DVB Logo
Home
Lead Story
ဒီမိုကရေစီသူရဲကောင်းများနှင့် မဝင်းမော်ဦးကို အမျှဝေကြရအောင်
DVB
·
May 27, 2016
ဒီမိုကရေစီသူရဲကောင်းများနှင့် မဝင်းမော်ဦးကို အမျှဝေကြရအောင်
Donate to DVB

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် စစ်တပ်က သေနတ်ဖြင့်ပစ်၍ သေဆုံးသွားသော မဝင်းမော်ဦးအကြောင်းမှာ သူရဲကောင်းပုံပြင်တပုဒ်သဖွယ် ဒီမိုကရေစီ လှုပ်ရှားတက်ကြွသူများကြားတွင် ပြောစမှတ်ပြုခဲ့သည်။ ပြည်သူလူထု၏ ရင်ထဲတွင် အမှတ်ရနေခဲ့သော ဒီမိုကရေစီ ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့သည်။ အမှန်တကယ်ဖြစ်ရပ်၊ အမှန်တကယ်မှာကြားချက်နှင့် သမိုင်းတွင် ဘယ်တော့မှ မေ့ပျောက်မသွားအောင် ကျောက်စာကမ္ပည်း ထိုးထားသင့်သည့် သွေးဖြင့်ရေးသော ဒီမိုကရေစီမှတ်တမ်းလည်း ဖြစ်ပေသည်။

“ဒီမိုကရေစီရမှ အမျှဝေပါ” ဟု မဝင်းမော်ဦးက သေနတ်ဒဏ်ရာဖြင့် သူမကို ပွေ့ချီသူများကို မှတ်မှတ်ရရ မှာကြားသွားသည်။ ၁၉၈၈ မှနေ ယခု ၂ဝ၁၆ ခုနှစ် ရှိပေပြီ။ နှစ်ပေါင်း ၂၈ နှစ်ကြာ အမျှမဝေနိုင်ဘဲ သူမ၏ အမှာစကားကို မိဘများက စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေခဲ့ကြ၏။ ဒီမိုကရေစီ သူရဲကောင်းတယောက်၏ မှာတမ်းအတိုင်း ဒီမိုကရေစီရသည်အထိ စောင့်ဆိုင်းနေရခြင်းလည်း ဖြစ်၏။ ကိုလိုနီတံပိုးအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီး ဗြိတိသျှနယ်ချဲ့တို့ကို တိုက်ပွဲဝင်ခဲ့သော သူရဲကောင်းတို့တုန်းကလည်း ထိုကဲ့သို့ မှာတမ်းများ  စတင်ခဲ့ပါသည်။ ဗြိတိသျှတို့၏ နယ်ချဲ့မှုအောက်၊ ဖက်ဆစ်ဂျပန်တို့၏ ဖက်ဆစ်စနစ်အောက်၊ နောက် ဗြိတိသျှနယ်ချဲ့ သမားတို့ ပြန်လည်ဝင်ရောက်လာပြီး ကိုလိုနီတံပိုးအောက်တွင် ရောက်ရှိနေစဉ် တလျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေးလွတ်လပ်ရေး သူရဲကောင်းများသည် တိုက်ပွဲများတွင် အသက်ပေး၍ စွန့်စားသွားခဲ့ကြသည်။ ထိုအခါတိုက်ပွဲတွင် သေနတ်မှန်ပြီး ကျဆုံးခါနီးအချိန်၌ “လွတ်လပ်မှ အမျှဝေပါ” ဟု ကျန်ရစ်သော ရဲဘော်ကို မှာကြားသွားခဲ့သည့် ရင်နင့်စရာ မမေ့နိုင်စရာမှာတမ်းများ ရှိခဲ့ဖူးသည်။ ထိုရဲဘော်များအတွက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးမှသာလျှင် ကျန်ရဲဘော်များနှင့် ဇနီးမိဘသားသမီးများက အမျှအတန်းဝေ၍ သူတို့တစ်တွေ လွတ်လွတ်ကျွတ်ကျွတ် ကောင်းရာဘုံဌာနသို့ ရောက်ကြပါစေဟု အမျှပေးဝေခဲ့ကြ ပါသည်။

