DVB Logo
Home
Lead Story
မြန်မာ့ရုပ်ရှင်အတွက် အရေးကြီးတာက ရုံလိုနေတာ - ဦးအေးကြူလေး
DVB
·
May 22, 2016
မြန်မာ့ရုပ်ရှင်အတွက် အရေးကြီးတာက ရုံလိုနေတာ - ဦးအေးကြူလေး
Donate to DVB

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တွေ့ဆုံပွဲမှာ အဓိကဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြုလုပ်မယ့် ပညာရေးထောက်ပံ့ငွေပွဲ၊ ရုပ်ရှင်သရုပ်ဆောင်သစ်တွေ ခေါ်ယူတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပထမဆုံးသိချင်တာကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ပြန်ကြားရေးနဲ့ တွေ့တဲ့အခါမှာ အဓိက ဘာတွေကို ဆွေးနွေးခဲ့တယ်၊ ဘယ်လိုအကြောင်းအရာတွေကို တင်ပြခဲ့တယ်ဆိုတာကို အရင်ဆုံး ရှင်းပြပေးပါဦးရှင့်။

ဖြေ - တင်ပြတာတွေကတော့ အများကြီးပေါ့။ အများကြီးဆိုတာ ကျနော်တို့ လက်ရှိ ရုပ်ရှင်အစည်းအရုံးမှာ လုပ်နေတဲ့ လုပ်ငန်းတွေပေါ့။ လုပ်ငန်းတွေကို ပြန်ကြားရေးဝန်ကြီးသိအောင် တင်ပြတာကိုး။ ဥပမာ အနုပညာစင်တာဆိုတာ အရင်အစိုးရလက်ထက်က ဆောက်ထားတာ ရှိတယ်။ ဆောက်ထားတာ ဘယ်လိုအခြေအနေရှိမှန်း မသိဘူး။ ဒါကို ၀န်ကြီးကို တင်ပြ၊ နောက်အစိုးရ ဆက်ပြီးတော့ အကောင်အထည် ဖော်ရမှာပေါ့။ ဒါကို ရုပ်ရှင်အစည်းအရုံး တခုတည်း မဟုတ်ပါဘူး။ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ အနုပညာအဖွဲ့အစည်းတွေ အားလုံးအတွက် အနုပညာစင်တာ ဆောက်ပေးတာ။ အဲဒီထဲမှာ ခန်းမကြီး အကြီးတခု ပါတယ်ပေါ့။ ကျန်တဲ့ဟာလေးတွေက အသေးလေးတွေပဲ။ အကယ်ဒမီပွဲတွေ ဘာတွေဆိုရင် လုပ်ရတာ လွယ်ကူတာပေါ့။ အခုက နေရာအခက်အခဲ ရှိတယ်လေ။ အဲဒီဟာ တင်ပြထားတာရှိတယ်။ နောက်ပြီးတော့ အရင်တုန်းက မြေဧက ၂၀၀ ဆိုတာ လှည်းကူးမှာ ပေးထားတာရှိတယ်။ အဲဒီဟာကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်မှ ကျနော်တို့က ဒီမြေကွက်မှာ ဆက်ပြီးတော့ စတူဒီယိုတို့ ဘာတို့ ကျန်တဲ့ဟာတွေပေါ့ အဲဒါတွေကို လုပ်ကိုင်နိုင်မှာလေ။ အဲဒါလည်း တင်ပြတယ်။

