DVB Logo
Home
မြန်မာသတင်း
ပျဉ်းမနား ဆိုက္ကားဆရာများကို ကျပ်သိန်း ၆၈၀ လှူဒါန်းသူ ဦးစိုးတင့်
DVB
·
May 20, 2016
ပျဉ်းမနား ဆိုက္ကားဆရာများကို ကျပ်သိန်း ၆၈၀ လှူဒါန်းသူ ဦးစိုးတင့်
Donate to DVB

ပျဉ်းမနားမြို့က ဆိုက္ကားဆရာတဦးကို ကျပ်ငွေ တသိန်းစီနဲ့ ဆိုက္ကားဆရာ ၆၈၀ အတွက် ငွေကျပ် သိန်း ၆၈၀ ကို ဦးစိုးတင့်က လှူဒါန်းခဲ့ပါတယ်။

မေ ၁၇ ရက်က ပျဉ်းမနားမြို့မဈေး အနှေးယာဉ်လုပ်သား ၅၀ ဦးကို တဦး ၁ သိန်းးစီနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပြီး မေ ၁၉ ရက်မှာတော့ ပျဉ်းမနားမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း တည်ရှိရာနေရာမှာ ဆိုက္ကားအစီးပေါင်း ၆၃၀ အတွက် ကျပ်သိန်း ၆၃၀ လှူဒါန်းခဲ့ပါတယ်။

လှူဒါန်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး ဦးစိုးတင့်နဲ့ နီးစပ်သူတဦးက “ဦးစိုးတင့်ရဲ့ ရည်ရွယ်ချက်က သူရဲ့ မွေးရပ်မြေဖြစ်နေတာရယ်၊ နောက်တခုက ကျနော်တို့ ဒီဆိုက်က္ကားသမား တွေ လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတု အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ အချိန်မှာ သူတို့တွေနဲ့ ကာယအလုပ်သမားတွေအနေနဲ့ ဆိုက္ကားနင်းစားရတဲ့အပေါ်မှာ စာနာသနားတာ ရယ်၊ နောက်တခုက မကြာခင်ကျောင်းဖွင့်တော့မယ်ဗျာ။ ကျောင်းဖွင့်တော့မယ့် အချိန်မှာ သူတို့ရဲ့ သားသမီးတွေ ကျောင်းအပ်ဖို့အတွက် တဖက်တလှမ်းကနေ အထောက်အပံ့လေး ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုက္ကားသမားတွေကို တယောက်တသိန်းစီ အလှူပေးတာပေါ့”လို့ ပြောပါတယ်။

ဦးစိုးတင့်ရဲ့ အလှူဒါနကို လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်အသုံးပြုသူတွေက အင်တာနက်မှာ ဝေမျှခဲ့ပြီး အများစုက ကောင်းမွန်တဲ့ အလှူဒါနကို ချီးကျူးပြောဆိုခဲ့ကြပါတယ်။

ဦးစိုးတင်ဟာ ပျဉ်းမနားမြို့ အရှေ့ဖက် အောင်းကုန်းရွာမှာ မွေးဖွားခဲ့ပါတယ်။ မိဘ ၂ ပါး ဆုံးပါးသွားချိန်တွင် ကျောင်းဆက်တက်ချင်တဲ့ အတွက် ပျဉ်းမနားမြို့ပေါ်ကို တက်လာခဲ့ပါတယ်။ ဒီနောက် ပျဉ်းမနားမြို့ မင်္ဂလာသာခေါင်ရပ်ကွက်မှာ ဆွေမျိုးနီးစပ်တော်တဲ့ အိမ်မှာ နေထိုင်ခဲ့ ပါတယ်။

အိမ်ရဲ့ ဝေယျာဝစ္စကို ကူညီလုပ်ကိုင်ပေးရင် ပျဉ်းမနား အထက ၂ ကျောင်းတွင် ပညာ ဆက်လက်သက်ကြားခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အတွက် ကျောင်းစရိတ်နဲ့ စာရွက်စာတမ်းကြေးတွေကို ဆရာ ဆရာမတွေက ထောက်ပံ့ကူညီခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ၈ တန်းအောင်မြင်ခဲ့ပြီး ပျဉ်းမနားမြို့ ဆရာ ဆရာမတွေရဲ့ ဆုံးမ သွန်သင်မှုနဲ့ အ၀တ်တထည် ကိုယ်တခုနဲ့ ရန်ကုန်ကို ဆင်းလာခဲ့ပါတယ်။

လမ်းစရိတ်နဲ့ ပညာသင်ဖို့အတွက် စရိတ်တချို့ကိုလည်း ဆရာဆရာမတွေက ထောက်ပံ့ ပေးအပ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် အင်းစိန်က စက်မှုလက်မှုအထက်တန်းကျောင်းမှာ အီလက်ထရစ်ကာ ပါဝါ အထူးပြုနဲ့ ပညာသင်ကြားခဲ့ပါတယ်။

ကျောင်းအပြီးမှာ ရန်ကုန်မြို့တော် စည်ပင်သာယာမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် ၀ါသနာပါတဲ့ အီလက်ထရစ်လုပ်ငန်းကို လုပ်ကိုင်ဖို့အတွက် အလုပ်ကနေ ထွက်ခဲ့ပါတယ်။

ကနဦးမှာတော့ ဒိုင်နမိုမော်တာတွေ ဂျင်နရိုက်တာတွေ ပြင်ပေးတာ စတဲ့ အသေးစားလုပ်ငန်း တွေနဲ့ အစပြုလုပ်ကိုင်ခဲ့ပါတယ်။

ဒီနောက် ၅ ထပ်ကြီးဘုရားနားက ဘန်ဒါရိပ်မှာ ဆိုင်ခန်းငှားပြီး မော်တာပြင်တဲ့ လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

မော်တာတွေပြင်ရင်း တဖြည်းဖြည်း နာမည်ရလာကာ ပျက်နေတဲ့ ထရန်ဖော်မာများကို စမ်းသပ်ပြင်ဆင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

ပထမကတော့ ပြုပြင်လုပ်ကိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထရန်ဖော်မာနဲ့ ပတ်သက်တဲ့ လုပ်ငန်းဖက်ကို တဖြည်းဖြည်း တိုးချဲ့လုပ်ကိုင်လာကာ ရန်ကုန် စက်မှုဇုန်မှာ Soe Electric & Machinery ကုမ္ပဏီ စက်ရုံကို ထူထောင်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ ဂျပန်ဟီတာချီကုမ္ပဏီနဲ့ ၂ ဦး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး Hitachi Soe Electric & Machinery ကုမ္ပဏီအဖြစ် အမည်ပြောင်းလဲကာ အကျိုးတူ လုပ်ဆောင်ခဲ့ပါတယ်။
ကုမ္ပဏီက လျှပ်စစ်ဖြန့်ဝေတဲ့ ထရန်ဖော်မာနဲ့ ပါဝါ ထရန်ဖော်မာများကို ထုတ်ဝေသလို ဒါအပြင် ထရန်ဖော်မာနဲ့ ပတ်သက်သော ဆက်စပ်ပစ္စည်းများကို ထုတ်ဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013