DVB Logo
Home
မြန်မာသတင်း
မျှတသည့် စည်ပင်ရွေးကောက်ပွဲ အမြန်ကျင်းပပေးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော
DVB
·
May 21, 2016
မျှတသည့် စည်ပင်ရွေးကောက်ပွဲ အမြန်ကျင်းပပေးမည်ဟု ရန်ကုန်မြို့တော်ဝန် ပြော
Donate to DVB

စရိတ်အကုန်အကျသက်သာပြီး မျှတတဲ့ စည်ပင်ရွေးကောက်ပွဲကို အမြန်ဆုံး ပြန်ကျင်းပပေးမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်တဲ့ နည်းဥပဒေအရ မေလ ၁၇ ရက်နေ့မှာ အရင်အစိုးရလက်ထက်က တာဝန်ပေးခဲ့တဲ့ ရန်ကုန်စည်ပင်ကော်မတီဝင်တွေရဲ့ တာဝန်ဟာ ပြီးဆုံးသွားပြီလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း ရွေးကောက်ပွဲ အမြန်ကျင်းပပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ “စရိတ်လည်း နည်းရမယ်၊ ထိထိရောက်ရောက်လည်း ဖြစ်ရမယ်၊ မှန်မှန်ကန်ကန်ရှိတဲ့ ရွေးကောက်ပွဲမျိုး။ မှန်မှန်ကန်ကန်လုပ်ရင် အချိန်က တိုသွားပါတယ်။  မြန်ပါတယ်။  ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ လက်ညှိုးထောင်ပြီး ရွေးရင်တောင်မှ ခွဲလို့ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်တခု ဖွဲ့ပြီးတော့ အမြန်ဆုံးလုပ်မှာပါ” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေမှာ အားနည်းချက်တွေ ရှိနေတဲ့အပြင် ဒါတွေကို အမြန်ဆုံးပြင်ဆင်ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပဖို့ လိုအပ်နေပြီလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးခင်လှိုင်က ပြောပါတယ်။

“ရွေးကောက်ပွဲကို မြန်မြန်လုပ်ပေးဖို့ ကျနော် တောင်းဆိုချင်ပါတယ်။ ဘာလို့ဆိုတော့ ရွေးကောက်ပွဲဆိုတာ ကာလအကန့်အသတ်တခု လိုအပ်တယ်။ ဘယ်အချိန်မှာ အပြီးလိုအပ်တယ်လို့ ပြောရမယ်။ ဘယ်အချိန်မှာ အပြီးလုပ်ပေးပါ။ Time Limit တခုပါဖို့ လိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ ရွေးကောက်ပွဲလုပ်ပေးမယ်၊ လုပ်ပေးမယ်လို့ ပြောပြီးတော့ ရွေးကောက်ပွဲမလုပ်ပဲ နှစ်ချီကြာသွားတာမျိုး၊ လကို မြောက်မြားစွာ ကြာသွားလို့ မရဘူး။”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ရန်ကုန်မြို့တော်ဝန်ကို သမ္မတက ခန့်အပ်ရတာပါ။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကော်မတီဝင် ၄ ဦးကို ခန့်အပ်ရပါတယ်။ အဲဒီ ၄ ဦးထဲက အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူးကို သတ်မှတ်ပေးရပြီး တွဲဘက်အတွင်းရေးမှူးက ဌာနကြီးမှူးတာဝန်ကို ထမ်းဆောင်ရပါတယ်။ ကျန်ကော်မတီဝင် ၄ ဦးကတော့ ပြည်သူတွေက ရွေးကောက် တင်မြှောက်ပေးရတာပါ။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ တာဝန်ရပ်နားလိုက်ပြီဖြစ်တဲ့ အရင်အစိုးရက ခန့်ထားခဲ့တဲ့ ၄ ဦးနေရာမှာ လက်ရှိအစိုးရက ခန့်အပ်မယ့်သူတွေနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲကို ကျင်းပနိုင်အောင် ပြုလုပ်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့် ကော်မတီဝင်ဟောင်း ဦးခင်လှိုင်ကတော့ တပြိုင်တည်း ပြန်ခန့်အပ်ရမယ်လို့ မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့ နဂါးနီရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ရွေးကောက်ပွဲ အမြန်လုပ်ရမယ်။ ကော်မတီကို ခန့်တဲ့အခါကျရင်လည်း ခန့်အပ်ကော်မတီပဲဖြစ်ဖြစ်၊ ရွေးကောက်ခံ ကော်မတီပဲဖြစ်ဖြစ် အမြန်ကျင်းပပေးပြီး တပြိုင်တည်း ခန့်အပ်ရမယ်။ ဘယ်သူမှ အရင်မရောက်ရဘူး။ အရင်ရောက်လို့ မရဘူး။ ဘာဖြစ်လို့လဲ၊ ကော်မတီဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ထားတာ ၉ ဦးနဲ့ ဖွဲ့စည်းထားတာ။ ၉ ဦးပြည့်အောင် အမြန်လုပ်ပါလို့ ပြောချင်တယ်။ နောက်တခုက ဒါလေး ပါးပါးလေးကို ပြင်လိုက်ရင် ခဏလေးရယ်။ ဘာမှမရှိဘူး။”

ရန်ကုန်မြို့တော် ကော်မတီဝင်ဟောင်း ဦးခင်လှိုင်က အစိုးရက အသစ်ခန့်အပ်မယ့် ကော်မတီဝင်တွေထဲမှာ ပြည်သူအတွက် တကယ်အလုပ်လုပ်နိုင်တဲ့သူတွေ ပါလာခဲ့ရင် သူ့အနေနဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘဲ မပါလာခဲ့ရင်တော့ ဆက်ပြီးဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013