DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
မုန်တိုင်းအရှိန် ၂၁ ရက်ည နဲ့ ၂၂ရက် မနက်ပိုင်းမှာ အမြင့်ဆုံးဖြစ်နိုင်တယ် - ဦးကျော်မိုးဦး
DVB
·
May 20, 2016
မုန်တိုင်းအရှိန် ၂၁ ရက်ည နဲ့ ၂၂ရက် မနက်ပိုင်းမှာ အမြင့်ဆုံးဖြစ်နိုင်တယ် - ဦးကျော်မိုးဦး
1 / 2
Donate to DVB

ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ဟာ မေ ၂၁ ရက်ညပိုင်းနဲ့ ၂၂ ရက် မနက်တို့မှာ အမြင့်ဆုံး ဖြစ်နိုင်တယ်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ရွန်နူ ဆိုင်ကလုန်မုန်တိုင်းဟာ မေ ၂၁ ရက်ညနဲ့ ၂၂ ရက်မနက်ပိုင်းတို့မှာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ထိတွေ့ဝင်ရောက်မှာဖြစ်လို့ မုန်တိုင်းအရှိန်အမြင့်ဆုံးလို့ သူက ပြောတာပါ။

ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအချင်းဟာ မိုင် ၁၀၀ ခန့်ရှိပြီး အဲ့ဒီမုန်တိုင်းအချင်းထဲမှာ ချင်း၊ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့ ပါဝင်နေတာမို့ မုန်တိုင်းအ၀န်းအ၀ိုင်းထဲမှာ အဲ့ဒီ ပြည်နယ်တိုင်းတို့ ပါဝင်နေတယ်လို့ သတင်းထုတ်ပြန်တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်ကို မုန်တိုင်းဝင်နိုင်ခြေရှိလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်တာလို့လည်း သူက ပြောပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး- ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းဟာ ပိုပြီးတော့ အားကောင်းလာတယ်လို့ သိရပါတယ်။ ဦးကျော်မိုးဦး တို့ နောက်ဆုံး တိုင်းထွာတွေ့ရှိချက် ပြောပြပေးပါ။
“ဆိုင်ကလုန်း ရွန်နူဟာ အရှေမြောက်ဘက်ကို တနာရီ ၁၀ မိုင်နှုန်းနဲ့ ရွေ့နေပါတယ်။ ပထမတုန်းက ခန့်မှန်းထားတာက နောက် ၆ နာရီအတွင်းမှာ အားကောင်းလာမယ်ဆိုပြီးတော့ ခန့်မှန်းထားပါတယ်။ မနေ့ညတုန်းကတော့ အင်ဒါပရာဒေ့ရှ်ကမ်းခြေမှာ ရွေ့လျားမှုမရှိဘဲ မွှေလိုက်တဲ့အတွက်ကြောင့် ဒီနေ့ ညပိုင်းလောက်မှ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ရောက်နိုင်မယ့် အနေအထား ရှိပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဦးတည်နေတယ်။ ဒါပေမယ့် ဆိုင်ကလုန်းရဲ့ အ၀န်းအ၀ိုင်းထဲမှာတော့ မြန်မာဘက်က ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ ပါဝင်နေတဲ့အတွက် မုန်တိုင်းကို လိမ္မော်ရောင် အဆင့် သတ်မှတ်ထားတယ်။”

မေး - မုန်တိုင်းအ၀န်းအ၀ိုင်းထဲ မြန်မာပြည်ပါနေတယ်တို့ လိမ္မော်ရောင်အဆင့် သတ်မှတ်တယ် တို့ ဆိုတာက...။
“မုန်တိုင်းဟာ မြန်မာနိုင်ငံဘက် ဦးတည်လာပြီဆိုရင် လိမ်မော်ရောင်အဆင့် သတ်မှတ်ပါတယ်။ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဦးတည်နေပေမယ့် သူ့ရဲ့ သွေဖည်သွားနိုင်တဲ့ လမ်းကြောင်း တွေ ရှိတယ်။ တောင် မြောက်ကို သွေဖည်သွားနိုင်တဲ့အတွက်ကြောင့်မို့ရယ် နောက်ပြီးတော့ မုန်တိုင်းရဲ့ အချင်း၊ ဒီမုန်တိုင်းရဲ့ အချင်းက မိုင် ၁၀၀ နီးပါးလောက် သူ့ရဲ့ အချင်းက ကြီးမားတဲ့ အတွက်ကြောင့် မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်းထဲ ကျရောက်နေတယ်လို့ ပြောတာပါ။ ပြီးတော့ ဒီ မုန်တိုင်း ဖြတ်သွားပြီးရင် ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ကုန်းတွင်းမုန်တိုင်းအနေနဲ့ ဆက်သွားနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတာပါ။”