နောက်တခုက ရုပ်ရှင်ရုံတွေဆိုရင် ဟိုးတုန်းက ပြည်သူပိုင်သိမ်းတယ်။ နောက် အစိုးရကနေပြီးတော့ ပုဂ္ဂလိကတွေကို လွှဲပေးတယ်။ လွှဲပေးပေမယ့် တချို့ရုပ်ရှင်ရုံတွေက အကောင်အထည် မပေါ်ဘူး။ မပေါ်ဘဲနဲ့ တချို့ဆိုရင် ရုပ်ရှင်ရုံမလုပ်ဘဲနဲ့ တခြားဟာလုပ်တာတို့၊ တချို့ဆို လွတ်နေတာပေါ့။ အဲဒါတွေကို ပြန်ပြီးတော့ စိစစ်ဖို့။ နောက်တခုက တရားဥပဒေစိုးမိုးရေးပေါ့။ အခု ဗွီဒီယိုဆိုရင် ဒီကမထွက်သေးဘူး ခိုးကူးခွေက အရင်ထွက်တယ်။ အစာကြီး ကြိုထွက်နေတယ်။ အဲဒါမျိုးတွေ ဖြစ်တဲ့အခါကျတော့ ဗွီဒီယိုက တဖြည်းဖြည်းနဲ့ လုပ်လို့မရဘူး။ အခြေအနေက တဖြည်းဖြည်း ဆိုးလာတာပေါ့။ တရားဥပဒေစိုးမိုးမှုရှိလာရင် ဒါလေးတွေက သူ့ဟာသူငြိမ်သွားရင် ဗွီဒီယိုက သူ့ဟာသူ ထုတ်လို့ ရတာပေါ့။ ရုပ်ရှင်အစည်းအရုံးနဲ့ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖမ်းတာတော့ ဖမ်းတာပဲ။ ဖမ်းတဲ့အကြိမ်ပေါင်းလည်း မနည်းဘူး။ သိန်းနဲ့သန်းနဲ့ချီပြီးတော့ ဒါတွေကို လမ်းကြိတ်စက်နဲ့ ကြိတ်ပစ်တာတို့၊ ခိုးကူးခွေတွေကို မျိုးစုံလုပ်ပြီးပြီ။ ဒါပေမယ့် ပပျောက်ဖို့က ခဲတယ်လေ။ ဘာလို့လဲဆိုတော့ တရားဥပဒေစိုးမိုးဖို့က လူတိုင်းလူတိုင်းမှာ တာဝန်ရှိတယ်။ နောက် အားပေးတဲ့ ပရိသတ်ကလည်း ခိုးကူးခွေမှန်းသိရင် အားမပေးရင် ပိုကောင်းတာပေါ့။ နောက် သက်ဆိုင်ရာကလည်း တရားဥပဒေ သတ်မှတ်ထားတာရှိတယ်၊ ပြစ်ဒဏ်ဘယ်လောက်၊ ဒဏ်ငွေက ဘယ်လောက်ဆိုတာ ရှိတယ်။ အဲဒါကို အနည်းဆုံးဒဏ်ငွေနဲ့ ပြစ်ဒဏ်နဲ့ဆိုရင်လည်း လူတွေက တဖြည်းဖြည်းနဲ့ မကြောက်တော့ဘူးလေ။ အဲဒါမျိုးတွေရှိတော့ အဲဒါလေးတွေတင်ပြတာ။

မေး - အခုတွေ့ဆုံပွဲမှာ အဘတို့တင်ပြခဲ့တဲ့ဟာကို တဘက်ကကော ဘာတွေများ ပြန်လည်ပြောဆိုလဲ၊ အဲဒါလေးပြောပြပေးပါဦး။

ဖြေ - ဒါတွေကလည်း တိုင်ပင်ပြီးတဲ့အခါကျရင် အားလုံးဝိုင်းပြီးတော့ စုပေါင်းလုပ်ကြမယ့် သဘောပေါ့လေ။ အဲလိုသဘောပေါ့။ သူကလည်း အခုမှစပြီး ရောက်ခါစဆိုတော့ သူလည်း လေ့လာနေရတုန်းဆိုတော့ တဖြည်းဖြည်းတော့ ဒါတွေက အကောင်အထည်ဖော်သွားမှာပေါ့။

မေး - ဒီတွေ့ဆုံပွဲမှာပေါ့၊ ရုပ်ရှင်ဥပဒေနဲ့ ပတ်သက်ပြီးတော့ကော ပြောင်းလဲပြင်ဆင်မှုနဲ့ ပတ်သက်ပြီး တင်ပြခဲ့တာရှိလားရှင့်။

