DVB Logo
Home
မြန်မာသတင်း
တပ်မတော်ငြိမ်းချမ်းရေး မူ ၆ ချက်ကို ရုပ်သိမ်းပေးရန် ၉၀ အမတ်များ တောင်းဆို
DVB
·
May 27, 2016
တပ်မတော်ငြိမ်းချမ်းရေး မူ ၆ ချက်ကို ရုပ်သိမ်းပေးရန် ၉၀ အမတ်များ တောင်းဆို
1 / 3
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့  ကာကွယ်ရေးဦးစီးချုပ်က ချမှတ်ထားတဲ့ မူ ၆ ချက်ကို ရုပ်သိမ်းပေးဖို့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ယုဒသန်ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့   ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်  ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ၂၆  နှစ်ပြည့်အခမ်းအနားမှာ တောင်းဆိုလိုက်တာဖြစ်ပါ တယ်။

၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ရှိတဲ့အတွက် သူတို့လက်မခံတဲ့အပြင်  ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူကလည်း ငြိမ်းချမ်းရေးအတွက် လက်မခံနိုင်စရာတွေဖြစ်လို့ ပယ်ဖျက်ဖို့ တောင်းဆိုတာလို့  ၁၉၉၀ ရွေးကောက်ခံအမတ် ဦးနိုင်းနိုင်းက ဒီဗွီဘီကိုပြောပါတယ်။

“ဦးတို့ဟာ ယူအန်အေဆိုတဲ့အဖွဲ့နဲ့ မဟာမိတ်အဖွဲ့ရှိတယ်လေ။ ယူအန်အေက တိုင်းရင်းသားစုများနဲ့ ဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့အဲဒါ သူတို့ သဘောမတူတော့ ဦးတို့လည်းသဘောမတူဘူး။ လေ့လာကြည့်တဲ့အခါမှာလည်း ဒီအချက်က ငြိမ်းချမ်းရေး အတွက်ကို သေချာမသွားနိုင်ဘူးလေ။ ဒီအချက်တွေကို အခိုင်အမာကိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးကို ဆွေးနွေးမယ့်လူတွေက ဒီအချက် ၆ ချက်ဟာ အဓိက အခြေခံ ဥပဒေကိစ္စလည်းပါတယ်ဗျာ။ဆိုတော့ လက်မခံနိုင်စရာတွေရှိတယ်။ လက်နက်ကိုင်အဖွဲ့တွေ လက်မခံချင်စရာရှိတယ်။ ဆိုတော့ အဲဒါကို ဖျက်ပြီးတော့မှ အချက်အသစ်တွေ ပြန်ပြီးဆွေးနွေးဖို့ လိုလိမ့်မယ်လို့ထင်တယ်လေ။”

ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူ ၆ ချက်ကတော့ ထာဝရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်များတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘော တူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်ရန်၊ နိုင်ငံတော်ကထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် နဲ့ ဒို့တာဝန်အရေးသုံးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါဆောင်ရွက်ရန် စတဲ့အချက်တွေဖြစ်ပါတယ်။

တိုင်းရင်းသားတွေဘက်ကတော့ နောက်ဆုံးအချက်နဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေရှိနေပြီး တချို့အဖွဲ့တွေကတော့ ဒီအချက်အပေါ် လက်မခံနိုင်သလို ဒီမူတွေအားဖြင့်လည်း ငြိမ်းချမ်းရေး တည်ဆောက်မှုကို အဟန့်အတားဖြစ်လိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အထိမ်းအမှတ်အခမ်းအနားမှာ အရင်  န၀တ-နအဖ စစ်အစိုးရအုပ်ချုပ်စဉ်ကာလက ပြည်သူတွေအပေါ် ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ၀န်ချတောင်းပန်ဖို့နဲ့ သိမ်းဆည်းလယ်မြေတွေအားလုံးပိုင်ရှင်ကို ပြန်ပေးပြီး တောင်သူလယ်သမားတွေအပေါ် ဥပဒေမဲ့ ကျူးလွန်ခဲ့သူတွေကို အရေးယူပေးဖို့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က တောင်းဆိုပါတယ်။

မြစ်ဆုံစီမံကိန်းဖျက်သိမ်းပေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပြီး အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်၊ စီတန်းလှည့်လည်ခွင့် ထိခိုက်စေတဲ့ ဥပဒေတွေဖျက်သိမ်းပေးဖို့ စတာတွေလည်း တောင်းဆိုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်း ပြင်ဆင်ဖို့ မဖြစ်နိုင်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲမယ့် ကော်မတီတရပ်ကို ၁၉၉၀ အမတ်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းဖို့လည်း ၁၉၉၀ အမတ်ဟောင်းတွေက ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်း ဖော်ထုတ်ရေးကော်မတီတွေ ဖွဲ့စည်းသွားဖို့နဲ့ တောင်သူ လယ်သမားအရေး အလုပ်သမားအခွင့်ရေးတွေ ဆောင်ရွက်သွားဖို့လည်း (အမ်ပီယူ) အဖွဲ့က ဆုံးဖြတ်ထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး စောမောင်ခေါင်းဆောင်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အာဏာသိမ်းစစ်အစိုးရက ၁၉၉၀ ပြည့်နှစ်မေလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမယ့် မဲအများစုနဲ့ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီအချိန်က အနိုင်ရတဲ့ပါတီ၊ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်၊ ဖမ်းဆီး၊ ထောင်ချခံခဲ့ရပြီး တချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီကနေ့ ရန်ကုန်မှာကျင်းပတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂၆ နှစ်ပြည့် အခမ်းအနားကိုတော့  ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအ၀င် ကျောင်းသားပြည်သူ ရာချီ တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ - ပိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013