မေး - စောစောက ပြောတဲ့နေရာကို မုန်တိုင်းဝင်သွားမယ်ဆိုရင် ကျနော်တို့ဆီက ပြည်နယ်တိုင်း ၄ ခုမှာ ဘယ်ရက် မုန်တိုင်းဝင်မလဲ၊ ၂၁ လား ၂၂ လား။ အဲ့ဒီဒေသတွေမှာ ဘယ်လို မိုးလေ၀သ ဖြစ်စဉ်တွေ ကြုံတွေ့နိုင်မလဲ။
“ခန့်မှန်းချက်အရ ၂၁ရက် ညပိုင်း ဒါမှ မဟုတ်ရင် ၂၂ရက် မနက်ပိုင်းမှာ ၀င်သွားမယ့် အနေအထား ရှိပါတယ်။ မုန်တိုင်း ရွေ့လျားမှုက တခါတလေကျ တအားမြန်တယ်။ ညပိုင်းကျ ရပ်နေပြန်တယ်။ အဲ့ဒီတော့ စောနိုင်ရင် ၂၁ရက် သန်းခေါင်းယံလောက် နောက်ကျတယ် ဆိုရင်တော့ ၂၂ရက် မနက်ပိုင်းလောက်မှာ ၀င်နိုင်မယ့်အနေအထား ရှိပါတယ်။ အ၀န်းအ၀ိုင်းထဲ မှာ ကျရောက်တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆိုရင်တော့ မုန်တိုင်းဖြတ်ကျော်ချိန်မှာ လေတိုက်နှုန်းဟာ တနာရီကို မိုင် ၅၀ ကနေ ၆၀ လောက်အထိ တိုက်နိုင်ပြီးတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လေတိုက်နှုန်း တနာရီ ၃၅မိုင်ကနေ မိုင် ၄၀ လောက်အထိ ရှိနိုင်ပါတယ်။ မုန်တိုင်း ကမ်း မထိခင်မှာ မုန်တိုင်းက မြန်မာ့ကမ်းရိုးတန်းအနီးနားက ၀င်ရောက်မှာဖြစ်လို့ ရခိုင်ကမ်းရိုးတန်းမှာ လှိုင်းကြီးရာက လှိုင်း အလွန်ကြီးနိုင်တယ်။ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်။ အဲ့ဒီလို မိုးသက်လေပြင်းကျပြီး လှိုင်းကြီးတဲ့အခါ ရေပြင်မြေပြင်လေဟာ တနာရီ မိုင် ၅၀ကနေ ၆၀လောက်အထိ တိုက်ခတ်နိုင်ပါတယ်။”

မေး - ခုနက ဦးကျော်မိုးဦး ပြောတဲ့ထဲမှာ ကျနော်တို့ဆီက ပြည်နယ်တိုင်းတချို့မှာ ကုန်းတွင်း မုန်တိုင်းအဖြစ် ၀င်ရောက်သွားနိုင်တယ်ဆိုတော့ ဘယ်ဒေသတွေမှာ ဘယ်လို မိုးလေ၀သ ဖြစ်စဉ်တွေ ဖြစ်နိုင်တာပါလဲ။
“စောစောကပြောတဲ့ ၂၁ ရက်ညနဲ့ ၂၂ရက် မနက်ပိုင်းမှာ ကုန်းကို စပြီး ၀င်နိုင်တယ်။ ၂၂ရက်မှာတော့ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ကုန်းတွင်းမုန်တိုင်းအဖြစ်ဝင်ရောက်ပြီးတော့ တဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားမှာပေါ့၊၂၂ရက်နဲ့ ၂၃ရက်တို့မှာ စောစောကပြောတဲ့ ပြည်နယ်တိုင်းတွေမှာ မုန်တိုင်းကို သတိထားဖို့ လိုပါသေးတယ်။”