ဖြေ - တင်ပြခဲ့တယ်။ တင်ပြခဲ့တယ်ဆိုတာက ရုပ်ရှင်ဥပဒေက ပထမအစိုးရ လက်ထက်မှာကတည်းက ဒါက ဆွဲနေတာပေါ့။ တနှစ် နှစ်နှစ်လောက် ဒီလိုပဲ ကော်မတီဖွဲ့ပြီးတော့ ဆွဲလိုက် ပြင်လိုက်၊ ဆွဲလိုက် ပြင်လိုက်၊ ဒီကတော့ အနုပညာသမားဆိုတော့ များသောအားဖြင့် တရားဥပဒေတော့ သေချာ တိတိကျကျမသိဘူး။ အဲတော့ ကိုယ်ဖြစ်စေချင်တာလေးပေါ့ ဆွဲထားတာ။ ဟိုဘက်က ရှေ့နေတွေ၊ သက်ဆိုင်ရာ ဥပဒေအကြံပေးတွေ ဘာတွေက ဒီလိုမဟုတ်သေးဘူးဆို ဒီလိုပြင်လိုက်။ နောက်ဆုံး အကြမ်းကတော့ ဆွဲပြီးသားပါ။ ဆွဲပြီးသားဆိုတော့ ဒီဟာကို ရုပ်ရှင်လောကသားတွေကို ပြန်ချပြရမယ်။ ချပြပြီးရင် ပြင်တာဖြည့်တာတွေ လုပ်ရမယ်။ လုပ်ပြီးရင် တခါပြန်ပြီး အထက်ကိုတင်ပြ။ အဲလို အကြိမ်ကြိမ်လုပ်ပြီးတော့ သေချာသွားတော့မှ ဒါကို လွှတ်တော်ကို တင်ရမှာ။ အဲဒါကလည်း အချိန်ယူရဦးမှာ။ တကြိမ်နဲ့လည်းမရဘူး၊ နှစ်ကြိမ်နဲ့လည်း မရဘူး။ ဒါ တခုတင်ပြလိုက်၊ တချို့ဟာတွေပြင်၊ တချို့ဟာတွေ ဥပဒေနဲ့ညီအောင်ရေး၊ ရေးပြီးရင် အောက်ကိုချပြ၊ အောက်ကတခါ ပြန်တင်ဆိုတော့ အကြိမ်ကြိမ်လုပ်လိုက်တော့မှ ရုပ်ရှင်ဥပဒေက ချောမောသွားမှာ။ အဲဒါ လုပ်ဖို့ရှိတာပေါ့။

မေး - ဒါက ဒီအစိုးရသစ်လက်ထက်မှာဆိုရင် ရုပ်ရှင်ဥပဒေနဲ့ ပတ်သက်ပြီး ပထမဦးဆုံး တွေ့ဆုံတာပေါ့နော်။ အရင်အစိုးရလက်ထက်မှာ ရုပ်ရှင်ဥပဒေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ခဲ့တာ ရှိလားရှင့်။

ဖြေ - အရင်တုန်းက လုပ်တယ်။ အရင်တုန်းက ရုပ်ရှင်ဥပဒေ ရှိသင့်တယ်ဆိုပြီးတော့ လုပ်တဲ့အချိန်မှာ အစတုန်းကတော့ ရှိပါတယ်။ ဒါပေမယ့် ပိုပြီးတော့ ထိရောက်အောင်ပေါ့၊ ဖွဲ့စည်းပုံလည်း ပိုပြီးတော့ ကျစ်လျစ်အောင်ဆိုပြီး အဲလိုလုပ်တာပေါ့။ အဲဒါကို ကော်မတီဖွဲ့ပြီးတော့ ရုပ်ရှင်အစည်းအရုံး အမှုဆောင်တင် မဟုတ်ဘူး။ ကျန်တဲ့လောကသားတွေပါ ပါတယ်။ လူအများကြီးပဲ၊ လေးငါးဆယ်လောက်ရှိတယ်။ အဲဒီ လေးငါးဆယ်လောက်က အကြိမ်ကြိမ် တွေ့ပြီးပြီ။ ဒါကိုလည်း အပေါ်ကို ပြန်တင်ပြီးပြီ။ ပြန်ကြားရေးဝန်ကြီးဌာနကိုတင်၊ ဟိုကတခါ ပြန် အကြမ်းချလာ။ ဒါလေးကတော့ ဥပဒေနဲ့မညီဘူးပေါ့၊ ဒါလေးကတော့ ဘယ်လိုဖြစ်တယ်ပေါ့။ ဒီကလူတွေက မသိဘူးလေ။ ကိုယ်ဖြစ်ချင်တာတွေ ရေးတာကိုး။ နောက်ဆုံးအဆင့်ကတော့ အဲဒီဥပဒေက ရှိနေတယ်။ ဒါတွေကို လောကသားတွေကို ပြန်ချရမယ်၊ ချပြီးတော့ ပြန်ညှိရမယ်။ နောက် ကော်မတီတွေရှိတယ်။ ကော်မတီတွေက ပြန်ညှိ၊ အဲလိုညှိပြီးတော့မှ တခါပြန်တင်ရဦးမယ်။ ဒါက အကြိမ်ကြိမ်လုပ်ရမှာပေါ့။ ချောသွားအောင်။

