DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော် သာယာလှပရန် အမှိုက်သိမ်းကားများနှင့်အမှိုက်ပုံးများ လိုအပ်
DVB
·
May 28, 2016
ရန်ကုန်မြို့တော် သာယာလှပရန် အမှိုက်သိမ်းကားများနှင့်အမှိုက်ပုံးများ လိုအပ်
1 / 8
Donate to DVB

ရန်ကုန်မြို့တော် သာယာလှပဖို့ အမှိုက်သိမ်းကားစစ်စစ် အစီးရေ ၄၅၀ နဲ့ အမှိုက် ပုံးပေါင်း ၄ သောင်းကျော် ရန်ကုန်မြို့အတွက် လိုအပ်နေတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ကနေ နေ့စဉ် အမှိုက် တန်ချိန်ပေါင်း ၁၇၀၀ အထိ ထွက်နေပေမယ့် အမှိုက်တွေကို ခြေဖျက်သိမ်းဆည်းနိုင်တဲ့ အမှိုက်သိမ်းကားစစ်စစ်နဲ့ အမှိုက်ပုံးတွေက လုံလောက်မှုမရှိဘူးလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ပြောပါတယ်။

ကားလုံလောက်မှု မရှိတာကြောင့် အမှိုက်တွေကိုနေ့ချင်း မသိမ်းဆည်းနိုင်ဘဲ၊ ရန်ကုန်က ရပ်ကွက်တိုင်းမှာ အမှိုက်တွေ ပုံနေရတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်အင်ဂျင်နီယာဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောပါတယ်။

“အခုအမှိုက်သိမ်းတဲ့ ကားတွေက ကားစုစုပေါင်း ၃၅၀ ကျော်ရှိတယ်။ ၃၅၀ ကျော်မှာ အမှိုက်သိမ်းကားစစ်စစ်က ၁၀၀ ကျော်ပဲရှိတယ်။ အမှိုက်သိမ်းကားစစ်စစ် ဆိုတာ နိုင်ငံတကာမှာ သိမ်းနေတဲ့ Compactor Garbage Truck ခေါ်တာပေါ့၊ ဒါမျိုးက ၁၀၀ ကျော်ပဲရှိတယ်။ ကျန်တာကတော့ Open Truck တွေပဲ။ ကျနော်တွက်ထားတာဆို အဲလို Compactor Garbage Truck က အစီး ၄၅၀ လောက်လိုတယ်။ ရန်ကုန် တမြို့လုံးအတွက်။ နောက် ၂၄၀ လီတာပုံးတို့၊ ၆၆၀ လီတာပုံးတို့ ဒါတွေကတော့ ပုံး ၄၀၀၀၀ လောက်လိုတယ်။ ဒါမှသာ နေရာအနှံ့အပြားမှာ ကျနော်တို့ ချထားနိုင်မယ်။”

နေရာတိုင်း၊ လမ်းတိုင်းမှာ အမှိုက်ပုံးမရှိတာကလည်း စနစ်တကျ အမှိုက်ပစ်ချင်တဲ့ ပြည်သူတွေအတွက် အခက်အခဲက ရှိနေပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဦးစည်သူလွင်က အမှိုက်ပုံးတွေထပ်ပြီး ဖြည့်ဆည်းပေး သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

“အနည်းဆုံး မုန့်စားရင် တစ်ရှူးနဲ့သုတ်မယ်။ အဲဒီ တစ်ရှူးကို ဘယ်မှာ ပစ်ရမလဲ။ ပစ်စရာနေရာ မရှိဘူး။ အဲတော့ ပြောချင်တာက ရန်ကုန်မြို့မှာ အမှိုက်ပစ်ချင်သူတွေ အတွက် လုံလောက်တဲ့အမှိုက်ပုံး မရှိဘူးဖြစ်နေတာ။ ဖြစ်သင့်တာက ဓာတ်တိုင်တတိုင်တိုင်း၊ တတိုင်တိုင်းမှာ အမှိုက်ပုံးရှိသင့်တယ်။ ပြီးတော့ အဲဒီအမှိုက်ပုံးတွေဟာ ပစ်ချင် စိတ်ပေါက်အောင် သန့်ရှင်း တောက်ပြောင်နေရလိမ့်မယ်။ နောက်ပြီး အဲဒီအမှိုက်ပုံးကို အမှိုက်ပစ်တဲ့ အခါမှာလည်း အမှိုက်ပုံးကို အမှိုက် လွယ်လွယ်ကူကူ ထုတ်သွားလို့ ရအောင် ပလပ်စတစ်နဲ့ လုပ်ပေးထားသင့်တယ်။ အမှိုက်ပုံးထဲကိုပဲ ဒီတိုင်း အမှိုက်တွေ ပစ်ထည့်ရင်၊ အဲဒီ အမှိုက်ပုံးကြီးက ညစ်ပစ်စုတ်ပြတ်ပြီးတော့ နောက်လူတွေ မကိုင်ချင် အောင် လုပ်ထားရင်တော့ လူတွေကတော့ အမှိုက်ပစ်မှာ မဟုတ်ဘူး။ အဲတော့ အမှိုက်ကို ပစ်ချင်စိတ်ပေါက်အောင် အမှိုက်ပုံးလေးတွေကို ကောင်းကောင်းမွန်မွန် လုပ် ပေးထားသင့်တယ်။ ဓာတ်တိုင် တတိုင်တိုင်း၊ တတိုင်တိုင်းမှာလည်း ဒီအမှိုက်ပုံးတွေ ရှိနေသင့်တယ်။”

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်မြို့နယ် ၃၃ ခုမှာ အမှိုက်သိမ်းကား ၃၀၀ ကျော်ရှိပြီး၊ အဲဒီ အထဲမှာမှ အမှိုက်သိမ်းကားစစ်စစ်က ၁၀၀ ကျော်နဲ့၊ မြို့နယ်အ လိုက် အမှိုက်ပုံက ၄,၃၀၀ ကျော်၊ အမှိုက်ကန် ၂၇၆ ကန်ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ရဲ့စာရင်းတွေအရသိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013