DVB Logo
Home
Lead Story
ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး
DVB
·
May 26, 2016
ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး
Donate to DVB

မြန်မာဘုရင်လက်ထက်ကတည်းက မျိးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလည်း မဟုတ်တော့ပါ။ တံတားဦးက ကွမ်းနုဝါလည်း စာထဲသာသာ ရှိတော့တယ်။ ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိကြပေမယ့် မှားတာတွေ၊ ဝါးတာတွေကနေ ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ကွမ်းယာမှာ မပါမဖြစ်တဲ့ ကွမ်းရွက်က ဆေးဖြစ်ဝါးဖြစ် အသုံးကျတာကို ဆရာဝန်တွေ ကလည်း မငြင်းကြပါ။ ကွမ်းသီးနဲ့ ဆေးကိုတော့ သုတေသနတွေ တလှေကြီးလုပ်ပြီး တားဆီးတာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွမ်းစားတာရော ကွမ်းသီးဝါးတာပါ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ရှိတယ်။

Betel nut ကွမ်းသီးကို ရုက္ခဗေဒလို Areca catechu လို့ ခေါ်တယ်။ ဓာတုဗေဒလို ပြောရရင် (အရီကိုလင်း)၊ (ပိုင်လိုကာပင်း) နဲ့ (မတ်စကရင်း) ခေါ်တဲ့ (အယ်လ်ကာလွိုက်) ၃ မျိုး ပါတယ်။ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ သတ္တိရှိတယ်။ ၂ဝဝ၄ က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီ (ကွန်ဖရင့်) တခုမှာ ကွမ်းသီးကြောင့် တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်စေတယ်။ လူကို ကင်ဆာမဖြစ်မီအဆင့်ကို ဖြစ်စေတယ်လို့ စာတမ်းဖတ်ခဲ့တယ်။ Tobacco (Nicotiana genus) ဆေးကနေ Genetic mutations မျိုးဗီဇ ပြောင်းလဲမှု ဖြစ်စေနိုင်တယ်။ အဲလိုဖြစ်တာဟာ ကင်ဆာကို ဦးတည်စေပါတယ်။

ဆေးငုံတာကို Smokeless tobacco အငွေ့မထွက်တဲ့ ဆေးသုံးခြင်းလို့ ခေါ်ကြတယ်။ Smokeless, Not Harmless အငွေ့မပါပေမယ့် အန္တရာယ်မကင်းပါလို့ သတိပေးထားတယ်။ အကျင့်ကစွဲတယ်။ ဖြတ်ဖို့ မလွယ်တတ်ဘူး။ ခံတွင်းနံ့ မကောင်းဖြစ်တယ်။ တံတွေးများများလာလို့ ခဏခဏ ထွေးနေရမယ်။ ဖြူဖွေးနေရတဲ့ သွားတွေလည်း မည်းလာမယ်။ သွားကို ဘယ်လောက်တိုက်တိုက် ဖြူမလာလို့ သွားဆရာဝန်ဆီ ခဏခဏ သွားနေရလိမ့်မယ်။ သကြားဓာတ်တွေပါတာ မနည်းလို့ သွားအခေါင်း ဖြစ်နိုင်တယ်။ သွားပိုးစားမယ်။ သွားဖုံးရောဂါတွေ ဖြစ်နိုင်တယ်။ နှလုံးခုန်မြန်စေမယ်၊ သွေးတိုးတက်စေမယ်။ ကင်ဆာမဖြစ်ခင်အဆင့် ခံတွင်းရောဂါတွေ ဖြစ်လာစေနိုင်တယ်။ ခံတွင်းကင်ဆာတွေထဲမှာ လည်ချောင်း၊ ပါး၊ သွားဖုံး၊ နှုတ်ခမ်းတွေနဲ့ လျှာကင်ဆာတွေပါတယ်။ သရက်ရွက်ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေလည်း သုတေသနစာရင်းထဲမှာ နောက်နားက ပါသေးတယ်။

ယဉ်ကျေးမှုဘက်ကကြည့်ရင် ရိုင်းတယ်။ ဘောလုံးပွဲတွေကြည့်ရင်း ကိုယ်အားပေးတဲ့ အသင်းက ဘောလုံးသမားဖြစ်ဖြစ် တံတွေးထွေးတာကို မြင်ရရင်တော့ မကြည့်ချင်ဘူး။ တီဗွီ တင်ဆက်သူတွေက တင်းနစ်ကစားတဲ့ မိန်းကလေးတွေကို ကင်မရာရိုက်ချက်ကို ရွေးပြီးမှ ပြလေ့ရှိတာတော့ ယဉ်ကျေးပါတယ်။

