DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက် အလုပ်သမား ၅၁ ဦးကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
DVB
·
May 19, 2016
သပိတ်မှောက် အလုပ်သမား ၅၁ ဦးကို ပုဒ်မ ၄ ခုဖြင့်  အမှုဖွင့်
Donate to DVB

မေ ၁၈ ရက်က နေပြည်တော်အ၀င်မှာ ရဲတပ်ဖွဲ့ရဲ့ ဖြိုခွင်းဖမ်းဆီးခံခဲ့ရတဲ့ စစ်ကိုင်း အလုပ်သမား သပိတ်စစ်ကြောင်းက ၅၁ ဦးကို ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပြီး အယောက် ၂၀ ကို နေရပ်ပြန်ပို့လိုက်ပါတယ်။

နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က နေရပ်ပြန်လိုတဲ့ဆန္ဒရှိသူ အယောက် ၂၀ ကို မနေ့ညကတည်းက စစ်ကိုင်းကို ပြန်ပို့လိုက်ပြီး ကျန် ၅၁ ဦးကိုတော့ ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ပြီး ရမည်းသင်းထောင်ပို့မယ်လို့ ပြောပါတယ်။

“ပြန်ဖို့ဆန္ဒရှိတဲ့သူတွေ ပြန်ပို့ပေးမယ်ဆိုပြီး ဆန္ဒသဘောထားတောင်းတဲ့နေရာမှာ ကျား ၁၀ ယောက်၊ မ ၁၀ ယောက်က သူတို့ ပြန်မယ်ဆိုလို့ ညကပဲ ပြန်ပို့ပေးလိုက်ပါတယ်။ ကျန်တဲ့သူတွေက တရားဥပဒေနဲ့ ရင်ဆိုင်မယ်ပြောလို့ ဦးစီးခေါင်းဆောင်တဲ့သူတွေရော ကျန်တဲ့အဖွဲ့တွေရော အားလုံး ၅၁ ယောက်ပေါ့၊ လက်ရှိ အမှုဖွင့်ပြီး အရေးယူဖို့ ဆောင်ရွက်နေပါတယ်။”

သူတို့ကို ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင် ပါဝင်နေမှု)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်ချီတက်ခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ ၀န်းရံတဲ့ ကျောင်းသား အားလုံးပေါင်း ၅၁ ဦးကို အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ MVPPL သစ်အချောထည်စက်ရုံက  အလုပ်သမားတွေ ဟာ သူတို့ ဥပဒေမဲ့ အလုပ်ထုတ်ခံရတဲ့အပေါ် အစိုးရတာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးလို့ ဧပြီ ၂၉ ရက် မနက်ကစပြီး စစ်ကိုင်းကနေ  နေပြည်တော်ထိ ခရီးရှည် လမ်းလျှောက် သပိတ်မှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013