DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ရှမ်းတပ်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်၊ ရွာသား ရာချီထွက်ပြေး
DVB
·
May 19, 2016
သီပေါတွင် ရှမ်းတပ်နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်၊ ရွာသား ရာချီထွက်ပြေး
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုထဲမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားပြီး အနီးတ၀ိုက် ကျေးရွာက ရွာသားပေါင်း ရာနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေရပါတယ်။

မေလ ၁၈ ရက်နေ့ မနက် ၇ နာရီကျော်က သူတို့ရွာနားမှာ တိုက်ပွဲဖြစ်ပြီး ပေါက်ကွဲသံတွေလည်း ကြားတဲ့အတွက် ကျေးရွာအုပ်စုထဲရှိ ပိန်းဟိုင်း၊ ခိုနန်းဖ၊ တိန်းဟိုင်း၊ ဟူးမီ၊ ပိန်းနိမ် အစရှိတဲ့ ရွာပေါင်း ၅ ရွာက ရွာသားပေါင်း ရာနဲ့ချီ ထွက်ပြေးခဲ့ရတယ်လို့ လားရှိုးမြို့ မန်ဆူကျောင်းတိုက်ကို တိမ်းရှောင်လာတဲ့ ပိန်းဟိုင်းရွာသား စိုင်းဆီခေးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့မနက် ၇ နာရီခွဲလောက်မှာ အသံတွေစကြားရတယ်။ နောက်ပြီးတော့ ရွာနားမှာပေါက်ကွဲသံလည်း ကြားတယ်။ တောင်ယာသွားမယ့် လူတွေ လမ်းမှာ အစိုးရတပ်စစ်ကြောင်းနဲ့ တိုးတော့ တောင်ယာမပေးသွားတော့ဘူး။ မိန်းမတွေကို ပြန်ခိုင်းပြီး ယောက်ျားတချို့ အဖမ်းခံရတယ်။ စစ်ဆေးပြီး မသင်္ကာတဲ့လူတွေ အားလုံးပေါင်း ၆ ယောက်အဖမ်းခံရတယ်။ ၄ ယောက်ပြန်လွှတ် ပေးတယ်။ ၂ ယောက်ကျန်တယ်၊ အဲဒီထဲက ၀မ်လုံရွာသူကြီးက သူ့လက်ထဲမှာ စကားပြော စက်တွေ့လို့ ခုထိပြန်မလွှတ်သေးဘူး။ သူ့ပါးစပ်ကို သေနတ်ပြောင်းဝနဲ့တေ့ပြီး စစ်မေးတယ်လို့ ပြန်လွတ်လာတဲ့လူတွေ ပြောတယ်။  ကျနော်တို့ဆီမှာက လက်ကိုင်ဖုန်း မ၀ယ်နိုင်ရင် စကား ပြောစက် သုံးကြတယ်လေ။ ဒါပေမယ့် သူကြီးကို ရှမ်းတပ်သတင်းပေးလို့ စွပ်စွဲတယ်။ နောက်တယောက်က စိုင်းတပေါ့၊ သူကကျတော့ လက်ထဲမှာ တူမီးသေနတ်တွေ့လို့၊ အဲဒါက အမဲလိုက်ဖို့ သုံးတာ၊ ဒါပေမယ့် ရှမ်းတပ်ကလို့ စွပ်စွဲပြီး ပြန်မလွှတ်သေးဘူး။ သေနတ်သံ တွေရော၊ အဖမ်းခံရတာတွေရော ရှိတဲ့အတွက် မနေရဲတော့ဘဲ ထွက်ပြေးနေကြတာ။”

လက်ရှိ သူတို့ရောက်နေတဲ့ မန်ဆူကျောင်းတိုက်မှာ စစ်ဘေးရှောင်သူ ၇၈ ဦးရှိပြီး နို့စို့ရွယ် ကလေးမှအစ အသက် ၈၀ ကျော် အဖိုးကြီး အဖွားကြီးတွေပါ ပါလာကြောင်း၊ အ၀တ်တစ်ထည် ကိုယ်တခုနဲ့ ပြေးလာတဲ့အတွက် အ၀တ်လဲစရာမရှိ၊ စားစရာတော့ ဘုန်းကြီးကျောင်းက ကျွေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

တချို့ရွာသားတွေကတော့ သီပေါမြို့ပေါ်ကိုတချို့၊ နားနျူ့၊ လွယ်ငင်း၊ ဟိုပိုတ်၊ တုန့်ဟုန်း၊ ကျောင်းမိုင်ပန်ဟုန်း စတဲ့ ကျေးရွာတွေကို ထွက်ပြေးသွားကြောင်း  တချို့နေရာမှာ ရာနဲ့ ချီ ရှိတဲ့အတွက် ခန့်မှန်းခြေ တစ်ထောင်လောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက်စောစောလည်း သေနတ်သံထပ်ကြားရပြီး ကျောင်းမိုင်ရွာမှာ ရောက်နေတဲ့ရွာသား ၂၀၀ ကျော်ဟာ အဲဒီကနေ နောက်ထပ်ထွက်ပြေးချင်လို့ လာကြိုမယ့်သူတွေကို ကြိုးစားဆက်သွယ်နေဆဲပဲလို့ စိုင်းဆီခေးက ပြောသွားပါတယ်။

တိုက်ပွဲဖြစ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ထားတာ မတွေ့ရသလို ရှမ်းပြည်တပ်မတော်ဘက်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013