DVB Logo
Home
Lead Story
မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကို ပြောင်းလဲရမယ်- ကိုနေလင်းစိုး
DVB
·
May 25, 2016
မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကို ပြောင်းလဲရမယ်- ကိုနေလင်းစိုး
Donate to DVB

၂၀၁၆ ခုနှစ်အတွက် ‘ကမ္ဘာလုံးဆိုင်ရာ Charles T. Manatt Democracy Award ဆု’ ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှူဆောင်အရာရှိချုပ် ကိုနေလင်းစိုးက ရရှိခဲ့ပါ တယ်။
ကိုနေလင်းစိုးဟာ မသန်စွမ်းသူများအခွင့်အရေး၊ မသန်စွမ်း သူများအခွင့်အရေးဥပဒေပြဌာန်းရေး၊ အမျိုးသားပညာရေးဥပဒေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ရေးတွေအတွက် ပါဝင်လှုပ်ရှာခဲ့သလို ပြည်ပနိုင်ငံ ၁၄ နိုင်ငံကို သွားရောက်ပြီး မသန်စွမ်းလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
ကိုနေလင်းစိုးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။

ဒီဆုကို ဘယ်အဖွဲ့အစည်းကပေးတာလဲ၊ ဘယ်လိုဆုအမျိုးအစားလဲဆိုတာ ရှင်းပြပေးပါ။
“ဟုတ်ကဲ့ ဒီဆုက International Foundation for Electoral Systems ပေါ့။ ၀ါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့အဖွဲ့အစည်းကနေပြီးတော့ နှစ်စဉ်ပေးအပ်တဲ့ဆုပေါ့နော်။ ဒီဆုက တနှစ်ကို ကမ္ဘာတလွှားကနေပြီး နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေမှာ၊ အခွင့်အရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တဲ့ ခေါင်းဆောင်တွေကို တနှစ်ကို ၃ ယောက်နှုန်းနဲ့ ပေးနေတဲ့ ဆုအမျိုးအစားဖြစ်ပါတယ်။ ကျနော့်ကိုတော့ ဒီနှစ်မှာ သူတို့ပေးခဲ့တယ်လို့ အကြောင်းကြားလာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းပဲ တရားဝင်စာတစောင် သူတို့ဝါရှင်တန်ဒီစီရုံးကနေ ပို့လာပါတယ်။

ဘာကြောင့် ဒီဆုကို ချီးမြှင့်တာပါလဲ။
“ဒီနှစ်အတွက် ဆုကို ကျနော့်ကို ရွေးချယ်လိုက်တယ်ဆိုတဲ့အကြောင်းနဲ့ ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ မသန်စွမ်းတဲ့လူတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင် မသန်စွမ်းသူတယောက်အနေနဲ့ တက်တက်ကြွကြွ တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေတဲ့ အပေါ်မှာရော၊ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲဖြစ်စဉ်ပေါ့၊ ပေါ်လစီပြောင်းလဲရေးကိစ္စတွေမှာ ကျနော်နဲ့ ကျနော့်အဖွဲ့က တက်တက်ကြွကြွပါဝင်ဆောင်ရွက်နေတဲ့အတွက်ကြောင့် ဒီအပေါ်မှာ အသိအမှတ်ပြုပြီးတော့ သူက ပေးတာလို့ဆိုပါတယ်။”

ဆုချီးမြှင့်မယ့်အစီအစဉ်က ဘယ်တော့လောက်ဖြစ်မလဲ။
“ကျနော့်ကို ၀ါရှင်တန်ဒီစီမှာ လာပြီးတော့ ဆုလက်ခံရယူဖို့ ဖိတ်စာ ဖိတ်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ပါ။”

အခုလို နိုင်ငံတကာအဆင့် ဆုရရှိမှုဟာ မသန်စွမ်းတွေအခွင့်အရေးတွေအတွက် လုပ်ဆောင်နေတဲ့ ကိုနေလင်းစိုးနဲ့ အဖွဲ့အပေါ် ဘယ်လိုသက်ရောက်စေ၊ တွန်းအားဖြစ်စေမလဲ။
“ပထမတချက်ကတော့ ကျနော်ပေးတဲ့ဆုတွေရဲ့ သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ မသန်စွမ်း တဲ့သူကို ပေးတာတော့ ဒါ ပထမဆုံးဆိုတဲ့သဘောလေး တွေ့တယ်ပေါ့နော်။ ကျနော်ကိုယ်တိုင် ကလည်း မသန်စွမ်းသူဖြစ်တာကိုး။ မသန်စွမ်းတဲ့သူတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုအတွက်လည်း ကဏ္ဍနယ်ပယ်မှာ ပထမဆုံးပေးတာကို တွေ့ရတဲ့အခါကျတော့ မြန်မာနိုင်ငံက မသန်စွမ်း လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိအမှတ်ပြုတဲ့ တခုရလိုက်တဲ့အတွက်ကြောင့် ကျနော်တို့လှုပ်ရှားမှုတွေ ပိုပြီးတော့ အားကောင်းအောင် ဆောင်ရွက်နိုင်ဖို့ တွန်းအားတခု ဖြစ်တယ်။ ထိုနည်းတူ မသန်စွမ်းတဲ့သူတွေရဲ့ ဆောင်ရွက်မှုကိုလည်း ကမ္ဘာ့အဖွဲ့အစည်းတွေက အသိအမှတ်ပြုတယ်ဆိုတဲ့ တုန့်ပြန်မှုလေးတခု ရတယ်ပေါ့။ ဒိအပေါ်မှာ ဆက်ပြီးတော့ ကျနော်တို့ လက်ရှိ ဆောင်ရွက်လက်စလုပ်ငန်းတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ တွန်းအားဖြစ်စေ ပါတယ်။”

