DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လမ်းလယ် ကွန်ကရစ်တုံးများ ဖယ်ရှားမည်
DVB
·
May 29, 2016
ရန်ကုန်လမ်းလယ် ကွန်ကရစ်တုံးများ ဖယ်ရှားမည်
Donate to DVB

ရန်ကုန်လမ်းလယ်က ကျပ်ငွေ ၁.၆ ဘီလီယံ အကုန်ကျခံလုပ်ထားတဲ့ ကွန်ကရစ်တုံးတချို့ကို ပြန်လည်ဖယ်ရှားပြီး ပန်းခုံတွေ သံဇကာတွေနဲ့ အစားထိုး တပ်ဆင်သွားတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ ဘတ်ဂျက်များစွာကုန်ကျခံပြီး လိုင်းကားတွေ စည်းကမ်းမဲ့ မောင်းနှင်ခြင်း မရှိဖို့အတွက် တပ်ဆင်ထားတဲ့ လမ်းလယ်က ကွန်ကရစ်တုံးတွေမှာ အားနည်းချက်တွေ ရှိတာကြောင့် ပြန်လည်ဖယ်ရှားတော့မှာ ဖြစ်ပါတယ်။

တချို့နေရာ တွေမှာ ချထားတဲ့ ကွန်ကရစ်တုံးတွေမှာ ယာဉ်အန္တရာယ်ဖြစ်နိုင်ချေ များတာကြောင့် ပြန်လည်ဖယ်ရှားပြီး၊ အလှဆင်ပစ္စည်းတွေနဲ့ အစားထိုး တပ်ဆင်သွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက  ဒုရဲမှူးကြီး ဦးအောင်ကိုဦးက ပြောပါတယ်။

“ကျနော်ကတော့ ကွန်ကရစ်တုံးတွေအစား သံဇကာတွေတပ်တာကို ပိုပြီး အားပါပါတယ်။ ဘာလို့ဆိုတော့ ကွန်ကရစ်တုံးတွေက ပြောမယ်ဆိုရင် လမ်းကလည်း ကျဉ်းတယ်။ ပြီးတော့ ယာဉ်ကြောစီးဆင်းမှုကလည်း များတဲ့အတွက် ကျနော်တို့က ဒီမှာ တချို့နေ ရာတွေက ကားချင်းမတိုက်ဘဲ ကွန်ကရစ်တွေပဲ ၀င်တိုက်တာ များတယ်။”

ခရီးသည်တင် ယာဉ်လိုင်းတွေအနေနဲ့ တစီးနဲ့တစီး ကျော်တက်တာတွေ၊ စည်းကမ်းမဲ့ မောင်းနှင်တာတွေကြောင့် ယာဉ်အန္တရာယ် ကင်းဝေးစေဖို့ ရည်ရွယ်ပြီး၊ ငွေကြေးများစွာကုန်ကျခံကာ လမ်းလယ်ကွန်ကရစ်တုံးတွေ ချခဲ့ပေမယ့် အဆင်ပြေမှု အားနည်းခဲ့ပါတယ်။ ဘလောက်တုံးတွေကြောင့် ကွေ့ကြောတွေမှာ အခက်အခဲတစ်ချို့ ရှိတယ်လို့  အငှားယာဉ်မောင်း ကိုသန်းထွန်းမြင့်က သူရဲ့အမြင်ကို ပြောပါတယ်။

“ဘလောက်တုံးက မချထားပေမယ့် ကားလမ်းကြောကလည်း အရင်တုန်းက အဲလောက်လည်း သိပ်မရှုပ်ဘူးလေ။ ကွေ့ရပြုရတာတော့ အဆင်ပြေပါတယ်။ အခုဟာ ကလည်း ဘလောက်တုံး ချထားပြီးတော့လည်း တခါတလေကျရင် ကိုယ်လိုချင်တဲ့ နေရာ ကွေ့ရမယ်ဆိုရင် ဒီနေရာနဲ့က အဆင်မပြေဘူး။ တပတ်ကြီးလည်း ပြန်ပတ်ရတယ်။ တကယ်လို့သာ ဒီဘလောက်တုံးကို မချထားဘူးဆိုရင် ကွေ့ရတာလည်း နီးတော့နီးစပ်တာပေါ့။ ကျနော်တို့မှာလည်း ခရီးသည်တွေဆီက တပတ်ကြီးပတ်လို့ ပိုတောင်းရရင်လည်း အဆင်မပြေဘူး။ ပိုတောင်းတော့လည်း သူတို့ဘက်က ပြန်ကြည့် ရင်လည်း အဆင်မပြေ၊ ကျနော်တို့ကျတော့လည်း တပတ်ကြီးပြန်ပတ်ရတယ်။”

လတ်တလောမှာတော့ ကွန်ကရစ်တုံးအားလုံးကို ပြန်လည် ဖယ်ရှားသွားမှာ မဟုတ်ပဲ အဓိက ငါးနေရာကိုသာ စတင်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ တစ်ချို့ ကုန်း ကျော်တံတား အဆင်းနေရာတွေမှာတော့ ယာဉ်ကြောရှုပ်ထွေးတာကြောင့် လမ်းလယ် ကွန်ကရစ်တုံးတွေကို မဖယ်ရှားပဲ ဆက်လက်ထားရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျပ်ငွေ ၁.၆ ဘီလီယံ အကုန်ကျခံပြီး ရန်ကုန်မြို့လယ်ခေါင်မှာ ကွန်ကရစ်တုံး လေးသောင်းကျော်ကို ချထားခဲ့တာပါ။  အခု အဲဒီနေရာတွေမှာ အစားထိုးမယ့် ပန်းခုံတွေ၊ သံဇကာတွေကိုတော့ ဘယ်လောက် သုံးမယ်ဆိုတာ မပြောသေးသလို အစိုးရအဖွဲ့ကို တင်ပြထားဆဲရှိတယ်လို့ အမှတ် - ၂ ယဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒု-ရဲမှူး အောင်ကိုဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013