DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်းများ ရပ်ဆိုင်းပေးရန် တောင်းဆို
DVB
·
May 27, 2016
ရှမ်းပြည်နယ် နမ္မတူမြစ်ပေါ်ရှိ ရေကာတာစီမံကိန်းများ ရပ်ဆိုင်းပေးရန် တောင်းဆို
1 / 5
Donate to DVB

ရှမ်းပြည်နယ် နမ္မတူမြစ် ခေါ် မြစ်ငယ်မြစ်ပေါ်မှာ နော်ဝေနိုင်ငံ SN Power ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မယ့် အလယ်ရဲရွာ ရေကာတာစီမံကိန်းအပါအ၀င် အထက်ရဲရွာ၊ အလယ်ရဲရွာ၊ အောက်ရဲရွာရှိ ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

လျှပ်စစ်ဓာတ်အား မီဂ္ဂါဝပ် ၇၀၀ ထွက်ရှိမယ့် ရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး SN Power ကုမ္ပဏီဟာ ဒေသခံတွေရဲ့ သဘောထားကို ရယူခြင်းမရှိဘဲ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံရမှာကို စိုးရိမ်ပူပန်ပြီး စီမံကိန်းရပ်ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တကွ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကိုပါ မေ ၂၆ ရက်စွဲနဲ့ တောင်းဆိုစာပေးပို့ခဲ့တယ်လို့ ရှမ်းတောင်သူလယ်သမားကွန်ရက်အဖွဲ့ ပြောခွင့်ရ စိုင်းထမ်း အိုက်က ဒီဗွီဘီ ကို ပြောပါတယ်။

“အရင်အစိုးရလျှပ်စစ်ဝန်ကြီးဌာနနဲ့ စာချုပ်ထားတဲ့ နော်ဝေက SN Power ကုမ္ပဏီဟာ စီမံကိန်း ဆက်လုပ်မယ်လို့ ကျနော်တို့သိရတယ်။  မြန်မာ့တပ်မတော်က အဲဒီစီမံကိန်း လုံခြုံရေးအတွက် စစ်တပ်အင်အားတွေ အများကြီး ရှမ်းပြည်ကို ပို့ဆောင်လာတယ်။ အဲဒီအခါမှာ ဒေသထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ အားလုံး သိတဲ့အတိုင်း ရွာသားတွေ ထောင်ချီပြီးထွက်ပြေးနေရပါတယ်။ ရေကာတာဆောက်တော့ သဘာဝပတ်ဝန်းကျင်ဂေဟာထိန်းစနစ်ပျက်စီးယိုယွင်းပြီး ရေလွှမ်းမှုတွေ ဖြစ်လာပါတယ်။ အခု ဆိုရင် အောက်ရဲရွာရေကာတာစီမံကိန်းပြီးသွားပြီ၊ နမ္မတူမြစ်ဟာ မကြုံစဖူးရေကြီးရေလျှံမှုတွေ ဖြစ်လာတယ်။ နမ္မတူမြစ်နဲ့ တကြောတည်းဖြစ်တဲ့ နမ့်ပေါ့ရေလျှံလို့ သီပေါမြို့နယ်မှာလည်း ရေကြီးတဲ့ဒဏ်ကို ခံရပါတယ်။ ရေကာတာ ၄ ခုလုံးတည်ဆောက်ပြီးရင် အခြေအနေတွေ ပိုဆိုးရွားနိုင်လို့ စီမံကိန်းတွေ ရပ်ပေးဖို့ တောင်းဆိုရတာ။”

နမ္မတူမြစ်ပေါ်မှ ရေကာတာစီမံကိန်းတွေ ရပ်ဆိုင်းဖို့ ရှမ်းတောင်သူလယ်သမားအဖွဲ့၊ ရှမ်းသဘာ၀၀န်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်စတဲ့  လူမှုအခြေပြုအဖွဲ့တွေကလည်း ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း တောင်းဆိုဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီအစိုးရအဖွဲ့ စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ သဘောထားကိုသိရဖို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြည်တွင်းပြည်ပဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာနခွဲ ( လျှပ်စစ် ) မှ လက်ထောက်အတွင်းဝန် ဦးစန်းယုက သူတို့အနေနဲ့ တောင်းဆိုစာ လက်ခံ ရရှိခြင်း မရှိသေးတာကြောင့် ဖြေကြားလို့ မရကြောင်း ပြောပါတယ်။

ဓာတ်ပုံ - shan farmer

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013