အစိုးရသစ်လက်ထက်မှာ မြန်မာပြည်က မသန်စွမ်းတွေအတွက် လတ်တလော ဦးစားပေး အရေးတကြီးလုပ်ဆောင်ရသင့်တဲ့ကိစ္စတွေက ဘာတွေဖြစ်မလဲ။
“ပထမတချက်ကတော့ အရင်အစိုးရအဆက်ဆက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေတွေရှိတယ်။ ကျနော်တို့ မသန်စွမ်းတဲ့သူတွေကို ခွဲခြားဆက်ဆံတဲ့ဥပဒေတွေပေါ့၊ ဥပမာ ကိုယ်လက်အင်္ဂါ ကျန်းမာ သန်စွမ်းသူ ဖြစ်ရမည်။ ကိုယ်လက်အင်္ဂါပြည့်စုံသူဖြစ်ရမည်ဆိုတဲ့အချက်တွေနဲ့ မသန်စွမ်းတဲ့ သူတွေကို ဥပဒေအရအခွင့်အရေးမရအောင် ပိတ်ဆို့ဟန့်တားထားတဲ့ဥပဒေတွေ ရှိပါတယ်။ ဒါတွေကို ပြန်လည်လေ့လာဆန်းစစ်ပြီးတော့ ပြုပြင်ပြောင်းလဲစရာတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ အစိုးရသစ်က ပြဌာန်းမယ့် ဥပဒေနဲ့ မူဝါဒအသစ်တွေကလည်း ကျနော်တို့ မသန်စွမ်းတဲ့သူတွေရဲ့အခွင့်အရေးကို ပိတ်ဆို့ဟန့်တား တာတွေ မဖြစ်ပေါ်ဖို့နဲ့ ကျနော်တို့အတွက်လည်း ထည့်သွင်းစဉ်းစားတဲ့ မူဝါဒတွေ ဖြစ်ပေါ်လာဖို့၊ ဒါတွေ ကျနော်တို့ ပူပေါင်းဆောင်ရွက်သွားစရာတွေရှိပါတယ်။”
“နောက်တချက်ကလည်း နိုင်ငံတော် ဘတ်ဂျက်ခွဲတမ်းတွေကလည်း မသန်စွမ်းလူထုအတွက် အတိုင်းအတာတခုအထိ သုံးစွဲလာပေးဖို့ အခြေအနေတွေမှာ ကျနော်တို့ အများကြီး အသိပညာ ပေးပြီးတော့မှ Advocacy (စည်းရုံးလှုံ့ဆော်) ပြီးတော့မှ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်။ တဖက်ကတော့ ကျနော်တို့ မသန်စွမ်းတဲ့ခေါင်းဆောင်တွေ၊ စွမ်းရည်ပြည့်ဝတဲ့ မသန်စွမ်းခေါင်းဆောင်တွေ အမြောက်အမြားပေါ်ထွက်လာပြီးတော့ ကျနော်တို့ရဲ့ မသန်စွမ်း သူများအခွင့်အရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာဖို့ပေါ့။ ဒါတွေက ကျနော်တို့ အရေးတကြီး ဆောင်ရွက်စရာအနေနဲ့ ရှိနေပါတယ်။”

ဒီဆုချီးမြှင့်ခံရတဲ့အပေါ် ဆုရှင်ရဲ့ မှတ်ချက်စကား။
“ဟုတ်ကဲ့ ဒီဆုဟာ ကျနော် မမျှော်လင့်လည်း မမျှော်လင့်ထားသလို ကြိုတင်သိရှိခြင်းမရှိဘူးပေါ့။ သို့သော်လည်း လျပ်တပြက်ရလာတဲ့အပေါ်မှာတော့ နံပါတ် ၁ အချက်က ကျနော် ရရှိခြင်းဟာ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူအားလုံးရဲ့ကိုယ်စား ရရှိခြင်းသင်္ကေတအမှတ်တခုအဖြစ်နဲ့ ကျနော် ခံယူပါတယ်။ ဆက်ပြီးတော့လည်း ကျနော်တို့ မသန်စွမ်းလှုပ်ရှားမှုတွေ အားကောင်း လာဖို့နဲ့ ပိုပြီးတော့ အရှိန်ရလာအောင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတခု ပေးတဲ့အတွက် ကြောင့် ဒီအပေါ်မှာ ရွေးချယ်ပေးတဲ့အဖွဲ့အစည်းကိုလည်း ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ ဒီလှုပ်ရှားမှုတွေကို ဆက်ပြီးတော့ ကျနော်တို့နိုင်တဲ့စွမ်းအားနဲ့ ဆောင်ရွက်သွားပါ မယ်။ ဆက်လက်ပြီးတော့လည်း ကျနော်တို့ရဲ့ မသန်စွမ်းသူများအခွင့်အရေးကိစ္စမှာ နိုင်ငံတကာကတင် မကဘူးပေါ့၊ နိုင်ငံတော်အစိုးရနဲ့ ပြည်တွင်းမှာရှိတဲ့အင်အားစုတွေကလည်း ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ။ ဆက်ပြီးတော့ ကျနော်တို့ကို လက်တွဲပြီးတော့မှ ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ကျနော်တိုက်တွန်းချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013