DVB Logo
Home
မြန်မာသတင်း
ကလေး-တမူး အာရှလမ်းမကြီးပေါ် ကမ္မကြီးရွာကို စစ်တပ်ထိန်းချုပ်
စိုးသူအောင်
·
July 24, 2026
Photo: Google Map
Photo: Google Map
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး လမ်းမကြီးပေါ်က ကမ္မကြီး (ချင်း) ရွာနဲ့ ကမ္မကြီး (ဗမာ) ရွာ ၂ ရွာစလုံးကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇူလိုင် ၂၁ ရက်မှာ အလုံးစုံ ထိန်းချုပ်လိုက်ပြီလို့ စစ်အာဏာရှင်တပ်က ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့ဘက်က တက်လာတဲ့ စစ်ကြောင်းက ကမ္မကြီးရွာကို ဝင်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း ၃ မိုင်ဝန်းကျင်အကွာမှာ ရှိတဲ့ ထင်းဇင်ရွာနားအထိ တိုက်ပွဲတွေ ရောက်လာပြီလို့ ဒေသခံတယောက်ကလည်း ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာ ပြောပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်က "ကမ္မကြီးက ပေးလိုက်ရပြီ။ ဒီနေ့ (ဇူလိုင် ၂၃ ရက်) ညနေ ၃ နာရီလောက်မှာ ကမ္မကြီးကနေ ဒီကောင်တွေ ထွက်လာတယ်၊ အခု ထင်းဇင်ဘက် တိုက်ပွဲဖြစ်နေတယ် ကြားတယ်။ ကလေး-တမူး လမ်းပိုင်းက သိပ်မကျန်တော့ဘူး။ စကစ က လန်လန်ကျနေတာကို ဆက်တိုးနေတာ၊ နေ့လယ်တုန်းကတော့ အကြီးသံတွေ ကြားတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေ့တိုင်းချနေတာ။ လက်နက်ကြီးကတော့ ထုနေတာပဲ၊ အခြေအနေကတော့ အဲဒီလမ်းကို ရအောင် ဆက်တိုးမယ် ထင်တယ်" လို့ ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ အင်အားအလုံးအရင်း သုံးပြီးတော့ တမူးဘက်က စစ်ကြောင်းတခု၊ ကလေးဘက်က စစ်ကြောင်းတခုစီနဲ့ ညှပ်ပိတ် ထိုးစစ်ဆင်နေတာပါ။ ဒါပေမဲ့ တမူးဘက်က ဆင်းလာတဲ့ စစ်ကြောင်းကတော့ အခုချိန်ထိ ဝိတုတ်ရွာကို မကျော်နိုင်သေးဘူးလို့ သိရပါတယ်။

စစ်ရေးလေ့လာသူတယောက်က "စစ်ကြောင်း ၂ ခု ချိတ်ဖို့ကတော့ သူတို့ နီးစပ်သွားပြီပေါ့။ ဒါပေမဲ့ သူတို့ ခက်ခက်ခဲခဲတော့ ဆက်ပြီးတော့ ဖြတ်ရမဲ့သဘောပေါ့နော်။ အဲဒီလမ်းပိုင်းပေါ့နော် ဝိတုတ်နဲ့ ကမ္မကြီးလမ်းပိုင်းမှာကျတော့ ကလေး-တမူးလမ်းက အိန္ဒိယနယ်စပ်နဲ့ ကပ်နေတာ။ ကပ်နေတာဆိုတော့ တော်လှန်ရေးတပ်တွေအတွက် လုပ်လို့ကိုင်ဖို့ ခက်ခဲနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း အပြင်းအထန် ခုခံမဲ့သဘော။ အိန္ဒိယ-မြန်မာ-ထိုင်း အာရှလမ်းမကြီးအတွက်ပါ အရေးပါတဲ့နေရာ ဖြစ်တဲ့အတွက် တကယ်လို့ ဆုံးရှုံးရမယ်ဆိုရင်တော့ တော်လှန်ရေးတပ်တွေဘက်က နစ်နာမှု များတယ်ပေါ့နော်။ အခု ကမ္မကြီး ဆုံးရှုံးမှုက တော်တော်လေး ကြီးမားတယ်။ စစ်တပ်ကလည်း ခက်ခက်ခဲခဲကို သူတို့ တိုက်လိုက်ရတဲ့ အနေအထားမျိုးလို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ" လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်တပ်တွေဟာ ကမ္မကြီးကျေးရွာကို အခြေပြုပြီး မြောက်ဘက်က ထင်းဇင်ကျေးရွာဘက်ကို စစ်ကြောင်းဆက်ထိုးနေကာ တမူးဘက်က ဆင်းလာမဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းနိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ထပ်ပြီး ပြင်းထန်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

အခု ထိုးစစ်ဟာ စစ်အာဏာရှင် မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်း ပြန်စဖို့ ပြောဆိုအပြီးမှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ 

 စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013