DVB Logo
Home
Lead Story
အနာဂတ်မြန်မာ့အရေး လမ်းညွှန်ပေးမယ့် ညီလာခံဟာ အတိတ်ကအမှားများကို သင်ခန်းစာယူသင့်
DVB
·
May 20, 2016
အနာဂတ်မြန်မာ့အရေး လမ်းညွှန်ပေးမယ့် ညီလာခံဟာ အတိတ်ကအမှားများကို သင်ခန်းစာယူသင့်
Donate to DVB

လာမယ့်လအနည်းငယ်အတွင်း မြန်မာနိုင်ငံရဲ့ရှေ့ရေးကို လမ်းညွှန်ပေးမယ့် လွတ်လပ်ရေးမရမှီ ၁၉၄၇ ခုနှစ်  ပင်လုံမှာကျင်းပခဲ့တဲ့ ညီလာခံမျိုး ကျင်းပသွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ရဲ့ ထောက်ခံမှုနဲ့ ဒီညီလာခံဟာ ၁၉၄၇ ခုနှစ်က မှားခဲ့တဲ့အမှားမျိုး ထပ်မံကျူးလွန်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့ဟာ တပ်မတော်သားကိုယ်စားလှယ်များ၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များပါဝင်တဲ့ ပူးတွဲကော်မတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအာဏာကို လွှဲပြောင်းရယူပြီး တဲ့နောက် ပထမဆုံးတွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။ “ပင်လုံပုံစံ” ညီလာခံတခုကို လာမယ့်နှစ်လ လောက်အတွင်းမှာ ကျင်းပဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အစည်းအဝေးရဲ့ အဓိက အရေးကြီးဆုံး အကြောင်းအရာဖြစ်ပါလိမ့်မယ်။

ပင်လုံ ပုံစံ ညီလာခံတခုကျင်းပဘို့ဆိုတာကို အန်အယ်လ်ဒီ  ခေါင်းဆောင်က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ကတဲက လူသိရှင်ကြားပြောကြားခဲ့တာပါ။ သူမ လွတ်မြောက်လာပြီး ၂ ရက်အကြာမှာ အန်အယ်လ်ဒီဌာနချုပ်မှာ သူမက “အမျိုးသား ရင်ကြားစေ့ရေးအတွက် ၂၁ ရာစုနဲ့ကိုက်ညီတဲ့ ဒုတိယ ပင်လုံညီလာခံတခု ကျင်းပဖို့ လိုအပ်တယ်” လို့ ပြောခဲ့ပါတယ်။

နိုင်ငံအနေနဲ့ ညီလာခံအတွက် ပြင်ဆင်နေတဲ့အချိန်မှာ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံရဲ့အားနည်းချက် (၃) ချက်ကို ရှောင်ရှားနိုင်ဖို့ သင်ခန်းစာယူဖို့ လိုအပ်ပါတယ်။

သင်ခန်းစာ ၁ ။ ကိုယ်စားပြုမှု

ပင်လုံညီလာခံမှာ တိုင်းရင်းသားအားလုံးရဲ့ ကိုယ်စားလှယ်များတက်ရောက်ကြတာ မရှိပါ။ ပင်လုံညီလာခံမှာ ဗမာ၊ ချင်း၊ ကချင်နဲ့ ရှမ်း စတဲ့ ကိုယ်စားလှယ်များ ၄ အုပ်စုသာ တက်ရောက် လက်မှတ်ထိုးခဲ့ကြပါတယ်။

အလားတူပါဘဲ လွန်ခဲ့တဲ့နှစ်က တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူချက်ကို လက်မှတ်ရေးထိုးကြ တဲ့ လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရှိခဲ့ပေမယ့် ကိုယ်စားပြုမှုကတော့ (ဗမာ၊ ချင်း၊ ကရင်နဲ့ ရှမ်း) ၄ အုပ်စုပဲ ရှိပါတယ်။ မတူညီတဲ့ အဖွဲ့သုံးဖွဲ့ဖြစ်ကြတဲ့ KNU၊ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ တို့က ကရင်လူမျိုးတမျိုးကိုသာ ကိုယ်စားပြုပါတယ်။

အခုညီလာခံက တိုင်းရင်းသားအားလုံး ကိုယ်စားပြုသူတွေပါဝင်ဖို့၊ အထူးသဖြင့် NCA ကို လက်မှတ်ထိုးခွင့်မရတဲ့ အကြမ်းဖျင်းအားဖြင့် နှစ်ဒါဇင်လောက်ရှိမဲ့ လက်နက်ကိုင် အဖွဲ့တွေ ပါဝင်ဖို့ အာမခံရမှာဖြစ်ပါတယ်။ နိုင်ငံရေးအရဆွေးနွေးတဲ့ အစောပိုင်းအဆင့်များကစလို့ မည်သည့် အဖွဲ့အစည်းကိုမှ အထူးအခွင့်အရေး ပေးထားခံရတာမျိုး မရှိစေသင့်ပါဘူး။