မေး - နောက်တခုက ပညာသင်စရိတ် ထောက်ပံ့တာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦး။

ဖြေ - ပညာသင်စရိတ်က နှစ်တိုင်းနှစ်တိုင်း ကျောင်းအပ်တဲ့အချိန်မှာ အခက်အခဲ ရှိတယ်လေ။ နေ့စား လုပ်သားလေးတွေက ၀င်ငွေနည်းကြတာကိုး။ ၀င်ငွေနည်းကြတဲ့ အခါကျတော့ သူတို့သားသမီးလေးတွေကို ဥပမာဆိုပါစို့၊ ဆယ်တန်းထိပေါ့ ကျောင်းအပ်တဲ့အခါမှာ အခက်အခဲရှိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ကျောင်းအပ်တဲ့အချိန်မှာ လျှောက်လွှာတွေ ခေါ်ပြီးတော့ ထောက်ပံ့ကြေးရယ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်ပေါ့။ ကျန်တဲ့ပစ္စည်းလေးတွေပေါ့။ တချို့ဆိုရင် မိုးကာလေးတွေ ဘာတွေ လာလှူတာရှိတယ်။ အဲဒါလေးတွေပါ နှစ်တိုင်းနှစ်တိုင်းပေးတာ။ ဒီနှစ်လည်း ခေါ်ထားတယ်။ ကျောင်းအပ်အမီကို ကျနော်တို့ ကြိုးစားနေတယ်။ အမီဆိုတာ လျှောက်ရင် လျှောက်လွှာလိုတယ်၊ သန်းခေါင်စာရင်းလိုတယ်၊ အစည်းအရုံးဝင်ကတ်လိုတယ်၊ သန်းခေါင်စာရင်းမှာမှ ဘယ်သူ့ရဲ့သားသမီးဆိုတာ ပါမှာလေ။ အဲဒါတွေနဲ့ တွဲလျှောက်ရမှာ။ ကျောင်းရဲ့ အသိအမှတ်ပြုတဲ့ဟာလည်း လိုတယ်ဆိုတော့ ကျောင်းအပ်တာကိုတော့ စောင့်ရမယ်ထင်တယ်။ အခုဆို ကျောင်းတွေ စအပ်နေရပြီထင်တယ်။

မေး - အခု သရုပ်ဆောင်သစ်သင်တန်း ခေါ်မယ်လို့ သိရတယ်။ သရုပ်ဆောင်သစ် သင်တန်းကိုလည်း အရင်နဲ့မတူ၊ တကယ်လို့ လူဦးရေများရင် စိစစ်ပြီးတော့ ရွေးချယ်ခေါ်ယူသွားမယ်လို့ သိရတယ်။ အဲဒါကကော ဘယ်လိုစိစစ်မယ်၊ ဘယ်လိုအရည်အချင်းရှိတဲ့ သူတွေကို ခေါ်ယူသွားမှာလဲ။ အဲဒါလေး ရှင်းပြပေးပါဦး။