အငွေ့မထွက်တဲ့ဆေးထဲမှာ (ကာစီနိုဂျင်) ကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓာတ်စုစုပေါင်း ၂၈ မျိုး ပါနေတယ်။ ဒါတွေထဲမှာ အဓိကပစ္စည်းက (နိုက်ထရိုဆမင်း) ဖြစ်တယ်။ ဆေးထဲမှာပါတဲ့ (နီကိုတင်း) ဓာတ်ဟာ စွဲစေတယ်။ ဒီဓာတ်ကို ခံတွင်းကနေ စုပ်ယူတာဟာ စီးကရက် သောက်တာထက်တော့ နှေးပေမယ့် သွေးထဲကို ၃ ဆကနေ ၄ ဆ ပိုဝင်တယ်။ သွေးထဲမှာလည်း ပိုပြီး ကြာကြာနေတယ်။ ပါးစောင်မှာ အဖြူကွက်ပေါ်တဲ့ (လူကိုပလီးကီးယား) ရောဂါ ရလာနိုင်တယ်။ ဒါမျိုးကနေ တချိန်မှာ ကင်ဆာကို ပြောင်းသွားနိုင်တယ်။

Gutkha (ဂူရခါး) ကွမ်းသီးခြောက်ထုပ်

ဆေးမပါဘဲ ကွမ်းသီးကို ပြုပြင်ထားတာကို အထုပ်ငယ်လေးတွေ အိန္ဒိယမှာ များလွန်းလို့ နှစ်ပြားတန်ကနေ ကင်ဆာ ဖြစ်စေမယ်လို့ သတိပေးကြတယ်။ ကွမ်းသီးကို ပြုပြင်နည်းတွေ အမျိုးမျိုးရှိတယ်။ အမွှေးနံ့တွေလည်း မတူကြဘူး။ လေးညှင်း၊ ဖာလာ စတာတွေအပြင် ချောကလက်နံ့ပါတာလည်း ရှိသေးတယ်။ ခံတွင်း ကင်ဆာဆိုတာ ဖြစ်လာဖို့ရာ ဆယ်နှစ်ကြာလို့ ကွမ်းသီးခြောက်ကို ၄-၅ နှစ် စားသုံးနေလို့ ဘာမှမဖြစ်ဘူး မထင်သင့်ပါ။ ဒါကြောင့် အိန္ဒိယမှာ ခံတွင်းကင်ဆာ အဖြစ်အများဆုံးပဲ။ ၂ဝဝ၈ ခုနှစ်တုန်းက အမေရိကားမှာ ၂ သောင်း ၃ ထောင်သာ ရှိခဲ့ပေမယ့် အိန္ဒိယမှာ ခံတွင်း ကင်ဆာ လူနာပေါင်း ၇ သောင်း ရှိခဲ့တယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီကနေ ထောက်ပြထားပါတယ်။ ဆေး-ဆေးလိပ်၊ အရက်၊ (ကေဖင်း) နောက်မှာ ကွမ်းသီးဟာ စတုတ္ထမြောက် အများဆုံး တလွဲသုံးနေကြတယ်။

(ကိုကာ-ကိုလာ) ထဲမှာ ဘာတွေကို ဘယ်လောက် အတိအကျထည့်ပြီး ဖျော်စပ်တယ်ဆိုတဲ့ (ကိုကာ-ကိုလာ) ဖော်မြူလာဟာ ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ (ဂူရခါး) ထဲမှာလည်း သူများမသိတာတွေ ပါနေတယ်။ ဥပမာ Jhee (ဂျီး) ဆိုတဲ့ အမျိုးအစားထဲမှာ ကွမ်းသီး ၇၅ ရာခိုင်နှုန်း၊ ဆေး ၁၂ ရာခိုင်နှုန်းနဲ့ သူများမသိတာ ၁၃ ရာခိုင်နှုန်း ပါတယ်လို့ ပိုင်ရှင်ကိုယ်တိုင်က ပြောတယ်။ ၂ဝဝ၈ တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လေ့လာမှုတခုအရ (ဂူရခါး) ထဲမှာ (ခရိုမီယမ်)၊ (နစ်ယ်လ်) နဲ့ (အာဆင်းနစ်) တွေ ပါတယ်။ ဒါတွေက ကင်ဆာကို ဖြစ်စေနိုင်တယ်။

