DVB Logo
Home
မြန်မာသတင်း
ပြည်ပကို ဆန်တန်ချိန် ၃ သန်းထိ တင်ပို့နိုင်ရေး ကြိုးပမ်းမည်
DVB
·
May 21, 2016
ပြည်ပကို ဆန်တန်ချိန် ၃ သန်းထိ တင်ပို့နိုင်ရေး ကြိုးပမ်းမည်
Donate to DVB

မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တန်ချိန် ၃ သန်းထိ တင်ပို့နိုင်အောင် လုပ်ဆောင်သွားမယ်လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံကဆန်စပါးတွေ ပြည်ပကိုတင်ပို့ရောင်းချရာမှာ အရင်က တင်ပို့ ရောင်းချနိုင်မှု အားနည်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဆန်တန်ချိန် ၁ သန်းကျော် ပုံမှန်တင်ပို့နိုင်ခဲ့ပါတယ်။

ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ တခြားနိုင်ငံတွေနည်းတူ ဆန်တင်ပို့ ရောင်းချနိုင်ဖို့အတွက် လာမယ့် ၂ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

“ထိုင်းတို့၊ ဗီယမ်နမ်တို့၊ တရုတ်တို့၊ အထူးသဖြင့် အိန္ဒိယတို့ပေါ့နော်။ ဒီလိုနိုင်ငံတွေက ကမ္ဘာမှာ ဆန်နဲ့ပတ်သက်ရင် အများဆုံး စိုက်ကြတယ်။ အများဆုံးစားတယ်။ အများဆုံး တင်ပို့တဲ့ နိုင်ငံတွေပေါ့။ အထူးသဖြင့် ထိုင်းဆိုရင် တန်ချိန် ၈ သန်းကနေ ၁၀ သန်းလောက်ထိပို့တယ်။ ဗီယမ်နမ်ဆိုရင်လည်း ဒီတိုင်းပဲ ၆ သန်း၊ ၇ သန်းလောက်ပို့တယ်။ အဲ့တော့ အစ်ကိုတို့က ၁ သန်းခွဲလောက်ပို့တယ်ဆိုတော့ တဆင့်ပြီးတဆင့် တက်ရမှာပေါ့။ အချိန်ယူရမယ်။ အဲ့တော့ အစ်ကိုတို့အနေနဲ့ ဒီ ၂၀၀၈၊ ၂၀၀၉ လောက်က စပြီးတော့ ပုံမှန်ပို့လာလိုက်တာ ဒီဘက်နှစ်တွေမှာ တန်ချိန် ၁ သန်းကျော် ပုံမှန်ပို့လာတာ တွေ့ရတော့ ဒီတန်ချိန် ၁.၅ သန်းလောက်ကနေ၊ တန်ချိန် ၃ သန်းလောက်ကို ဒီ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပို့နိုင်အောင် လုပ်ရမှာပေါ့။”

မြန်မာနိုင်ငံက ဆန်စပါးကိုဝယ်ယူတဲ့ နိုင်ငံတွေထဲမှာ တရုတ်က အများဆုံး ဝယ်ယူတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်စပါးတွေကို ပြည်ပကို တင်ပို့ရောင်းချရာမှာ အများဆုံးက နယ်စပ်ဂိတ်ကနေ ဖြတ်ကျော်တင်ပို့နေကြရတာပါ။

“အဲ့တော့ ပြီးခဲ့တဲ့နှစ်တွေထိ မြန်မာနိုင်ငံက ထွက်တဲ့ဆန် ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဒီလိုရာခိုင်နှုန်းကြီးကြီးမားမား တရုတ်နိုင်ငံကို နယ်စပ်ကတဆင့် သွားနေတယ်။ အဲ့တော့ နယ်စပ်ဆိုတာကလည်း တခါတလေ ပိတ်တယ်။ တခါတလေ ဖွင့်တယ်။ အခုဆိုရင် နယ်စပ်ကနေ ပုံမှန်ကုန်သွယ်ဖို့ အခက်အခဲရှိတယ်။ အဲ့တော့ တရားဝင်လမ်းကြောင်းက ကုန်သွယ်တဲ့ဟာကိုလည်း အစ်ကိုတို့ လုပ်နေတယ်ပေါ့နော်။ ဒါပြီးခဲ့တဲ့ ၂၀၁၅ လောက်ကတည်း တရားဝင်လမ်းကြောင်းကနေပြီးတော့ စတင်ပြီးတော့ တင်ပို့နေတယ်။ အခုလည်း ဒါတရားဝင် တင်ပို့တယ်။ ဒါပေမယ့် တရားဝင် တင်ပို့တဲ့ပမာဏ နည်းနေသေးတယ်။ အဲ့တော့ နယ်စပ်မှာလည်း တရားဝင်တင်ပို့နိုင်ဖို့ လုပ်ရဦးမယ်။ ပုံမှန် ရေကြောင်းလိုင်းက သွားတဲ့ဟာကိုလည်းပဲ တရားဝင် တင်ပို့နိုင်အောင် လုပ်ရဦးမယ်” လို့လည်း ဦးရဲမင်းအောင်က ဆက်ပြောပါတယ်။

ခုလိုပြည်ပကို တင်ပို့ရောင်းချမှုတွေ ပြုလုပ်နေသလို ဒေသတွင်း သဘာဝဘေးအန္တရာယ် ဖြစ်လာရင် စားနပ်ရိက္ခာ လုံလောက်မှုရှိဖို့အတွက်ကိုလည်း အရန်ဆန်အလုံအလောက် သိုလှောင်ထားဖို့ စီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ပြောပါတယ်။

သတင်း - ခိုင်ပန်းနု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013