DVB Logo
Home
မြန်မာသတင်း
တိုင်ကြားမှုအများဆုံး ကျိုက်ထီးရိုးဂေါပကအဖွဲ့ကို ရက် ၁၀၀ အတွင်း ပြင်မည်
DVB
·
May 27, 2016
တိုင်ကြားမှုအများဆုံး ကျိုက်ထီးရိုးဂေါပကအဖွဲ့ကို ရက် ၁၀၀ အတွင်း ပြင်မည်
Donate to DVB

သာသနာရေးနှင့် ယဉ်ကျေးမှု ရက် ၁၀၀ စီမံကိန်းမှာ တိုင်ကြားစာ အများဆုံးဖြစ်တဲ့ ကျိုက်ထီးရိုးဂေါပကအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းမယ်လို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကို က ပြောဆိုလိုက်ပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက “တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်တဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်နဲ့ ပတ်သက်ရင်တော့ တိုင်စာအများဆုံးရတဲ့ ဂေါပကအဖွဲ့လည်း ဖြစ်ပါတယ်။ ဂေါပကအဖွဲ့ကနေ ဘုရားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ကန်ထရိုက်ရသွားတဲ့ သူတွေက စီးပွားရေး သိပ်ဆန်တာပဲတဲ့။ စီးပွားရေးဆန်တော့ ဘုရားဖူးတွေ မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်ရ တယ်ဆိုပြီးတာ့ မကြာသေးခင်က နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများကလည်း မိန့်ကြားပါတယ်။ အဲဒီကိစ္စကို ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီး ဂေါပကအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ တချို့သက်တမ်းလွန်တဲ့ ဂေါပကအဖွဲ့တွေကိုလည်း ရက် ၁၀၀ စီမံကိန်းအတွင်းမှာ သီလ၊ သိက္ခာ၊ သမာဓိပြည့်စုံတဲ့ လူကြီးသူမများနဲ့ တာဝန်လွှဲပြောင်း ဆောင်ရွက်သွားဖို့ရှိပါတယ်။”လို့ နိုင်ငံပိုင်မီဒီယာကို ပြောထားပါတယ်။

ဒါအပြင် ရက် ၁၀၀ စီမံချက်မှာ ရန်ကုန်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းလည်း ပါဝင်တယ်လို့ ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တာဝါလိန်းလမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ဇူလိုင် ၁၉ အာဇာနည်နေ့ မတိုင်မီ အထွေထွေပြင်ဆင်ထိန်းသိမ်းတဲ့ လုပ်ငန်းများ လုပ်ဆောင်သွားမှာဖြစ်ပြီး အခု လုပ်ငန်းစနေပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

သာသနာနဲ့ ယဉ်ကျေးမှုဌာနရဲ့ ရက် ၁၀၀ ပထမဦးစားပေးလုပ်ငန်းထဲမှာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် တင်သွင်းခြင်းနဲ့ ကမ္ဘာ့အမွေအနှစ်ရရှိခဲ့တဲ့ အထိမ်းအမှတ်လိုဂို စိုက်ထူခြင်း လုပ်ငန်းလည်း ပါဝင်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ မှတ်တမ်းအမွေ အနှစ်တွေကို ယူနက်စကိုရဲ့ ကြီးကြပ်မှုနဲ့ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အစီအစဉ် အကောင် အထည်ဖော်နေရာမှာ မြန်မာပြည်၊ မန္တလေးမှာရှိတဲ့ ကုသိုလ်တော်ကျောက်စာဟာ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး မှတ်တမ်းအမွေအနှစ် ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ပုဂံ ညောင်ဦးမြို့မှာရှိတဲ့ မြစေတီကျောက်စာလို့ခေါ်တဲ့ ရာဇကုမာရ် ကျောက်စာက ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ဖြစ်လာခဲ့ပါတယ်။

ဆက်လက်ပြီး ပုဂံညောင်ဦးမြို့မှာ ရှိတဲ့ရွှေစည်းခုံ ဘုရားကြီးရဲ့ ရင်ပြင်တော်က ဘုရင့်နောင် မင်းတရားကြီးလှူဒါန်းတဲ့ ဘာသာသုံးမျိုးနဲ့ ရေးထိုးထားတဲ့ ဘုရင့်နောင်ခေါင်းလောင်းကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ဖို့ လုပ်ဆောင်နေပါတယ်။

တခါ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာရှိတဲ့ မွေတော်ကက္ကူ ဒေသမှာ လေပြင်းမုန်တိုင်းတိုက်ခတ်လို့ ပျက်စီးသွားတဲ့ စေတီပုထိုးပေါင်း ၁၁၀၀ ကျော်ကို တနှစ်အတွင်းအပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013