မဝင်းမော်ဦး၏မိဘများက ယခုရက်ပိုင်းမှာပဲ  အမျှဝေပေးလိုက်ပါပြီ။  မဝင်းမော်ဦး မှာကြားခဲ့သော “ဒီမိုကရေစီရမှ အမျှဝေပါ” ဆိုသည့် မှာတမ်းအရ ယခုဒီမိုကရေစီကောရပြီလား။ ဆိုလိုသည်မှာ မြန်မာတနိုင်ငံလုံး လွတ်လွတ်ကျွတ်ကျွတ်နှင့် ဒီမိုကရေစီ အပြည့်အဝရသော အချိန်ကာလသို့ ရောက်ပါပြီလားဟု စောကြောဖို့ အချိန်ရောက်လာပေပြီ။ ၂ဝ၁၅ နိုဝင်ဘာက မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပကြရသည်။ စစ်ဗိုလ်ချုပ်များ ရေးဆွဲခဲ့သော ၂ဝဝ၈ ဖွဲ့စည်းပုံအောက်တွင် ကျင်းပသော ရွေးကောက်ပွဲဖြစ်ကာ ထိုရွေးကောက် ပွဲကိုပင် ပြည်သူလူထုက ရသမျှအခွင့်အရေးကို ဆုပ်ကိုင်ပြီး၊ မိမိတို့ အားကိုးအားထားပြုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှည်းနေလှေအောင်းမြင်စောင်းမကျန် တစ်ခဲနက် မဲထည့်ခဲ့ကြ သည်။ ရွေးကောက်ပွဲသမိုင်းတွင် မကြုံဖူးလောက်သော ကြီးကျယ်ခမ်းနားသည့် မဲဆန္ဒပေးပွဲကြီး တနည်းပြောရလျှင် စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကို ဆက်လက် လက်မခံတော့ကြောင်း ဆန္ဒ ထုတ်ဖော်ပွဲကြီးဖြစ်သည်။ ထိုရွေးကောက်ပွဲကြီးသည် မယုံကြည်နိုင်လောက်အောင် လူထုဆန္ဒကို ထင်ဟပ်ပြလိုက်သလို စစ်အုပ်စုတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားစေသည့် လူထု၏ သဘောထားလည်း ဖြစ်သည်။ သို့သော် စစ်အုပ်စုသည် နောက်ဆုံးရသမျှ ကောက်ရိုးမျှင်ကိုပင် တွယ်ဖက်ကာ ပြည်သူလူထု၏ဆန္ဒကို အပြည့်အဝလိုက်လျောခြင်း မရှိသေးပေ။  ပြည်သူလူထုက စစ်အုပ်ချုပ်မှုကို မလိုလားတော့ကြောင်း စစ်တစ်ပိုင်းအစိုးရကိုလည်း မလိုလားတော့ကြောင်း စစ်ယူနီဖောင်း စစ်အဝတ်အစားများဖြင့် မိမိတို့ကို အမိန့်ပေးခြင်း၊ လွတ်လပ်မှုများကို ထိန်းချုပ်ခြင်း မိမိတို့အပေါ် အာဏာဖြင့် ဆက်ဆံခြင်းတို့ကို လက်မခံတော့ကြောင်း ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော်လိုက်သည့်တိုင် သူတို့၏ နောက်ဆုံးမျှော်လင့်ချက် ၂ဝဝ၈ ဖွဲ့စည်းပုံဖြင့် နိုင်ငံရေးတွင် စစ်တပ်က ဝင်စွက်ဖက်ကာ စစ်တပ်၏နေရာသည် ပြည်သူလူထုအပေါ် လွှမ်းမိုးထားရေးနှင့် စီးပွားရေးအရလည်း စစ်တပ်တွင် လုပ်ပိုင်ခွင့် ရှိသေးကြောင်း ဆက်လက်ပြသနေခဲ့ပြန်ပါသည်။ ရွေးကောက်ပွဲတွင် အရပ်သား အစိုးရစစ်စစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရကာ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိသော်လည်း စစ်တပ်က ထိုအခွင့်အရေးကို အပြည့်အဝ မပေးခဲ့ပေ။ ထို့ကြောင့် ယခုလို အပြောင်းအလဲတစ်ခု ဖြစ်လာပြီး နှစ်ပေါင်း ၅ဝကျော် အတွင်း ပထမဆုံး အရပ်သားအစိုးရ အုပ်ချုပ်ခွင့်ရသည့်တိုင် ဒီမိုကရေစီကား အပြည့်အဝ ရခဲ့ပါပြီလား။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ဖွဲ့နိုင်ပြီ။ သို့သော် လုံးဝအစိုးရအဖွဲ့မျိုးမဟုတ်သလို လုံးဝ ဒီမိုကရေစီကျသော အစိုးရအဖွဲ့မျိုးလည်း ဖြစ်မလာသေးပေ။ နိုင်ငံတော် အုပ်ချုပ်ရေးတွင် အရေးပါ ဆုံးသော အာဏာအရှိဆုံးသော ဝန်ကြီးဌာနများကို စစ်တပ်က စစ်ဦးစီးချုပ်၏ အမိန့်အတိုင်း ဆက်လက်၍ ရယူထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးမှာ စစ်ဦးစီးချုပ် ခန့်လိုက်သော ဒုတိယဗိုလ်ချုပ်ကြီးဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီးမှာ ထိုအတိုင်းပင်။ နယ်စပ်ဒေသ၏ ဝန်ကြီးမှာ ဒုတိယဝန်ကြီးချုပ်စစ်ဦးစီးချုပ် ခန့်လိုက်သူဖြစ်သည်။ ဒုတိယသမ္မတ တဦးမှာလည်း စစ်ဦးစီးချုပ်က တာဝန်ပေးလိုက်သော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပြန်သည်။