ဖြေ - ဒီမှာ လျှောက်လွှာပုံစံ ရှိတယ်လေ။ လျှောက်လွှာပုံစံမှာ ဖြည့်ပြီးတော့ ဓာတ်ပုံသုံးပုံနဲ့ လျှောက်ရတယ်။ လျှောက်ရတယ်ဆိုတာ အရင်တုန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ကို လူများတဲ့အတွက် နှစ်ချိန်ခွဲလိုက်တာ။ မနက်ပိုင်း ၉ နာရီကနေ ၁၂ နာရီတကြိမ်၊ ညနေကျတော့ ၁ နာရီကနေ ၄ နာရီ တကြိမ်၊ နှစ်ဆိုင်းခွဲသင်တော့ လူများများသင်လို့ရတယ်။ ဒီအခန်းက လူက ၅၀ ကျော် ၆၀ ပဲကတာ။ ရုပ်ရှင်အစည်းအရုံးက သင်တန်းဖွင့်ရင် သရုပ်ဆောင်သင်တန်းကို လျှောက်တဲ့သူများတယ်။ ဖြစ်တဲ့သူလည်း များတာကိုး။ လျှောက်တဲ့သူ များတဲ့အခါကျတော့ ဒီတခါကျရင် ကျနော်တို့က လျှောက်တဲ့သူ ရာကျော်ဖြစ်သွားမယ်ဆိုရင် ၁၅၀၊ ၁၆၀ ဖြစ်သွားမယ်ဆိုရင် အဲဒီထဲကနေ လူရွေးပြီးတော့၊ ရွေးတယ်ဆိုတာက အစည်းရုံးအဖွဲ့တင် မဟုတ်ပါဘူး။ အပြင်က ပညာရှင်တွေပါ ခေါ်ပြီးတော့ သူတို့ကို မေးစမ်းပြီးတော့ အနုပညာနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ မေးစမ်းပြီးတော့ အဲဒီထဲကနေ တဖြည်းဖြည်း စစ်ပြီးတော့ နောက်ဆုံး ဒီမှာ လက်ခံနိုင်လောက်တဲ့ လူဦးရေလောက်ပဲ လက်ခံမှာပါ။

မေး - မြန်မာ့ရုပ်ရှင်လောကကြီး တိုးတက်ဖို့အတွက်ကော အဓိက လက်ရှိမှာ ဘာတွေလိုအပ်နေသေးလဲ။ ဘယ်လိုမျိုးတွေ လုပ်ဆောင်ရမယ်ဆိုတာလေးလည်း ပြောပြပေးပါဦး။

ဖြေ - လောလောဆယ် မြန်မာ့ရုပ်ရှင်အတွက်ကတော့ အရေးကြီးတာ ရုံလိုနေတာ။ ဟိုတုန်းက ရုံတွေက အများကြီးလေ။ ရုံပေါင်း ၂၀၀ ကျော်ရှိတာကိုး။ အခုက တဖြည်းဖြည်းနဲ့ သုံးလေးဆယ်လောက်နဲ့ လည်ပတ်နေတာ။ ၀င်ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူးလေ။ အဲဒီအခါမျိုးကျတော့ ထုတ်လုပ်သူတွေက အဲဒီဘက်ကို အာရုံမစိုက်ကြဘူး။ အခုအချိန်မှာတော့ ကားက ရိုက်လာပြီ။ ရိုက်လာပေမယ့် ရုပ်ရှင်ရုံက လိုသေးတယ်။ ကားရိုက်လာတဲ့ အခါကျတော့ ကားတွေက များလာတယ်။ အဲဒီကားတွေကို ပြဖို့အခါကျတော့ အခုလောလောဆယ် အခြေအနေကတော့ သမ္မတရုံ နှစ်ပတ်၊ ၀င်ငွေပေါ်မူတည်ပြီးတော့ ရာခိုင်နှုန်းပေါ် မူတည်ပြီးတော့ တချို့ သုံးပတ်ရတယ်။ ပြီးရင် ရှေ့ဆောင်မှာ ဆက်ပြတယ်။ ရုပ်ရှင်ရုံနဲ့ ဇာတ်ကားနဲ့က မမျှဘူးဖြစ်နေတယ်။ အခုဆိုရင် ကားက ပိုရိုက်လာပြီ။ အရင်တုန်းက ဖလင်နဲ့ရိုက်တာ၊ ဖလင်နဲ့ရိုက်တဲ့အခါကျတော့ ဖလင်တည်းဖြတ်တာကအစ၊ ဖလင်ဆက်ရတာတို့ ဘာတို့ညာတို့ ကူးဆေးဆိုတော့ သူက ကုန်ကျငွေများတယ်။ အခု ဒစ်ဂျစ်တယ်နဲ့ အခါကျတော့ အနုပညာက စက်မှုပစ္စည်းတွေ တိုးတက်လာတယ်။ တိုးတက်တဲ့အခါကျတော့ နည်းနည်းလွယ်တယ်။ မကိုက်တဲ့အခါကျတော့ မကောင်းဘူး၊ မှားနေတယ်ဆိုရင်တောင်မှ တီဗွီနဲ့ ကြည့်လိုက်ရင် ပေါ်တာပဲလေ။ ဟိုတုန်းက အဲဒီလိုမှ မဟုတ်တာ။ ဟိုတုန်းက ရိုက်ပြီးပြီဆိုရင် လူကြီးတွေက သေချာကြည့်နေရတယ်။ ကြည့်ပြီး သူတို့ကသိတယ်။ ဒါလေးက ဘယ်လိုမှားနေတယ်၊ ဘယ်သူက အသံမှားနေတယ်၊ ဘာညာ အဲလိုကြည့်ပြီးတော့ ရိုက်ရတာကိုး။ အဲဒီတုန်းက ဖလင်ကလည်း ဈေးကကြီးတဲ့အခါကျတော့ ကုန်ကျငွေက အဲဒီမှာတက်တယ်။ အခုကျတော့ ဖလင်ကလည်း မရှိသလောက်ဖြစ်နေပြီ။ ဖလင်ဆေးတဲ့စက်ကိုက အရင်တုန်းက တခုပဲရှိတာ။ အဲဒါကလည်း အခုဆိုရင် ဒီဘက်ပိုင်းမှာ တော်တော်ရပ်သွားပြီ။ အခြေအနေက အဲလိုဖြစ်နေတယ်။

