DVB Logo
Home
မြန်မာသတင်း
ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုအကြောင်း ရသအက်ဆေးရေးသူ တရားစွဲခံရ
DVB
·
May 25, 2016
ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုအကြောင်း ရသအက်ဆေးရေးသူ တရားစွဲခံရ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကံပေါက်ရွာက ဒယ်ကို (Delco mine) မိုင်းကုမ္ပဏီရဲ့ စွန့်ပစ်နုန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးယိုယွင်းမှုတွေ အကြောင်း ရသအက်ဆေး ရေးသားတဲ့ ကံပေါက်ရွာသား ကိုအောင်လွင်ကို ကုမ္ပဏီက တရားစွဲလိုက်ပါတယ်။

မေလ ၉ ရက်နေ့ထုတ် တနင်္သာရီဂျာနယ်နဲ့ Dawei Watch အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ အောင်လွင် (ကံပေါက်သား)ရဲ့ ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ရာဇသတ်ကြီး ပုဒ်မ ၅၀၀ အသေရေဖျက်မှုနဲ့ စွဲဆိုလိုက်တာလို့ ကိုအောင်လွင်က ပြောပါတယ်။

မေ ၁၇ ရက်မှာ တရားရုံးက သမ္မန်စာကို လက်ခံရရှိခဲ့သလို မေ ၂၄ ရက်မှာတော့ ရေဖြူမြို့နယ် တရားရုံးကို သွားရောက်ပြီး အမှုကို ရှေ့နေထံ လွဲအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“အဓိကကတော့ ကျနော်ရဲ့ ငါးရံ့တကောင်ရဲ့ ရင်ဖွင့်သံဆောင်းပါးမှာ နောက်ဆုံးအပိုဒ်က ဒီသတ္တုတွင်းနဲ့ အရင်အစိုးရက ရွာသားတွေ တောင်းဆိုခဲ့တဲ့ဟာတွေကို မလုပ်ပေးဘဲနဲ့ ရပ်မိရပ်ဖ တဖွဲ့နဲ့ ပေါင်းပြီးတော့ ဟန်ပြဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ခဲ့တယ်ဆိုပြီး ရေးခဲ့တယ်၊ အဲဒါကို စွဲတာ အဓိက” လို့ ကိုအောင်လွင်က ပြောပါတယ်။

အမှုအတွက် နောက်ထပ် ၂ ပတ် ရက်ချိန်းပေးခဲ့ပြီး ပြန်လည် စစ်ဆေးမယ်လို့ ကိုအောင်လွင်က ပြောပါတယ်။ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်မရ ဖြစ်ခဲ့ပါတယ်။

“အဓိကကတော့ ကျနော်တို့က စာရေးတာဗျ၊ ကုမ္ပဏီကိုသွားပြီး မင်းဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ပြောတာ မဟုတ်ဘူး၊ စာရေးတာတောင် Third Person အနေနဲ့ရေးတာ။ ငါးရံ့ရဲ့နေရာမှာ ယူပြီး ရေးတာ၊ ပြီးရင် ဒီဟာက တကယ့်အဖြစ်အပျက်လေ အဲဒီဟာပေါ်မှာ အခြေခံပြီးတော့ ရသစာပေအနေနဲ့ ဖန်တီးတာ။ ဒါစာပေဖန်တီးမှု တခုပဲ၊ ကျနော်ံအတွက်ကတော့ အဲဒီဟာထက်မပိုဘူး၊ ဆိုတော့ ဒီစာပေဖန်တီးမှုကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိတော့ဘူးလား။ ဒီမိုကရေစီကို သွားမယ်ပြောနေတဲ့ တိုင်းပြည်မှာ အဲဒီဟာမျိုးတွေကို တရားရေးမဏ္ဍိုင်က ဘယ်လိုမျိုး လုပ်သွားမလဲဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။”

ကိုအောင်လွင် ရေးသားတဲ့ ငါးရံ့တကောင်ရဲ့ ရင်ဖွင့်သံဆောင်းပါးကို အောက်ပါလင့်ခ်မှာ သွားရောက် ဖတ်ရှုလို့ရပါတယ်။ http://www.daweiwatch.com/2016/05/11/fiction/article/4674#more-4674

၂၀၁၅ ခုနှစ်  စက်တင်ဘာ ၂၃ ရက် ညက ဒယ်ကို မိုင်းကုမ္ပဏီရဲ့ နုန်းကန်ပြိုကျခဲ့မှုကြောင့် ကံပေါက်ရွာမှာ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပါတယ်။ နုန်းကန်ပြိုကျမှုကြောင့် နေအိမ်တွေ ပြိုကျခဲ့ပြီး ဒုက္ခသည် ရွာသားတွေဟာလည်း ဗောဓိမာန်အောင်ကျောင်းမှာ ခိုလှုံခဲ့ရပါတယ်။

ဒါအပြင် ကုမ္ပဏီက စွန့်ထုတ်လိုက်တဲ့ နုန်းရေတွေကြောင့် ချောင်းရေကို အမှီပြုပြီး ရေပေးနေတဲ့ ဟင်းသီး ဟင်းရွက်စိုက်ခင်းတွေနဲ့ ပန်းစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံခြံလုပ်ငန်းရှင်တွေက ပြောဆိုနေပါတယ်။

ထိခိုက်ပျက်စီးမှုတွေအတွက် ရွာသားတွေက တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013