DVB Logo
Home
မြန်မာသတင်း
သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းရုပ်ရှင် ဘန်ကောက်တွင်ပြသ (ရုပ်သံ)
DVB
·
May 28, 2016
သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းရုပ်ရှင် ဘန်ကောက်တွင်ပြသ (ရုပ်သံ)
Donate to DVB

တော်လှန်ရေးကောင်စီစစ်အစိုးရလက်ထက်မှာ ဖမ်းဆီးခံရပြီး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရတဲ့ သီပေါစော်ဘွား စ၀်ကြာဆိုင်အကြောင်းကို သြစတြီးလျားနိုင်ငံ ဒေါဖလင်မ်ကုမ္ပဏီမှ Twilight Over Burma ဆိုတဲ့အမည်နဲ့ ရုပ်ရှင်အဖြစ် ရိုက်ကူးထုတ်လုပ်ပြီး မေ ၂၆ ရက်နေ့ ညက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြသသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ သြစတြီးယားသံရုံးနဲ့ ဘန်ကောက်မြို့တော် ယဉ်ကျေးမှုအနုပညာဌာနတို့ ပူးပေါင်းပြီး ထိုင်းအမျိုးသားယဉ်ကျေးမှု အနုပညာဗဟိုဌာန အထပ် ၅ မှာ အခမဲ့ ပြသခဲ့တာလို့ မဒီ ချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို သြစတြီးယားနိုင်ငံမှာ ပြသခဲ့ပြီးဖြစ်ကြောင်း၊  ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း အတော်များများကို ထိုင်းနိုင်ငံ လမ်းပန်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင် စတဲ့ ခရိုင် ၃ ခုမှာ ထိုင်းနိုင်ငံကလူတွေနဲ့ ရိုက်ကူးခဲ့ရတာ ဖြစ်တဲ့အတွက် အထူးအနေနဲ့ ဒီမှာ လာရောက်ပြ သကာ ရှေ့ဆက်လည်း ထိုင်းနိုင်ငံရှိ ရုပ်ရှင်ရုံတွေမှာ ပြသနိုင်ဖို့ မျှော်လင့်ကြောင်း ဇာတ်ကား ထုတ်လုပ်သူ မစ္စတာ အဲဖရက်ဒ် ဒွဲခ်ျ က  ရုပ်ရှင်မပြခင် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

သီပေါစော်ဘွား စ၀်ကြာဆိုင်အဖြစ် သရုပ်ဆောင်သူ ထိုင်းရုပ်ရှင်မင်းသား ဒါဝီရစ် ချုလာဆာ ခေါ် ဒီကျေပေ့ ကလည်း ဒီဇာတ်ကားကို လာရောက်ကြည့်ရှု အားပေးသူများပြားတဲ့အတွက် အားရ၀မ်းသာကြောင်း၊ ဒီရုပ်ရှင်ဟာ တကယ့်အဖြစ်အပျက်ကို သီပေါစော်ဘွားကြင်ယာတော် အင်ဂါ ဆားဂျင့်က ၀တ္ထုစာအုပ်အဖြစ် ပြန်ရေးထားတဲ့အတွက် အနှစ်သာရ ပျက်ပြယ်မှုမရှိအောင် အတတ်နိုင်ဆုံးကြိုးစား သရုပ်ဆောင်ခဲ့ကြောင်း ပြောသွားပါတယ်။

စော်ဘွားမဟာဒေ၀ီအဖြစ် သရုပ်ဆောင်သူ သြစတြီးလျားရုပ်ရှင်မင်းသမီး မာရီယာ အဲရစ်ကလည်း သူ့အနေနဲ့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရခြင်းအားဖြင့် အတွေ့အကြုံသစ်တွေ အများကြီးရခဲ့ကြောင်း၊ မသွားဖူးတဲ့နေရာ ထိုင်းနိုင်ငံ၊  မြန်မာနိုင်ငံတွေကို ရောက်ဖူးခဲ့ရသလို ဒီနိုင်ငံတွေက ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာတွေ လေ့လာသိရှိခွင့်ရတယ်လို့ ပြောပါတယ်။

