DVB Logo
Home
မြန်မာသတင်း
သီပေါတွင် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် ရှိလာ
DVB
·
May 24, 2016
သီပေါတွင် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် ရှိလာ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တို့ကြား လတ်တလော  ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်  ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြတာမှာ  လူဦးရေတစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က သူတို့ရွာနားမှာ လက်နက်ကြီးကျသလို စစ်လေယာဉ်တွေလည်း ရောက်လာ တဲ့ အတွက် မနေရဲလို့  ထွက်ပြေးရတာဖြစ်ကြောင်း  သီပေါမြို့  ၀ိန်းကောင်ကျောင်းတိုက်မှာ လာရောက်ခိုလှုံနေတဲ့ ဟူးမီကျေးရွာအုပ်စု တိန်းဟိုင်းရွာသူ နန်းမတ်က ဒီဗွီဘီကို ပြောပါတယ်။

“အရင်ပတ်က နားတော်ရွာမှာ လက်နက်ကြီးကျတယ်။ လေယာဉ်ပျံတွေလဲ လာတယ်။ ၂ ခါ တောင်မှ၊  နားတော်ရွာက ကျမတို့ တိန်းဟိုင်းရွာနားမှာဘဲဆိုတော့ ကျမတို့မနေရဲလို့ ထွက်ပြေး လာတယ်။ ဗုံးဆိုအသံကြားတာနဲ့ ပြေးတာဘဲ၊ ဘာမှမယူအားဘူး။ အ၀တ်တထည်ကိုယ်တခု၊ တချို့ဆို ဖိနပ်လည်းမပါဘူး။ အရင်ဆုံးကျောင်းမိုင်ပန်ဟုန်းရွာမှာ လာခိုတယ်။ အဲဒီမှာ ထမင်းမစားရ ဘူး။ အဲဒါ အခုဝိန်းကောင်ကျောင်းတိုက်ကို ရောက်လာတာ၊ စနေနေ့က ရောက်တယ်။ ကွန်နန်းဖ ရွာက လူတွေလည်းပါလာတယ်။ ကျမတို့ အားလုံးပေါင်း ၂၀၀ ကျော်ရှိတယ်။ ကိုရင် ၅ ပါးလည်း ပါတယ်။  ကယ်ဆယ်ရေး အဖွဲ့တွေ ကားနဲ့သွားကြိုတာ၊ ကားက ၆ စီး ၇ လောက်ရှိတယ်။”

ဝိန်းကောင် (မြို့ဟောင်း) ဘုန်းကြီးကျောင်းမှာ နေရေးစားရေး မပူပင်ရတော့ပေမယ့် အိမ်မှာ မိုးမကျခင် စပါးတွေ၊ ပြောင်းတွေ ပျိုးကျဲရတော့မှာမို့ နောက်ကျသွားမှာ စိုးရိမ်ကြောင်း၊ တိုက်ပွဲ တွေ ရပ်ပြီး အိမ်ကိုအမြန်ပြန်ချင်ကြောင်း နန်းမတ်က ပြောသွားပါတယ်။

စစ်ဘေးရှောင်သူတွေကို အကူအညီပေးနေတဲ့ သီပေါမြို့ ဇာတ်စုလူမှုကူညီရေးအသင်း ခေါင်းဆောင်ဦးမျိုးကလည်း မေလ ၁၉ ရက်မှ  ၂၂ ရက်နေ့တွင်း သီပေါမှာ စစ်ဘေးရှောင်သူ ဦးရေ သံဃာတော်တွေအပါအ၀င်အားလုံး တစ်ထောင်ကျော် ရောက်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခုဆိုရင် သီပေါက စဥ့်အယ်။ နမ့်အွန်၊ မြို့ဟောင်း၊ ရွှေကျောင်း၊ ဘိုးတော်နဲ့ ခန္တီရာမ ဘုန်းကြီးကျောင်းတွေမှာ စုစုပေါင်း တစ်ထောင်ကျော် ရောက်နေတယ်။ ၁၉ ရက်နေ့ကတော့ သူတို့ဖာသူတို့ ထော်လာဂျီတွေနဲ့ လာတယ်။ ကျန်တဲ့ရက်တွေမှာ ကျနော်တို့ ကူညီရေးအဖွဲ့တွေ က ကားနဲ့ သွားကြိုလာတယ်။ သီပေါမြို့အရှေ့ဘက် မိုင် ၅၀ ကျော်ဝေးတဲ့ အတွင်းပိုင်းရွာတွေထိ သွားကြိုလာတယ်။ နမ့်မကျေးရွာအုပ်စု ၀မ်လုံပရိယတ္တိစာသင်တိုက်က ကိုရင် ၉၂ ပါး နဲ့ ဦးဇင်း ၂ ပါးလည်းပါတယ်။ သူတို့ကျောင်းတိုက်နားကို လက်နက်ကြီးကျတာတဲ့။”

အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေကို ဇာတ်စု နဲ့ ၀မ်းမော လူမှုကူညီရေးအသင်း ၂ ခုမှ အလှူရှင်တွေနဲ့ ဆက်သွယ်ထောက်ပံ့ကူညီပို့ဆောင်ပေးလျှက်ရှိပါတယ်။

သီပေါမြို့နယ်ထဲမှာ သူတို့လက်လှမ်းမမီတဲ့၊ တခြားကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေ လည်း ရှိသေးတယ်လို့  ဦးမျိုးက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013