DVB Logo
Home
မြန်မာသတင်း
မီဒီယာမေးမြန်းမှု ဖြေကြားပေးရန် ပြန်ကြားရေးဝန်ကြီး ပြော
DVB
·
May 23, 2016
မီဒီယာမေးမြန်းမှု ဖြေကြားပေးရန် ပြန်ကြားရေးဝန်ကြီး ပြော
Donate to DVB

ပြည်သူက တင်မြောက်ထားတဲ့အစိုးရ မီဒီယာမေးမြန်းမှုကို ဖြေကြားပေးဖို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောဆိုလိုက်ပါတယ်။

နေပြည်တော် ပြန်ကြားရေးရုံးမှာ မေလ  ၂၃ ရက်နေ့က ပြုလုပ်ကျင်းပတဲ့ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုလိုက်တာပါ။

“ပြည်သူက ရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူက ခိုင်းစေဖို့ ခန့်အပ်ထားတဲ့အတွက် ဒါကြောင့် မို့လို့ ပြည်သူကိုအလေးအနက်ပြုဖို့ ပြည်သူနဲ့ ထိတွေ့ဆက်ဆံဖို့လိုပါတယ်။ တိုင်းပြည်အတွက် ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို အစီရင်ခံဖို့လိုပါတယ်။ အစီရင်ခံဖို့တင် မဟုတ်ပါဘူး။ ပြည်သူဘက်က မေးမြန်းလာတွေကိုလည်း ပြန်လည်ဖြေကြားဖို့လိုပါတယ်။ ဘယ်လို ဆက်သွယ် ပြောဆို အစီရင်ခံမလဲဆိုရင် ဘယ်လိုဖြေကြားမလဲလို့ စဉ်းစားကြည့်ရင် မီဒီယာတွေသည် အစိုးရနဲ့ ပြည်သူတွေကြား ဆက်သွယ်ပေါင်းကူးပေးနိုင်တဲ့ အင်မတန်တန်ဖိုးရှိတဲ့ ကြားခံ တခု ဖြစ်တယ်။ ယန္တရားတခုဖြစ်တယ်။ Medium ဖြစ်တယ်။ မီဒီယာကနေတဆင့် ပြည်သူကို အစီရင်ခံလို့ ရပါတယ်။ ပြည်သူတွေဘက်က ပြောဆိုချက်တွေကိုလည်း မီဒီယာကနေတဆင့် နားထောင်လို့ ရပါတယ်။ အစိုးရဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ပြည်သူနဲ့ ဆက်ဆံဖို့ အခြားနည်းလမ်းတွေလဲရှိတာမှန်ပါတယ်။ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံတာရှိပါတယ်။ ပြီးတဲ့နောက် ပြည်သူက မေးမြန်းတာတွေကို လွှတ်တော်ကနေတဆင့် မေးမြန်းတာတွေကို ဖြေကြားရတာတွေလည်း ရှိပါတယ်။ ဒါတွေက ပြည်သူ့နဲ့ဆက်ဆံတဲ့ တခြားနည်းလမ်းတွေပါ။ သို့သော် မီဒီယာများကတော့ ပြည်သူနဲ့ ဆက်သွယ်တဲ့နေရာမှ အင်မတန်မှ မြန်ဆန်တဲ့ ယန္တရားဖြစ်ပါတယ်” လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။

ဒီအစည်းအဝေးကို ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် ဝန်ကြီးဌာအသီးသီးက တာဝန်ရှိသူတွေနဲ့ မီဒီယာကျွမ်းကျင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ကြားခံအဖြစ်ဆောင်ရွက်ပေးနေတာကြောင့် ဝန်ကြီးဌာနတွေက ပြောရေး ဆိုခွင့်ရှိသူတွေအနေနဲ့ မီဒီယာတွေကို မေးမြန်းလာမှုကိုဖြေကြားဖို့ကို ဆွေးနွေး အကြံပြုသွား မယ်လို့ ရန်ကုန်သတင်းစာပညာကျောင်းက တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

“ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလဲ ပြောရေးဆိုခွင့်ရှိသူတွေကို လေ့ကျင့်ပေးဖို့ ကြိုးစားခဲ့ကြတယ် ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ လက်တွေ့မှာ မဆောင်ရွက်နိုင်ခဲ့ဘူး အခုဟာကတော့ ပြည်သူ့ အစိုးရ တက်လာတယ် ပြည်သူတွေ့ရဲ့ မျှော်လင့်ချက်လဲ ပိုတက်လာတယ်။ ဒါကြောင့် မီဒီယာရဲ့ မေးခွန်းတွေကို တကယ်ဖြေလာဖို့ ကျနော်တို့ ၀င်ရောက်တိုက်တွန်းကြည့်တဲ့သဘောပါ။ (၁)အချက်က ဝန်ကြီးဌာနတိုင်းမှာ PR ဂိုက်လိုင်းတွေရှိရမယ်။ ဘယ်လောက် ပြောခွင့်ရှိတယ် ဆိုတာကိုလည်း သတ်မှတ်ပေးဖို့နဲ့ တကယ်ပြောခွင့်လဲပေးဖို့လိုတယ်။ အဲဒီအတွက် Frame Work ကိုကြိုဆွဲထားရမယ်၊ အချက်အလက်တွေ စုဆောင်းထားဖို့နဲ့ ပြင်ဆင်ထားဖို့လဲ လိုအပ်တယ်” ရန်ကုန် သတင်းစာပညာကျောင်း ညွန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးသီဟစော၊ ဦးအောင်လှထွန်းနဲ့ မဇ္ဈိမ သတင်း မီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်တို့က မီဒီယာကျွမ်းကျင်သူများအဖြစ် တက်ရောက်ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013