ကွမ်းယာကို အထားခံအောင် စီမံထားတာတွေထဲမှာ မှိုမတက်အောင်၊ စားကောင်းအောင် ဓာတုဗေဒပစ္စည်း တခုခု ထည့်ထားရတာမို့ ကင်ဆာဖြစ်စေတဲ့ (ကာစီနိုဂျင်) တွေ ပိုပြီးပါတယ်။ ကမ္ဘာပေါ်မှာ ဆေးပါတဲ့ကွမ်းယာ စားသုံးတာ မြန်မာနိုင်ငံက ၅၁ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် လျှာဖြတ်မခံလိုလျှင် ကွမ်းယာမစားပါနှင့်ဆိုပြီး လျှာကင်ဆာအတွက် ကျန်းမာရေး သတိပေးချက်ရှိတယ်။

ကွမ်းယာစားသူတွေက ဆေးလိပ်သောက်တာ များတယ်။ တဆက်တည်း အရက်သောက်တာလည်း များတယ်။ ဆေးလိပ်နဲ့ ကွမ်းစားတာတွဲရင် ကင်ဆာဖြစ်နိုင်ချေ ၆ ဆလောက်ပိုများပြီး အရက်ပါတွဲရင် ၁၂၃ ဆ များသွားပါတယ်။ ဒီလို အလေ့အကျင့်မျိုးတွေဟာ ပတ်ဝန်းကျင်စေ့ဆော်မှု၊ သူငယ်ချင်းတွေ ဆွဲဆောင်မှု၊ အတုမြင် အတတ်သင်မှုဆိုတဲ့ အကြောင်းခံတွေကနေ အကျင့်ကူးစက်တယ်။ အခြေခံကတော့ စိတ်ပါပဲ။ သူ့ဘေးက နိုင်ငံရေး။

လူငယ်လူရွယ်တွေ ဒီအလေ့အကျင့် ပိုများလာတာက (မဆလ) ခေတ်မှာ ဖက်ရှင်တခုလို တဆင့်တက်လာခဲ့တယ်။ အဲဒီခေတ်တုန်းက အရာရာရှားပါးတဲ့အပြင် လူတွေကို မှိုင်းတိုက်ထားတယ်။ လွတ်လပ်ခွင့်တွေကို ချုပ်ကိုင်ထားခဲ့တယ်။ ဒီတော့ လူငယ်တွေက ထွက်ပေါက်ရှာကြရတယ်။ အခိုက်အတန့်လေးဖြစ်ဖြစ် ကိုယ်ပိုင်၊ ကိုယ်တိုင် လုပ်နိုင်တာတွေထဲမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်ကိုတွေ့တယ်။ အနှိပ်ခန်း၊ အပျော်ခန်းတွေဆိုတာ စစ်အုပ်ချုပ်မှုအောက်ရောက်မှ ပိုများလာတာပါ။ လွှတ်တော်အစိုးရခေတ်မှာတော့ မြို့ငယ်တွေမှာပါ ရှိလာတယ်။ အခုလို နည်းနည်းပါးပါးဖြစ်တော့ ပြောင်းလာတာတွေ ရှိလာချိန်မှာ လူငယ်တွေ ကိုယ်ပိုင်-ကိုယ်တိုင် လုပ်နိုင်လာတာလေးတွေ ရှိလာချိန်မယ် ဘာသာရေးနဲ့ ကိုက်ညီတာ၊ နိုင်ငံရေးနဲ့ လမ်းမှန်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုသာ ရွေးသင့်၊ ရှာသင့်ကြပါတယ်။

တခါတုန်းက အမေရိကန်ကျောင်းသားတွေ ထိုင်းနယ်စပ်ကို လေ့လာဖို့လာကြတယ်။ ၁၉၈၈ မှာ မြန်မာပြည်က ကျောင်းသားတွေ ဆန္ဒပြကြလို့ ထွက်ပြေးရပြီး မကြာခင်ကပေါ့။ မြန်မာပြည် နယ်စပ်လမ်းတွေပေါ်က နီနီရဲရဲအကွက်တွေ မြင်တော့ ဟာ့ ဒါ မြန်မာကျောင်းသားတွေရဲ့ သွေးလားလို့ မေးကြတယ်။ သွေးတော့သွေးပါ။ အမှန်က ရွှေဗမာတွေ ထွေးထားတဲ့ ကွမ်းသွေးတွေ ဖြစ်ပါတယ်။ မဖြစ်နိုင်တာကို မလုပ်ပါနဲ့လို့ အကြံပေးတာဟာ အချည်းအနှီးသာဖြစ်လို့ ဆေးနဲ့ ကွမ်းယာ ကျန်းမာအောင် စားတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013