DVB Logo
Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူးအမျိုးသမီး ၁ ဦး ဖားကန့်တွင် ပစ်သတ်ခံရ
DVB
·
May 23, 2016
ကျေးရွာအုပ်ချုပ်ရေးမှူးအမျိုးသမီး ၁ ဦး ဖားကန့်တွင် ပစ်သတ်ခံရ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုမှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်တဲ့အမျိုးသမီးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ဆိတ်မူအုပ်စု မှော်ရှန်ရွာက အုပ်ချုပ်ရေးတာဝန်ခံ အမျိုးသမီးရာအိမ်မှူး ဒေါ်နန္ဒာလှိုင် အသက် ၄၀ ၀န်းကျင်ဟာ မနေ့ (မေလ ၂၂ ရက်) ညနေ ၅ နာရီခွဲလောက်မှာ ပစ်သတ်ခံ ခဲ့ရတယ်လို့ ဆိတ်မူကျေးရွာ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနေ ၅ နာရီကျော်လောက်က သူက သား ၂ ယောက်နဲ့  အိမ်မှာ အေးအေးဆေးဆေး ထိုင် နေတုန်း လူရွယ် ၃ ယောက် ရောက်လာတယ်။ ပထမလူက အရင်ရောက်လာပြီး ဆိုင်ကယ် ပျောက် တိုင်ချင်လို့ဆိုပြီး ပြောတယ်။ သူတို့အပြန်အလှန်ပြောနေတုန်း နောက်တယောက်က ထပ်ရောက်လာပြီး မပြောမဆို သေနတ်နဲ့ ပစ်တယ်လို့ပြောတယ်။ သေနတ်နဲ့ ပစ်တဲ့ သူတွေကို ဆယ်နှစ်ရွယ် သူ့သားပဲ တွေ့လိုက်တယ်။ အဲဒီတုန်းက သူ့ယောကျာ်းက နေမကောင်းလို့ အပေါ်ထပ်မှာ အိပ်နေတာ၊ သေနတ်သံကြားလို့ ဆင်းလာပြီး မိန်းမကို ဆေးရုံခေါ်သွားတာ လမ်းမှာပဲ အသက်ပျောက်သွားတယ်။ သေနတ်ဒဏ်ရာက ညာဘက် ၀မ်းဗိုက်နားမှာ ၄ ချက်၊  လက်မှာ ၁ ချက်၊ ပုခုံးမှာ ၁ ချက် စုစုပေါင်း ၆ ချက်ထိတယ်လို့ သူ့အမျိုးသား ဦးရှမ်းကြီးက  ကျနော့်ကို ပြောတယ်။”

ဒေါ်နန္ဒာလှိုင်မှာ ရန်ကုန်တိုင်းဘက်ကနေ ဖားကန့်ကို ရောက်လာတာ ကြာပြီဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်တာကတော့ လပိုင်းဘဲရှိသေးကြောင်း၊ ဆိုင်းတောင်အထက်တန်းကျောင်း မိဘ ဆရာအသင်းကော်မတီဝင်လည်း ဖြစ်ခဲ့ပြီး ရပ်ရေးရွာရေး လူမှုကူညီရေးလုပ်ငန်းတွေမှာ တက်ကြွ လှုပ်ရှားသူတဦးဖြစ်ကာ ဘာကြောင့်အသတ်ခံရသလဲဆိုတာတော့ စဉ်းစားလို့မရကြောင်း ဦးရွှေသိန်း က ပြောသွားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် သတ္တုသယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်၊  ဦးခင်မောင်မြင့်က အဆိုပါအမျိုးသမီးဟာ သတ်ခံရတဲ့နေ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင်ကို လာရောက်တင်ပြတိုင်ကြားခဲ့သေးတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဆိပ်မူရုံးမှာ ကျနော်တို့နဲ့ အဲဒီနေ့ပဲတွေ့တယ်။  တွေ့တော့ သူက ဘာပြောလဲဆိုတော့ အဲဒီ ဆယ်အိမ်မှူးတွေပေါ့လေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက သူတို့အချင်းချင်း စကားများ တာကို သူက လာတင်ပြတာ။ အဲဒီမှာ ဆိပ်မူဥက္ကဋ္ဌ ဦးတူးမိုင်ကနေ အောက်ခြေအထိ မဆင်းတာ ကို အောက်မှာ စကားများကြတာ။ အဲဒါကို ကျနော်ကတော့ ဦးတူးမိုင်ကို အောက်ခြေအထိ ခင်ဗျားဆင်းပြီးမှ ဒီဟာတွေ ဖြေရှင်းပါလို့ ကျေန်ာပြောလိုက်တယ်။ ဒီလိုလုပ်မှသာလျှင် အဖြေမှန် သိပြီးမှ ဘယ်သူမှားတယ်၊ မှန်တယ်သိမယ်ဆိုပြီးတော့မှ။ အဲဒီအမျိုးသမီးက လာတင်ပြနေတာ။ နောက်ပိုင်းတော့ ကျနော် မသိတော့ဘူး” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုရော ဖားကန့်မြို့နယ် ရဲစခန်းကိုပါ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။  (ဓာတ်ပုံ - ဇော်မိုးထက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013