရဆိုတဲ့မူကို လက်မခံနိုင်တဲ့အတွက် ရှမ်းပြည်အခြေစိုက် နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းဖို့  သဘောတူခဲ့ကြတာလို့  ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီကို ပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာတော့မယ်ဆိုတော့ ကျနော်တို့ ဒီပြည်နယ်ထဲမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးများ၊ တိုင်းရင်းသားပါတီများရဲ့ ဆန္ဒသဘောထားတွေကို တသံတည်းထွက်အောင် ကျနော် တို့က စုစည်းတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။”

ရှမ်းပြည်အခြေစိုက် ပါတီတွေရဲ့ အခုပူးပေါင်းမှုဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက်သာ မကဘဲ နောင်လာမယ့် ရွေးကောက်ပွဲကျရင် ရှမ်းပါတီတွေ ရှမ်းပြည်နယ်မှာ ရာနှုန်းပြည့် အနိုင်ရရှိရေး အတွက်လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်အခြေစိုက်နိုင်ငံရေးပါတီအဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကိုတော့ ဒုတိယ အကြိမ်ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုသွားမယ်လို့  ဆွေးနွေးပွဲက ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲတက်ရောက်လာတဲ့ ရှမ်းပြည်နယ်တိုင်းရင်းသားပါတီ ၁၃ ဖွဲ့ဟာ အန်အယ်လ်ဒီ အစိုးရမှ မကြာခင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ / ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပေးဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။

မေလ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး မှုပူးတွဲကော်မတီမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က   ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေးပါတီ အားလုံးပါဝင်ခွင့်ရမှာ မဟုတ်ပဲ လွှတ်တော်တခုခုမှာ ကိုယ်စားလှယ်တဦးရှိတဲ့ ပါတီကိုတွေသာ ကိုယ်စားလှယ်အဖြစ် ထည့်သွင်းမယ်လို့ ပြောထား ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်အတိုင်းဆိုရင်တော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ တိုင်းရင်းသားပါတီအတော်များများဟာ ပါတီအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခွင့်ရှိမှာမဟုတ်ဘဲ လူမှုအခြေပြုအဖွဲ့တွေနဲ့သာ တက်ရောက်ရမှာဖြစ်ပါတယ်။

ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေးဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ) မှ ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်က နီုင်ငံရေးပါတီ ၁၈ ခုကို ဖိတ်ကြားခဲ့ပေမယ့် ၁၃ ဖွဲ့သာ တက်ရောက်ကာ ၁၃ ဖွဲ့လုံးက အဖွဲ့ချုပ်ဖွဲ့ရေးသဘော တူခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013