ထို့အပြင် ဒီမိုကရေစီအစစ်လား၊ အတုလားဆိုသည်ကို လက်တွေ့ပြရမည်ဆိုပါက ဒီမိုကရေစီအပြည့်အဝရှိရမည့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ထိုလွှတ်တော် နှစ်ရပ်ပေါင်းထားသော ပြည်ထောင်စုလွတ်တော်တို့တွင် လူထုကမဲဆန္ဒပေးပြီး ရွေးချယ် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ချည်းပင် မဟုတ်ပေ။ လွှတ်တော်ထဲတွင် ကိုယ်စားလှယ် ၁ဝဝ ရှိပါက ၇၅ ရာခိုင်နှုန်းသာ လူထုကမဲဆန္ဒပေးပြီး ရွေးချယ်လိုက်သည့် အမတ်များဖြစ်ကာ ကျန် ၂၅ ရာခိုင်နှုန်းမှာမူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခေါင်းခေါက် ရွေးပြီး လွှတ်တော်ထဲပို့လိုက်သည့် ဒီမိုကရေစီမကျသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေ သည်။ ထို့ကြောင့် ယနေ့မြန်မာနိုင်ငံ၏ လွှတ်တော်မှာ ဒီမိုကရေစီသုံးမတ်သားရှိပြီး၊ ဒီမိုကရေစီ မရှိ သည်က တစ်မတ်သား ဖြစ်နေပါသည်။ ထိုအချက်ကို ကြည့်လျှင်ပင် ဒီမိုကရေစီ အပြည့်အဝ မရသေးကြောင်း ရှင်းနေပေပြီ။ နောက်ထပ် ထောက်ပြရလျှင် ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီ သော ဥပဒေများ စစ်တပ်လွှမ်းမိုးမှုများ ရှိနေသေးသည်။ ဥပမာ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီလိုမျိုး စစ်တပ်က လိုအပ်ရင် လိုအပ်သလို အာဏာသိမ်းပိုင်ခွင့် ရှိသည်ဆိုသလိုမျိုး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုလျှင် စစ်တပ်ထောက်ခံခွင့်ရှိမှသာ ပြင်ဆင်ခွင့် ရှိသည်ဆိုသလိုမျိုး ဥပဒေပုဒ်မများကို စစ်တပ်က သူတို့အကျိုးစီးပွားအတွက် တမင်ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထား ခဲ့သောကြောင့် ဒီမိုကရေစီအပြည့်အဝ မရှိသေးသော လွှတ်တော်ဟု ကမ္ဘာ့ဒီမိုကရေစီ စံနှုန်းများ ကို ဆန့်ကျင်ထားသော လွှတ်တော်စစ်တပ်စွက်ဖက်မှုနှင့် လွှမ်းမိုးမှု ရှိနေသေးသော လွှတ်တော်ဟု သတ်မှတ်လိုက်ရပါသည်။

သို့သော်လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ကနှင့် နှိုင်းစာလျှင် အချိုးအရ ဒီမိုကရေစီ ၄ ပုံ ၃ ပုံ ရလာပြီလား။ ဒီမိုကရေစီ တစ်ဝက်ရလာပြီလားဆိုသည်ကို အတိအကျ မပြောနိုင်သည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သမ္မတတာဝန်ယူ၊ ထိုသမ္မတက ဝန်ကြီးများကို ခန့်အပ်သော အစိုးရအဖွဲ့ကိုကား ဖန်တီးနိုင်ခဲ့ပေပြီ။ ပို၍ ဒီမိုကရေစီကျအောင် လုပ်ပြလိုက်သည်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်းဖြစ် လူထုခေါင်းဆောင်လည်းဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်တွင် တခဲနက်ထောက်ခံပြီး၊ အတည်ပြုလိုက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသော တာဝန်အကြီးဆုံးရာထူးတခု ဖြစ်ပါသည်။ သမ္မတ၏ အတိုင်ပင်ခံပုဂ္ဂိုလ်မဟုတ်ပဲ နိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ပိုင်ခွင့်ကို ရယူလိုက်ခြင်းအားဖြင့် ပြည်သူလူထု လက်ထဲတွင် ဒီမိုကရေစီ သုံးမတ်သားခန့်ရရှိနေပြီဟု သတ်မှတ်နိုင်ပေလိမ့်မည်။ ယခုကျဆုံးသွား သော ၈၈ သူရဲကောင်းမဝင်းမော်ဦးကို အမျှပေးလျှင် အမျှပေးနိုင်လောက်သည့် အခြေအနေမျိုးကား ရှိပါသည်။ အမျှပေးဝေပြီး သာဓုခေါ်ချင်ပါသည်။ အမျှပေးဝေပွဲကိုလည်း ထောက်ခံပါသည်။ သို့သော် ဒီမိုကရေစီအပြည့်အဝရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေတ်ကိုကား မရသေးကြောင်း တင်ပြလိုက်ရပါသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013