မနေ့က ပြသတဲ့ပွဲမှာ ကြည့်ရှုသူပေါင်း ၂၀၀ ကျော်ရှိပြီး ဒီကားကို ကြည့်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကြောင်း ပရိသတ်တဦးဖြစ်တဲ့ နန်းခမ်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကားက ကျမတို့ ချစ်တဲ့စော်ဘွားကြီးအကြောင်း၊ ရှမ်းအသိုင်းအ၀ိုင်းမှာလည်း နာမည်ကြီးတော့ တအားကြည့်ချင်တယ်၊ တနေ့မမျှော်လင့်ဘဲ ဖေ့စ်ဘွတ်ခ်ထဲကနေ ကြော်ငြာ တာတွေ့တော့ သူတို့ပြောတဲ့အတိုင်း သြစတြီးယားသံရုံးကို အီးမေးလ်ကြိုပို့ထားရတာ ၃ ခါတောင်ပို့တယ်၊ စာမပြန်ဘူး၊ အဲဒါနဲ့ လူကိုယ်တိုင်သံရုံးကို လိုက်မေးတာ ရုံမှာသွားစောင့်ခိုင်း တယ်၊ ဟိုရောက်တော့ ထိုင်ခုံလွတ်ရှိမှပေးဝင်တာ၊ တညနေလုံးသွားစောင့်တာ ည ၇ နာရီလောက်မှပဲ ကြည့်ရတော့တယ်။ ဒါပေမယ့် စောင့်ရတာ တန်ပါတယ်၊  အဓိကသရုပ်ဆောင်တွေကို အပြင်မှာမြင်ဖူးသွားတယ်၊ ဓာတ်ပုံတွေဘာတွေ တွဲရိုက်ရတယ်၊ သရုပ်ဆောင် အတော်ပီပြင်လို့ မျက်ရည်ကျပြီး ပြန်ခဲ့ရတယ်။”

မြန်မာပြည်က ပရိသတ်တွေလည်း မကြာခင် ဒီရုပ်ရှင်ကားကို ရှုစားရတော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ စီစဉ်မှုနဲ့ Twilight Over Burma ရုပ်ရှင်ကို လာမယ့် ဇွန်လ ၁၄ ရက်မှ ၁၉ ရက်နေ့တွေအတွင်း နေပြည်တော်၊  ရန်ကုန်မြို့ ဂျန်းရှင်းစကွဲယား၊ ဂျန်းရှင်းမော်တင် စတဲ့နေရာတွေမှာ ပြသသွားမယ်လို့ Human Rights Human Dignity International Film Festival    ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

သီပေါစော်ဘွား စ၀်ကြာဆိုင်ဟာ အမေရိကန်နိုင်ငံ  ကိုလိုရာဒိုတက္ကသိုလ်မှာ ပညာတော် သင်ကြားရင်း သြစတြီးယားသူနဲ့ မေတ္တာမျှခဲ့ပါတယ်။ သူ့ကို အရပ်သားအထင်နဲ့ ချစ်ကြိုက်ခဲ့ပြီး မြန်မာပြည်ရောက်မှ စော်ဘွားသားဖြစ်မှန်း တအံ့တသြသိခဲ့ရသလို ပြည်သူ့ဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့တဲ့အကြောင်း၊  စော်ဘွားကြီးဟာ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ဖမ်းဆီးခံရပြီး ထောင်ထဲမှာပဲ သေမှန်းမသိ ရှင်မှန်းမသိ သတင်းအစအနမရဘဲ ပျောက်ဆုံးသွားခဲ့ တဲ့အကြောင်း၊ သူမဟာ သမီးတော် ၂ ပါးနဲ့ မြန်မာပြည်က ထွက်ခွာလာခဲ့ရတဲ့အကြောင်းတွေကို စော်ဘွားရဲ့ မဟာဒေ၀ီ အင်ဂါဆားဂျင့်က Twilight Over Burma: My Life as a Shan Princess ဆိုတဲ့   စာအုပ်အဖြစ်ရေး သားထုတ်ဝေခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013