
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျိုးဗီဇအရောင်ချို့ယွင်းမှုကြောင့် ဖြူဖွေးနေတဲ့ ကျွဲကလေး ဒေါ်နယ်ထရမ့်ပ် ဟာ အခုအခါ တိရစ္ဆာန်ရုံမှာ ပန်ကာ၊ ဖျာ၊ ခြင်ထောင်တွေနဲ့ ဇိမ်ကျနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ခေါင်းပေါ်က ဆံပင်ရွှေရောင် အမွေးအစုအဝေးလေးကြောင့် အမေရိကန်သမ္မတနဲ့ တူတယ်ဆိုပြီး ဒေါ်နယ်ထရမ့်ပ်လို့ နာမည်ပြောင်ပေးခံထားရတဲ့ ဒီကျွဲကလေးဟာ ပြီးခဲ့တဲ့လက အွန်လိုင်းမှာ နာမည်ကြီးသွားပါတယ်။
ပွဲတော်နေ့မှာ သတ်ဖို့ စီစဉ်ခဲ့ပေမဲ့ အာဏာပိုင်တွေက ကြားဝင်ကယ်ဆယ်ခဲ့ပြီး ဒါကာမြို့က တိရစ္ဆာန်ရုံကို ပို့ဆောင်ခဲ့ပါတယ်။
ကျွဲကလေးဟာ ဧကဝက်ကျော်ကျယ်ဝန်းတဲ့ ခြံဝင်းထဲမှာ အဆင်ပြေပြေ နေနေရတယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ထိန်းတွေက ကျွဲကလေးအတွက် ရေ၊ ပန်ကာ၊ ဖျာနဲ့ ခြင်ထောင်တွေကအစ အနီးကပ် ပြုစုပေးထားပါတယ်။
လာကြည့်တဲ့သူတွေကတော့ ဒီကျွဲကလေးဟာ တိရစ္ဆာန်ရုံထဲက တခြားအကောင်တွေထက်စာရင် "တကယ့်သမ္မတ တဦးလို" ဇိမ်ကျကျ နေထိုင်နေရတယ်လို့ နောက်ပြောင်ခဲ့ကြပါတယ်။
Source: Reuters