မေး - နောက်တခုကပေါ့နော် ရုပ်ရှင်လောက ဆင်ဆာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းပြောပေးပါဦး။ တချို့ကားတွေဆိုရင် ဆင်ဆာနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အဘ နည်းနည်းရှင်းပြပေးပါဦး။

ဖြေ - ဗွီဒီယိုက ဆင်ဆာက ဒီဘက်ပိုင်းမှာတော့ တော်တော်လွှတ်တယ်။ များသောအားဖြင့်ကတော့ သူတို့က နည်းနည်းပါးပါး ငြိတာ ထောက်တယ်။ တော်တော်များများလွှတ်တယ်။ တချို့ငြိတာတွေလည်းပါတယ်။ ငြိတာတွေဆိုတာ သူတို့ရုပ်ရှင်အစည်းအရုံးက ၁၅ ယောက်ထဲမှာ ၅ ယောက်ပါတယ်ဆိုရင် ကျန်တဲ့ ဌာနဆိုင်ရာတွေလည်း ပါတာပေါ့။ ပါတဲ့အခါကျတော့ တချို့ကျတော့ လုံးဝကို ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ဟာမျိုး၊ တချို့လောလောဆယ် ထိတဲ့ကားမျိုးတွေလည်း ရှိတယ်ပြောတယ်။ ရှိတယ်ဆိုတာ အများကြီးတော့ မဟုတ်ပါဘူး၊ နှစ်ကားသုံးကား ရှိတယ်တဲ့။ အဲဒါတွေကလည်း ပြောရတာတော့ ရိုင်းရိုင်းစိုင်းစိုင်း ယောက်ျားပြည့်တန်ဆာလို ဟာမျိုးပေါ့။ ယောက်ျားပြည့်တန်ဆာလိုဟာမျိုးကျတော့ သူတို့ဆင်ဆာအဖွဲ့ အနေနဲ့က တချို့ ကန့်ကွက်တာတွေလည်းရှိတယ်။ ဒါက မသင့်တော်ဘူးပေါ့။ ဒါက ဥပမာပြောတာပါ။ ကျန်တဲ့ဟာလည်း ရှိရင်ရှိမှာပေါ့။

ဒီဘက်ပိုင်းမှာ လွှတ်လိုက်တဲ့အခါကျတော့ နှစ်မျိုးပေါ့။ တချို့ကလည်း စည်းကမ်းလေးနဲ့ သွားချင်တယ်၊ တချို့ကျတော့လည်း ရှိသမျှ အကုန်လွှတ်ဆိုတာမျိုး ရှိတယ်။ အကုန်လွှတ်လိုက်လို့လည်း ရတယ်။ လွှတ်လိုက်တဲ့အခါကျတော့လည်း တချို့ကားတွေဆိုရင် အပြာကားဆန်တယ်ဆိုပြီး အော်ကြပြန်ရော။ နှစ်မျိုးပေါ့၊ လွှတ်တာတော့ လွှတ်နေတာပဲ။ တချို့ကျတော့လည်း လွတ်လပ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ရိုက်ကြရိုက်ကြဆိုတော့ ဇာတ်လမ်းဆန်းသစ်မှုပိုင်းမှာ နည်းပြီးတော့ အဲဒီဘက်ကို ရောက်သွားတဲ့ အခါကျတော့လည်း မကောင်းပြန်ဘူးပေါ့။ အခုကတော့ သွားပြီးတော့ ညှိနှိုင်းလို့တော့ ရပါတယ်။ ဇာတ်လမ်း ဒီလိုမကြိုက်ရင်လည်း ဟိုလိုရိုက်မယ်ဆိုတာမျိုးပေါ့။ ဒါမျိုးလည်း လုပ်လို့ရတာပဲ။ အရင်ထက်စာရင်တော့ အရမ်းလွတ်လပ်သွားတာပေါ့။

