DVB Logo
Home
မြန်မာသတင်း
၂၈ နှစ်နီးပါးအကြာမှ ပြုလုပ်သည့် မ၀င်းမော်ဦးအတွက် ရေစက်ချ အမျှဝေ အခမ်းအနား
DVB
·
May 23, 2016
၂၈ နှစ်နီးပါးအကြာမှ ပြုလုပ်သည့် မ၀င်းမော်ဦးအတွက် ရေစက်ချ အမျှဝေ အခမ်းအနား
Donate to DVB

၁၉၈၈ အရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသူ မဝင်းမော်ဦးအတွက် ရေစက်ချ အမျှဝေတဲ့ အစီအစဉ်ကို မေလ ၂၂ ရက်က လှိုင်သာယာမြို့နယ်ရှိ မဝင်းမော်ဦး မိသားစုရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကျည်ဆန်ထိမှန် ကျဆုံးခဲ့တဲ့ မဝင်းမော်ဦးအတွက်  ၂၈ နှစ်နီးပါးအကြာမှ ရေစက်ချ အမျှဝေတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

ဒီအခမ်းအနားကို ရွှေဝါရောင်ဆရာတော် တက်ရောက်ပြီး ရေစက်ချတရား ဟောကြားပေးခဲ့ပါတယ်။

ဒီမိုကရေစီရရှိမှ အမျှဝေဖို့ မဝင်းမော်ဦးရဲ့ မှာကြားချက်အတိုင်း လက်ရှိအချိန်မှာ  ဒီမိုကရေစီရရှိပြီလို့ ယူဆတဲ့အတွက် ဒီနေ့အခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်လို့  မ၀င်းမော်ဦးရဲ့ ဖခင်ဖြစ်သူ ဦးဝင်းကြူက ပြောပါတယ်။

“ဟိုးအရင် ၂၇ နှစ်တာအထိကတော့ စစ်အစိုးရတက်တဲ့အချိန်၊ အုပ်ချုပ်တဲ့ အချိန်အထိကတော့ ကျနော်ကတော့ အဲဒီအချိန် လုံးဝ ဒီမိုကရေစီ မရဘူးလို့ လက်ခံယုံကြည်တယ်။ အခု အန်အယ်လ်ဒီအနေနဲ့က စစ်အစိုးရလည်း မဟုတ်ပါဘူး။ အရပ်သားအစိုးရ ဖြစ်တဲ့အတွက် သမီးရဲ့ တောင်းထားတဲ့ ဒီမိုကရေစီရပြီဆိုတဲ့ အနေနဲ့ မိသားစုတွေ တိုင်ပင်ပြီးတော့ အခုလို ကြားဖြတ် အမျှဝေပွဲလေး ကျင်းပရခြင်း ဖြစ်ပါတယ်။”

မ၀င်းမော်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ဌေးဝင်းကလည်း “၀င်းမော်ဦးနှစ်ပတ်လည် လုပ်မယ်ဆိုတိုင်း ကိုယ့်လူတွေ အများကြီးရှိတယ်။ အကုန်လုံးက ၀ိုင်းဝန်းကူညီကြတယ်။ အကုန်လုံး ၀ိုင်းဝန်းကူညီကြတဲ့သူတွေ တယောက်ချင်း ကြေညာရင်တောင် ကျန်ရင်ကျန်ခဲ့မှာ။ အကုန်လုံး အားလုံးကို ကျေးဇူးတင်တယ်။ သမီးအမျှဝေပွဲကို ကျင်းပပြီး လုပ်ပေးကြတဲ့ ဒီမိုကရေစီအင်အားစု အကုန်လုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

မဝင်းမော်ဦးအတွက် ရေစက်ချအမျှဝေတဲ့ အခမ်းအနားကို ၈၈ ငြိမ်း/ပွင့်က  ကျောင်းသားခေါင်းဆောင် တချို့နဲ့ ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ပါတယ်။

“ကျနော်တို့ လွန်ခဲ့တဲ့ ၂၈ နှစ်ပေါ့။ ရှစ်လေးလုံး အရေးတော်ပုံကာလ အတောအတွင်းမှာ မ၀င်းမော်ဦး အပါအ၀င် ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ၊ မြို့ပေါ်မှာ ကျဆုံးရုံတင် မကဘူးပေါ့နော်၊ တောထဲမှာ၊ ထောင်ထဲမှာ ကျဆုံးခဲ့တဲ့ ကျနော်တို့ ရဲဘော်တွေအနေနဲ့ သူတို့ဖြစ်ချင်တဲ့၊ သူတို့တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ရရှိရေးဟာ ဒီနေ့ဒီအချိန်မှာ အတိုင်းအတာ တခုအထိတော့ ကျနော်တို့ အောင်မြင်လာခဲ့ပါပြီ။ ဒါပေမယ့် ရာနှုန်းပြည့် သူတို့မျှော်လင့်တဲ့အခြေအနေ ရောက်အောင် ဆက်ကြိုးစားဖို့က ကျန်ရစ်သူတွေရဲ့ တာဝန်ဖြစ်ပါတယ်” လို့ ဦးကိုကိုကြီး ၈၈ (ငြိမ်း/ပွင့်) မှ ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းဇော်ကလည်း “ဒီမိုကရေစီ ဖော်ဆောင်မယ့် အစိုးရတော့ တက်နေပြီပေါ့။ ဒီအချိန်ကလည်း သူ့အတွက်ကတော့ ဘာပဲပြောပြော မ၀င်းမော်ဦးအတွက် ရေစက်ချ အမျှပေးဝေဖို့အတွက် အချိန်ကောင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာ သူတို့မိဘတွေကတော့ ဒီနေ့ကို ရွေးချယ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကလည်း သူ့ရည်စူးအလှူအတွက် ရေစက်ချ အမျှဝေ ဂုဏ်ပြုပေးတဲ့ ပွဲလေးဖြစ်ပါတယ်” လို့ ပြောပါတယ်။

မဝင်းမော်ဦးအတွက် ရေစက်ချ အမျှဝေတဲ့ အစီအစဉ်ကို အရင်က ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ပြုလုပ်ဖူးပြီး မိသားစုအနေနဲ့ကတော့ အခုမှပြုလုပ်တာ ဖြစ်ပါတယ်။

၁၉၇၂ ခုနှစ်က မွေးဖွားခဲ့တဲ့ မဝင်းမော်ဦးဟာ အသက် ၁၆ နှစ်အရွယ်မှာ  ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့အခမ်းအနားမှာ မဝင်းမော်ဦးနဲ့အတူ ၁၉၈၈ ခုနှစ် အရေးအခင်းကနေ ဒီနေ့ကာလအထိ ဒီမိုကရေစီအတွက် အသက်ပေးခဲ့သူ အားလုံးကို ရည်စူး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

မဝင်းမော်ဦးအတွက် နှစ်ပတ်လည် အခမ်းအနားကို နှစ်စဉ် စက်တင်ဘာလ ၁၉ ရက်နေ့တိုင်း ပြုလုပ်သွားမယ်လို့လည်း မဝင်းမော်ဦးရဲ့ မိသားစုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013