သင်ခန်းစာ ၂ ။ ထောက်ခံခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ညီလာခံဟာ မတူကွဲပြားတဲ့ နိုင်ငံရေးအဝန်းအဝိုင်းရဲ့ ထောက်ခံခြင်းနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းတွေ ရရှိဖို့ လိုပါတယ်။ အန်အယ်လ်ဒီ အစိုးရရဲ့ ငြိမ်းချမ်းရေး ဦးဆောင်ဦးရွက် ပြုမှုတွေကို အတိုက်အခံနိုင်ငံရေးပါတီများအပါအဝင် တပ်မတော်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများ ရဲ့ ထောက်ခံမှု ရရှိသင့်ပါတယ်။

ဟိုစဉ်ကကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာတုံးက ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးတဲ့ ဗမာနိုင်ငံမှာ နယ်ခြားဒေသနေပြည်သူများ (ယခုအခေါ် တိုင်းရင်းသားများ) တန်းတူအခွင့်အရေး ရပါစေမယ်လို့ အာမခံခဲ့ပေမယ့် အတော်များများက ဗမာခေါင်းဆောင်တွေရဲ့ ရိုးသားမှုအပေါ် သံသယရှိခဲ့ကြတယ်။

ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးပိုင်းကလည်း ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေ တန်းတူအခွင့်အရေးမရမှာကို စိုးရိမ်ခဲ့ကြတယ်။ ဒီလို သံသယနဲ့ စိတ်သောကတွေကို ပြေပျောက်ဖို့အတွက် “ဗမာ တစ်ကျပ်ရရင်- ခင်ဗျားလည်း တစ်ကျပ်ရစေ့မယ်” ဆိုတဲ့စကားကို နယ်ခြားဒေသ ခေါင်းဆောင်များကို ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ပါတယ်။

သင်ခန်းစာ ၃ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ

ညီလာခံဟာ နိုင်ငံသားအားလုံးကို ဖက်ဒရယ်စနစ်မူဘောင်ထဲကနေ တန်းတူအခွင့်အရေး များကို အာမခံနိုင်ဘို့ လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ အာရုံစိုက်သင့်ပါတယ်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ဆက်စပ်ပါဝင်တဲ့ ပင်လုံသဘောတူညီချက်ထဲက အခြေခံမူ တခုကတော့ နယ်ခြားဒေသပြည်သူများရဲ့ ဒေသတွင်းအုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လက်ခံအသိအမှတ်ပြုထားတာပဲ ဖြစ်ပါတယ်။

အခြေခံဥပဒေက နယ်ခြားဒေသပြည်သူများကို ၁၀ နှစ်ပြည့်တဲ့အခါ ခွဲထွက်လိုကခွဲထွက်ခွင့်ကို အာမခံထားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းက နယ်ခြား ဒေသပြည်သူများရဲ့ မျှော်လင့်ချက်ကို ပျက်ပြားစေခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဗမာ့တပ်မတော်ဟာ နယ်ခြားဒေသ ပြည်သူများရဲ့ ကိုယ်ပိုင်အုပ် ချုပ်ရေးကို ဆန့်ကျင်ဖျက်သိမ်းခဲ့ပါတယ်။

အခြေခံဥပဒေကို လေးစားရိုသေရမယ့်အစား တပ်မတော်ဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့လို့ ဆူပူသောင်းကျန်းမှုများ တိုးပွားလာခဲ့တယ်။ အဲဒီနောက် တပ်မတော်ဟာ တိုင်းရင်းသားတွေကို ဖိနှိပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အောင်ဆန်းစုကြည်အနေနဲ့ ၂၁ ရာစုပင်လုံညီလာခံကို ဦးစီးကျင်းပတဲ့အခါ ပင်လုံညီလာခံရဲ့ အားနည်းချက်များကို မှန်မှန်ကန်ကန်သုံးသပ် ရှောင်ရှား နိုင်လိမ့်မယ်လို့ များစွာမျှော်လင့်မိပါတယ်။

တချိန်တည်းမှာပဲ တပ်မတော်အပါအဝင် တခြားသောအဓိက နိုင်ငံရေးပါတီခေါင်းဆောင်များ က ထောက်ခံမှုမရှိခြင်းဆိုတဲ့ ချို့ယွင်းချက်မျိုးလည်း ကြုံတွေ့ရနိုင်ပါတယ်။

ဆယ်စုနှစ် ငါးခုလောက်စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေ ကြုံတွေ့ခဲ့ရပြီးတဲ့နောက်၊ အားလုံး အတွက် အကျိုးဖြစ်ထွန်းစေမယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အခုလို မျှော်လင့်ချက် ရောင်ခြည်သန်းလာတဲ့အခြေအနေမှာ နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းကူညီသင့်ပါတယ်။

ရဲထွန်း (သီပေါ)

မူရင်း - EPOCH TIMES တွင် ဖော်ပြပါရှိသော Dr. Nehginpao Kipgen ၏ Conference to Chart Burma’s Future Must Learn From Past Mistakes ကို တိုက်ရိုက်ပြန်ဆိုပါသည်။

Dr. Nehginpao Kipgen is an assistant professor and executive director of the Centre for Southeast Asian Studies at Jindal School of International Affairs, O.P. Jindal Global University. He is the author of “Myanmar: A Political History,” “Democratisation of Myanmar,” and “Democracy Movement in Myanmar: Problems and Challenges.”

Views expressed in this article are the opinions of the author(s) and do not necessarily reflect the views of Epoch Times.

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013