DVB Logo
Home
မြန်မာသတင်း
ဖုန်းမှ ငွေလွှဲငွေပြောင်းလုပ်သည့် မိုဘိုင်းပိုက်ဆံဝန်ဆောင်မှုကို လူအများ စိတ်ဝင်စား
DVB
·
May 23, 2016
ဖုန်းမှ ငွေလွှဲငွေပြောင်းလုပ်သည့် မိုဘိုင်းပိုက်ဆံဝန်ဆောင်မှုကို လူအများ စိတ်ဝင်စား
Donate to DVB

တပ်မတော်ခန်းမမှာ ပြသနေတဲ့ ၃ ရက်တာ နည်းပညာပြပွဲမှာ ဖုန်းကနေ ငွေလွှဲငွေပြောင်းလုပ်တဲ့ မိုဘိုင်းပိုက်ဆံဝန်ဆောင်မှုကို စိတ်ဝင်စားမှု ပိုမိုများပြားခဲ့ပါတယ်။

လက်ရှိ ဖုန်းငွေဖြည့်ကတ်နဲ့မတူဘဲ ဖုန်းပိုက်ဆံဝန်ဆောင်မှုကို လူတော်တော်များများ မသိကြတာကြောင့် ဒီနည်းပညာပြပွဲမှာ လူအများ စိတ်ဝင်စားခဲ့ပါတယ်။

ဒီပြပွဲကို လာရောက်လေ့လာသူတဦးဖြစ်တဲ့ ဗဟန်းမြို့နယ်မှ ကိုနေမျိုးအောင်က “နေရာတိုင်းမှာ သုံးလို့ရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အကုန်လုံးပေါ့ Shopping တို့၊ Top Up တို့၊ ဘတ်စ်ကားစီးတာကအစ အကုန်လုံး အဆင်ပြေရင်တော့ ကောင်းတာပေါ့။ လောလောဆယ် သူတို့ပြောတာတော့ ဘာမှမရသေးဘူးတဲ့။ နောက်ပိုင်း တလ၊ နှစ်လ လောက်နေရင်တော့ ရမယ်လို့ပြောတာပဲ” လို့ ပြောပါတယ်။

မိုဘိုင်းဖုန်းဝန်ဆောင်မှုကတော့ အီလက်ထရောနစ်စနစ်နဲ့ ငွေကို ဖုန်းအချင်းချင်း လွှဲပြောင်းတာ၊ ဖုန်းနဲ့ဈေးဝယ်တာ၊ ဖုန်းငွေဖြည့်ကတ်ကို အပြင်သွားမဝယ်ဘဲ ၂၄ နာရီ ငွေဖြည့်လို့ရတာတွေ၊ မေလကုန်ကစပြီး မီတာခကို လူကိုယ်တိုင်မသွားဘဲ ဖုန်းနဲ့ ငွေလွှဲလို့ရတာတွေ ဖြစ်ပါတယ်။

၆၆၃ ဖုန်းပိုက်ဆံဝန်ဆောင်မှုလုပ်ငန်းမှ ကြော်ငြာဝန်ထမ်း ကိုအောင်အောင်ကလည်း “ကျနော်တို့က Cash Money ၁၀၀၀၀ ကို E-Money (Electronic Money) ၁၀၀၀၀ ပြောင်းပေးလိုက်တာ။ အဲ့ E-Money ကိုမှ စွယ်စုံသုံးပေါ့နော်။ ဖုန်းငွေနဲ့ မဆိုင်ဘူး၊ ဖုန်းဘေလ်နဲ့ မဆိုင်ဘူး။ E-Money က E- Money၊ ဖုန်းဘေလ်က ဖုန်းဘေလ်။ တော်တော်များများက အဲ့ဒီ E- Money နဲ့၊ ဖုန်းဘေလ်နဲ့ကို ရောနေကြတယ်။ အဲ့အတွက်လည်း ကျနော်တို့ Educate တွေ လုပ်နေပါတယ်” လို့ ရှင်းပြပါတယ်။

ငွေကိုင်စရာမလိုဘဲ ဖုန်းနဲ့ ငွေပြောင်းငွေလွှဲတွေကို စိတ်ချယုံကြည်နိုင်မှု ရှိ-မရှိ အပိုင်းတွေ၊ ငွေတွေဆုံးရှုံးမှုမဖြစ်အောင် တာဝန်ယူမှု အပိုင်းတွေနဲ့ ပတ်သက်ပြီး အာမခံမှု အပိုင်းတွေကိုလည်း ကိုအောင်အောင်က အခုလို ရှင်းပြခဲ့ပါတယ်။