မေး - ဟုတ်ကဲ့ပါရှင့်၊ အဘအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ - ကျနော်တို့က ပြောဖို့ဆိုတာ ရုပ်ရှင်ကတော့ ရိုက်လာပြီ။ ရိုက်တဲ့အခါ ရုပ်ရှင်ကားတွေများတယ်။ ဒါပေမယ့် ဒီဘက်မှာ ရုံနည်းတဲ့အတွက် အခုဆို တန်းစီဆို ၂ နှစ် ၃ နှစ်လောက် စောင့်ရမယ်ဆိုတော့ လူတွေက အဲဒါကို မလုပ်ပြန်ဘူး။ ဒီဘက်က ဗွီဒီယို တခါကူးမယ်ဆိုတော့လည်း ဗွီဒီယိုက ခိုးကူးခွေနဲ့ ဘာနဲ့ဆိုတော့ ဗွီဒီယိုကလည်း ပျက်သလို ဖြစ်နေတယ်။ ဒီဘက်ကလည်း မကောင်း၊ ဒီဘက်ကလည်း မကောင်းဆိုတော့။ အနုပညာသမားက တခုခုကို လုပ်ကိုင်နေမှ ဖြစ်မှာလေ။ အဲတော့ နှစ်ဘက်စလုံး မကောင်းရင် အနုပညာသမားတွေ အတွက်ကတော့ တော်တော်ခက်တယ်။ ရုပ်ရှင်ဘက်က ကြည့်ရင်လည်း ရုပ်ရှင်ရုံတွေ တိုးဖို့လိုတယ်။ ဗွီဒီယိုဘက်က ကြည့်ပြန်တော့လည်း တရားဥပဒေစိုးမိုးရေးက အဓိက ကျနေတယ်။ ခိုးကူးခွေတွေဘာတွေ မရှိဘူးဆိုရင် သူ့ဟာသူလေးတော့ သွားနေမှာပဲ။ ကားတွေကတော့ ခွင့်ပေးတယ်ဆိုတော့ ရိုက်ကြတာပေါ့။ တချို့လည်း မျိုးစုံရိုက်ကြတာပေါ့။ ပေါ့ပေါ့တန်တန် ရိုက်တဲ့သူလည်းရှိတယ်။ တကယ်ကို လေးလေးနက်နက် ရိုက်တဲ့သူလည်း ရှိတယ်။ ရိုက်တာတော့ ရိုက်ကြတာပဲ၊ တကယ့်တကယ်ကျတော့ ပရိသတ်က ဆုံးဖြတ်တာပဲ။ ကားက သိသိသာသာ ကောင်းလာပြီဆို ပရိသတ်ကလည်း အဲဒီကားကို အာရုံစိုက်ကြည့်ကြတယ်။ အခုက ပေါ့ပေါ့တန်တန်ရိုက်တဲ့ကားဆိုရင် ရေရှည်ကျရင် ရုံတင်တဲ့အခါမှာ သူက သိသာသွားမှာ။ အဲဒါဆိုတော့ ဂရုစိုက်ရမှာပေါ့။ ဒီဘက်က အနုပညာသမားတွေဘက်ကလည်း ဂရုစိုက်ရမယ်။ ဟိုဘက်ကလည်း သက်ဆိုင်ရာတွေက ရုံကိစ္စတွေ တိုးလာဖို့၊ တရားဥပဒေစိုးမိုးမှုတွေ ဖြစ်လာရင်တော့ ရုပ်ရှင်လောကကြီးက ပြန်ပြီးတော့ ဦးမော့လာနိုင်တာပေါ့။

တွေ့ဆုံမေးမြန်းသူ - ခိုင်ပန်းနု

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013