DVB Logo
Home
မြန်မာသတင်း
ပေါက်တော ရဲတပ်ဖွဲ့က ရိုက်နှက်ထိုးကြိတ်သဖြင့် အရပ်သားတဦး ဆေးရုံတင်ရ
DVB
·
May 26, 2016
ပေါက်တော ရဲတပ်ဖွဲ့က ရိုက်နှက်ထိုးကြိတ်သဖြင့် အရပ်သားတဦး ဆေးရုံတင်ရ
Donate to DVB

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပိုက်သည်ရွာသားတဦးကို ရဲတပ်ဖွဲ့ဝင် ၄ ဦးက ရိုက်နှက်ထိုးကြိတ်ခဲ့တာကြောင့် ပေါက်တောမြို့ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။

ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်း ဗျိုင်းသစ်အုပ်စု ကြံခင်းပိုက်သည်ရွာမှာ လင်မယားချင်း စကားများ ရန်ဖြစ်ရာကနေ ဇနီးဖြစ်သူက မကျေနပ်လို့ င/ရဗ္ဗက်ချိုင် ကျေးရွာမှာ ယာယီစခန်းချထားတဲ့ ရဲကင်းကို သွားရောက်တိုင်ကြားခဲ့လို့ လာရောက် ဖမ်းဆီးခဲ့ရာကနေ ၀ိုင်းဝန်းထိုးကြိတ်ခဲ့မှု ဖြစ်ပွားခဲ့တာလို့  ဆိုပါတယ်။

''လင်းမယာအချင်းချင်း စကားများရန်ဖြစ်တာပါ။ ရန်ဖြစ်တာလည်း အရမ်းကြီးလည်း ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး။ ဒါကို မိန်းမဖြစ်သူက စိတ်ဆိုးပြီးအဲ့ဒီအနားမှာ တာဝန်ကျနေတဲ့ ရဲတွေကို သွားတိုင်တယ်။ ရဲတွေယောက်ျားဖြစ်သူကို လာဖမ်းတယ်။ ပြီးတော့ရဲတွေက ရိုက်နှက်တယ်။ ပြီးတော့ ပိုက်ဆံလည်း တောင်းသွားတယ်။ ကျောကုန်းတွေမှာရော၊ တင်ပါးမှာတွေမှာပါ ဒဏ်ရာတွေ အပြည့်ပဲ။ အခုကျမတို့ ပေါက်တောဆေးရုံကို ရောက်ပါတယ်။ ဆေးစာတွေလည်း ရထားပြီးပြီ” လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပေါက်တောမြို့ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ရဲအုပ်ထွန်းသာက “တပ်ကြပ်တယောက်ဦးစီးပြီးတော့ ရဲတပ်ဖွဲ့ဝင် ၄ ဦး င/ရဗ္ဗက်ချိုင် တာဝန်ချ ထားတယ်။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်ရှိနေတဲ့အခိုက်မှာ ကြမ်းခင်းရွာက အမျိုးသမီးတယောက် ရဲတပ်ဖွဲ့ဝင်တွေကို လာတိုင်ကြားတယ်လို့ ပြောတယ်။ သူ့ယောက်ျား အရက်သေစာ သောက်စား ပြီး ဆဲဆို ရိုက်နှက်နေတယ်။ အရေးယူပေးဖို့ လာရောက်တိုင်းကြားတာလို့ ပြောတယ်။ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာပေါ့လေ။ အဲ့ဒီအချိန် ကျနော်ရဲတပ်ဖွဲ့ လေးယောက်သွားပြီးတော့ အမျိုးသမီးရဲ့ ယောက်ျားကို ပြောပြကြတာပေါ့လေ။ ယောက်ျားဖြစ်သူက ပြောပြတာကို လက်မခံဘူး။ ရဲကိုဆဲဆိုပြီး စော်ကားတာပေါ့လေ။ အဲ့ဒီမှာ ရဲတွေဝိုင်းဖမ်းကြတယ်။ ဖမ်းလို့ မရဘူးသူက၊ ဖမ်းဖို့လုပ်ရင် ပြန်လည်ခုခံတယ်။ အတင်းအကျပ် ဖမ်းရတာပေါ့။ အဲ့လိုဖမ်းတဲ့ အခါမှာ ရဲတွေဘက်က သတ်ပုတ်ရိုက်တာပြုတာဖြစ်သွားတာပါ။ တုတ်နဲ့ရိုက်လို့ ကျောဘက်တွေ မှာ ညိုးမည်းဒဏ်ရာတွေ ရသွားပေါ့လေ”လို့ ပြောပါတယ်။

ဒဏ်ရာရသူမှာ ဦးအေးသိန်းချေ (အသက် ၃၇ နှစ်)ဖြစ်ပြီး ရိုက်နှက်ခဲ့တဲ့ ရဲ ၄ ဦးကို အရေးယူပေးဖို့ အရိုက်ခံရသူရဲ့ မိသားစုဝင်တွေက လာရောက်အမှုဖွင့်တိုင်ကြားထားတယ်လို့ ရဲအုပ်က ဆိုပါတယ်။

အဲ့ဒီရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို လောလောဆယ်စစ်ဆေးနေပြီး အမှုအပေါ်မှာ မှုတည်ပြီး အရေးသွားမှာဖြစ်ကာ ဒဏ်ရာရခဲ့သူရဲ့ အခြေအနေလည်း စိုးရိမ်စရာမရှိဘူးလို့ ရဲအုပ်က ပြောပါတယ်။

ရိုက်နှက်ခံရသူရဲ့ ဒဏ်ရာရမှုအခြေနေ သိရဖို့ ပေါက်တောမြို့ပြည်သူဆေးရုံကို ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိပါဘူး။
သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013