မေး - ဦးကျော်မိုးဦးပြောပုံဆိုရင် အထူးသတိထားရမှာက ၂၁ရက်ညနဲ့ ၂၂ရက် မနက်ပိုင်းပေါ့နော်။
“ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဒါကတော့ မုန်တိုင်းက ကမ်းကို ဖြတ်တာပေါ့၊ သူကတော့ ဘင်္ဂလားဒေ့ရှ်ကို ထိတယ်။ ကမ်းထိလိုက်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံထဲ ဘာတွေသက်ရောက်နိုင်လဲဆိုတော့ မုန်တိုင်းဒီရေ တက်နိုင်ပါတယ်။ မောင်တောတို့ စစ်တွေခရိုင်တို့မှာတော့ မုန်တိုင်းဒီရေက ၁၀ ပေကနေ ၁၂ ပေလောက်ထိကို မြင့်တက်လာနိုင်ပြီးတော့ ကျောက်ဖြူခရိုင်မှာတော့ ၈ပေကနေ ၁၀ ပေ လောက်ထိ မြင့်တက်လာနိုင်တဲ့ အနေအထား ရှိပါတယ်။”

မေး - ဟုတ်ကဲ့၊ အခု ရွန်နူဟာ ပြီးခဲ့တဲ့နှစ်တွေက ၀င်ခဲ့တဲ့ မဟာစင်တို့ ဂီရိတို့နဲ့ နှိုင်းယှဉ်ရင် သူက ဘယ်လို အနေအထားမျိုး တွေ့ရလဲဗျ။
“မဟာစင်တို့ ဂီရိတို့နဲ့တော့ မတူဘူး။ မနေ့ညကဆိုရင်လည်း သူက အင်တာပရာဒေ့ရှ် ကမ်းခြေကို ၀င်လိုက်တဲ့အတွက် သူ့မှာရှိတဲ့ တိမ်တိုက်တွေ တချို့ ပြတ်ထွက်လာပြီးတော့ ရခိုင် ကမ်းရိုးတန်းကို ၀င်ရောက်ပြီး ကမ်းရိုးတန်းမှာ မိုးရွာခဲ့တယ်။ သူက ကမ်းကို လျှောက်ပြီးတော့ လာတဲ့အတွက်ကြောင့်မို့ မဟာစင်နဲ့ ပုံစံဆင်ပါတယ်။ ဒီမုန်တိုင်းကကျတော့ ရခိုင်ကမ်းရိုးတန်းနဲ့ တအားနီးပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းက ဂီရိတို့ မဟာစင်တို့လောက် အားကောင်းတာ မတွေ့ရဘူးဗျ။ အားကောင်းတဲ့အဆင့်မှာတောင် သူ့ လေတိုက်နှုန်းက မိုင် ၇၀-၈၀ လောက်ပဲ ရှိပါတယ်။”

မေး - ဟုတ်ကဲ့၊ နောက်ဆုံးမေးခွန်းပါ။ မုန်းတိုင်းလမ်းကြောင်းပြောင်းပြီး မြန်မာပြည်ထဲ ၀င်သွားနိုင်တဲ့ အနေအထား ရှိပါသလားခင်ဗျ။
“မုန်တိုင်းက လမ်းကြောင်း တသမတ်ထဲတော့ မသွားဘူးပေါ့။ တချို့သော မော်ဒယ်တွေက ရခိုင်ပြည်နယ်ထဲကို ပြနေတယ်။ တချို့ကကျ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြနေတဲ့အတွက်ကြောင့်မို့ သူ့ရဲ့ သွားနိုင်တဲ့လမ်းကြောင်းကို ကျနော်တို့ ၀က်ဘ်ဆိုဒ်မှာလည်း ဘေးကနေပြီးတော့ ရှိတ်လုပ် ပေးထားပါတယ်။ မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်းထဲမှာ ပြောင်းလဲသွားနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ နောက်တချက်က တရုတ်ပြည်က လေဖိအားကြီးကနေ မုန်တိုင်းကို အပေါ်ကနေ ဖိထားရင် ဒီမုန်တိုင်းက အောက်ကို နည်းနည်းကျသွားနိုင်တဲ့ အနေအထားပေါ့။ ဒါတွေကတော့ နေ့စဉ်နဲ့ အမျှ အပြောင်းအလဲ ရှိနေမှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013