DVB Logo
Home
မြန်မာသတင်း
ရွန်နူ ဆိုင်ကလုန်းမုန်တိုင်း ပိုမိုအားကောင်း၊ ကြိုတင်ကာကွယ်ရန် ညွှန်ကြား
DVB
·
May 20, 2016
ရွန်နူ ဆိုင်ကလုန်းမုန်တိုင်း ပိုမိုအားကောင်း၊ ကြိုတင်ကာကွယ်ရန် ညွှန်ကြား
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ (ROANU) ဟာ နောက် ၄၈ နာရီအတွင်း အားကောင်းလာတော့မှာဖြစ်လို့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ကြဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မြို့နယ်အားလုံးကို မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ညွှန်ကြားလိုက်ပါတယ်။

“ဒီနေ့ ညနေပိုင်းမှာပဲ စစ်တွေမြို့ထဲမှာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့၊ လိုအပ်ခဲ့ရင် ဘေးလွတ်ရာကို အချိန်မီ ပြောင်းရွှေ့နေနိုင်ဖို့ အသံချဲ့စက်နဲ့ လှည့်ပြီးကြေညာဖို့ မှာထားပါပြီ။ တခြားမြို့နယ်တွေအားလုံးကိုလည်း ဒီညနေပိုင်းမှာပဲ အကြောင်းကြားထားပါတယ်”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတမ်းဒေသဖြစ်တဲ့အတွက် လေပြင်းနဲ့ ဆိုင်ကလုန်းမုန်တိုင်း တွေရဲ့ တိုက်ခိုက်မှုကို နှစ်စဉ်ကြုံတွေ့ရပါတယ်။ ၂ဝ၁၅ ခုနှစ် ဇွန်လထဲမှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း KOMEN ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ပြီး လူနှစ်ဆယ်ကျော်သေဆုံးပြီး မြို့နယ် လေးခုကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရဖူးပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း အ၀န်းအ၀ိုင်းထဲပါနေတဲ့ ချင်းပြည်နယ်မှာတော့ ဒီနေ့ မိုးအနည်းငယ် ရွာနေပြီး ပြည်နယ်အစိုးရအနေနဲ့ ထူးထူးခြားခြား သတိပေး လုပ်ဆောင်နေတာမျိုး မတွေ့ရသေးဘူးလို့ ဟားခါးမြို့က ပြည်နယ်လွှတ်တော်အမတ် ဦးဇိုဘွဲက ပြောပါတယ်။

“ပြည်နယ်အစိုးရကတော့ အရင်ဖြစ်တဲ့ အစပ်ဒေသတွေမှာတော့ နည်းနည်းပါးပါး သတိပေးတာ ရှိတယ်။ ဒီနေ့ ရာသီဥတုကတော့ နည်းနည်း လျော့သွားသလို ဖြစ်နေတော့လေ ဘာမှ ထူးထူးခြားခြားတော့ လုပ်စရာ မရှိသေးပါဘူး။”

စစ်ကိုင်းတိုင်းအစိုးရအနေနဲ့လည်း မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင် နှိုးဆော်တာတွေလုပ်ဖို့ ပြင်နေပြီလို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီအချိန်မှာ အရင်နှစ်တွေက  မြန်မာပြည်ဝင်ရောက်လေ့ရှိတဲ့ ဆိုင်ကလုန်း မုန်တိုင်းဒဏ် ကြောင့် ရုတ်တရက်မိုးကြီးပြီး မြေပြိုတာ ဖြစ်ပွားတတ်ပါတယ်။ မြေပြိုတဲ့အထဲ ရွားလုံးကျွတ် မျောပါတာမျိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။

မိုးလေ၀သဌာနရဲ့ ဒီနေ့မနက်အစောပိုငိး ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်းဟာ ပိုမိုအားကောင်းလာကာ နောက် ၆ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ အရှိန်ဟာ ချင်း၊ ရခိုင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့အပေါ် သက်ရောက်မှုအန္တရာယ် ရှိနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013