“ဘဏ်လုပ်ငန်းဖြစ်တဲ့အတွက် အေတီအမ်တွေလိုပဲပေါ့နော်။ တရက်ကို ငါးသိန်း၊ ဆယ်သိန်းအထိ Maximum သုံးလို့ရတယ်။ အဲ့တော့ မပျောက်ပျက်သွားအောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတော့ ကျနော်တို့က ဗဟိုဘဏ်ရဲ့အောက်ကနေ ကျနော်တို့လုပ်တဲ့ အတွက်ကြောင့်မို့လို့ ဗဟိုဘဏ်မှာထုတ်တဲ့ စည်းကမ်းတွေအတိုင်းပဲ ကျနော်တို့ သွားတဲ့အတွက်ကြောင့်မို့လို့ ပိုက်ဆံကတော့ ပျောက်စရာအကြောင်း မရှိဘူး။ ဘာကြောင့်ဆိုတော့ ဗဟိုဘဏ်ကနေ အဓိကချပေးတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့။ အဓိက ဘယ်ဟာတွေမှာ ဟက်ကာတွေဝင်လဲဆိုတော့ အေတီအမ်တို့၊ ခရက်ဒစ်တို့ပေါ့။ ဘာလို့လဲဆိုတော့ သူတို့တွေက ဟက်လို့ ပိုလွယ်လို့။ ကျနော်တို့ကျတော့ ဖုန်းလိုင်းနဲ့ သွားတာဆိုတော့ ဟက်လို့ သိပ်မလွယ်ဘူးပေါ့။”

အဲ့ဒီအတွက် နည်းပညာ အနည်းငယ်သုံးတတ်ရုံနဲ့ အူရီဒူး၊ တယ်လီနော၊ အမ်ပီတီ မိမိကြိုက်ရာ ဖုန်းနံပါတ်တခုသုံးပြီး မိုဘိုင်းပိုက်ဆံ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါတယ်။

“မိုဘိုင်း App ကို ဒေါင်းချင်တယ်ဆိုရင်တော့ QR-Code Scanner ရှိရင် ကျနော်တို့ ပန်းဖလက်မှာရှိတဲ့ QR-Code ကို Scan ဖတ်လိုက်တာနဲ့ အင်တာနက်ဖွင့်ထားရင် Google Play Store ဆီကို တိုက်ရိုက်သွားပြီးတော့ ဒေါင်းပေးတယ်။ ကျနော်တို့ ၀က်ဘ်ဆိုက်မှာလည်း ကျနော်တို့ Agent List တွေ၊ ဖေ့စ်ဘွတ်ခ်မှာလည်း ကျနော်တို့ရဲ့ Activity တွေ ၀င်ရောက်ပြီး လေ့လာလို့ရပါတယ်” လို့ ကိုအောင်အောင်က ဆက်ပြောပါတယ်။

မိုဘိုင်းမန်းနီးလို့ခေါ်တဲ့ ဖုန်းပိုက်ဆံဝန်ဆောင်မှုကို မြန်မာနိုင်ငံမှာ ၂၀၁၂ - ၂၀၁၃ မှာ မြန်မာမိုဘိုင်းမန်းနီး ကုမ္ပဏီက စတင်ပြီး ၂၀၁၅ မှာ ၆၆၃ ကုမ္ပဏီ၊ မြန်မာကျပ်ကုမ္ပဏီ၊ အိုကေဒေါ်လာကုမ္ပဏီ အပါအဝင် အော်ပရေတာ ၁၀ ခုနီးပါးက မိုဘိုင်းမန်းနီးကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းမန်းနီးကို ဗဟိုဘဏ်နောက်ခံထားတဲ့ မြန်မာနိုင်ငံသားများဘဏ်က ထောက်ပံ့ပေးထားတာကြောင့် စိတ်ချယုံကြည်ရတယ်လို့ သိရပါတယ်။

မေလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒီနည်းပညာပြပွဲမှာ မိုဘိုင်း၊ တက်ပလက်၊ ကင်မရာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆော့ဖ်ဝဲလုပ်ငန်းတွေ၊ အီလက်ထရောနစ် အပါအဝင် နည်းပညာနယ်ပယ်က လုပ်ငန်းရှင်တွေကနေ ပြခန်းပေါင်း ၁၄၀ ကို ပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013