DVB Logo
Home
Lead Story
အမေရိကန်က မြန်မာ့ဘဏ်များအပေါ် ဒဏ်ခတ်မှု ဖြေလျှော့လိုက်လို့ ဘာတွေဖြစ်ထွန်းလာမလဲ - အမြင်များ
DVB
·
May 18, 2016
အမေရိကန်က မြန်မာ့ဘဏ်များအပေါ် ဒဏ်ခတ်မှု ဖြေလျှော့လိုက်လို့ ဘာတွေဖြစ်ထွန်းလာမလဲ - အမြင်များ
Donate to DVB

မေလ ၁၇ ရက်မှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ဖြေလျော့ပေးခဲ့ပြီး ဒီထဲ အစိုးရဘဏ်များကို ပိတ်ဆို့ထားတာ ဖြေလျှော့ပေးခဲ့ပါတယ်။

အစိုးရဘဏ်များအား အမေရိကန်က ပိတ်ဆို့ထားတာကို ဖြေလျှော့ပေးလိုက်တဲ့အတွက် မြန်မာဘက်မှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်ထွန်းလာနိုင်မလဲ။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားရေးမှုးချုပ် ဒေါ်မေမာလာမောင်ကြီးက မြန်မာပို့ကုန်တွေ တင်ပို့တဲ့အခါ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာကဏ္ဍတွေမှာ အဆင်ပြေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အရင်တုန်းကတော့ ယူအက်စ်နဲ့သွားမယ့် လမ်းကြောင်းတွေကို ကျမတို့ မလုပ်နိုင်ဘူးလေ၊အခု လုပ်နိုင်မယ်ပေါ့။ နောက် အမေရိကန်ကို ပို့ကုန်တွေ ပို့တဲ့အခါကျရင် ငွေကြေးနဲ့ ပတ်သက်ပြီး ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ပြီး အဆင်ပြေမယ်။ ပိုမိုကောင်းမွန်လာမယ်။”

အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချတဲ့စာကို သူ သေချာမဖတ်ရသေးလို့ အသေးစိတ် မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။

စီးပွားရေးဆောင်းပါးတွေရေးတဲ့ ခင်မောင်ညို(ဘောဂဗေဒ)ကတော့ မြန်မာအစိုးရဘဏ်များကို ပိတ်ဆို့ထားမှု ဖြေလျှော့ပေးလိုက်တာဟာ အမေရိကန်လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာအောင် ဖွင့်ပေးလိုက်တာသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ငွေပေးငွေယူကိစ္စတွေမှာ အခုက အခက်အခဲ ရှိတယ် မို့လား။ ဒီဘက်က ဘဏ်တွေကို ပိတ်ထားတဲ့အခါကျတော့၊ အခုက အစိုးရဘဏ်တွေက တဆင့် ငွေပေးငွေယူ လုပ်လို့ ရမယ်လေ။ အဲ့ဒီတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ အဆင်ပြေအောင် လုပ်ပေးတာပါ။ ငွေပေးငွေယူကိစ္စ တွေမှာ မြန်ဆန်လာနိုင်ပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်ပါ တယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အခုက စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ နောက်တခုက အရင်က ဒေါ်လာ ၅သိန်း ရင်းနှီးမြှုပ်ရင် အကြောင်းကြားရတယ်။ အခုကတော့ ဒေါ်လာ ၅သန်း ရင်းနှီးမြှုပ်မှ အကြောင်းကြားရမယ်ဆိုတော့ နည်းနည်းလေး ကြီးတဲ့ အလတ်စားလုပ်ငန်းတွေကိုပါ လုပ်လို့ရမယ့် အနေအထားပေါ့”

ဆောင်းပါးရှင် သန်းစိုး(ဘောဂဗေဒ) ကလည်း နိုင်ငံတကာဘဏ်တွေဆီကို ငွေကြေးတိုက်ရိုက်စီးဆင်းလို့ရပြီဖြစ်ပြီး အရင်လို စင်ကာပူကြားခံရန် မလိုတော့ဘူးလို့ ပြောပါတယ်။

“နိုင်ငံတကာကနေ ဘဏ္ဍာရေး စီးဆင်းမှု အားလုံးကို ဗဟိုဘဏ်နဲ့ အစိုးရဘဏ်တွေကနေ  တိုက်ရိုက် သွားလို့ရပြီ၊ တိုက်ရိုက်သွားလို့ရရင် ကျနော်တို့က စင်ကာပူကို ကျော်လိုက်လို့ ရပြီ၊ ဘဏ်မှာ စင်ကာပူကနေ တဆင့်ခံ သွားတဲ့အတွက် စင်ကာပူက ငွေလွှဲခကို အသွားမှာ တခါ ယူတယ်။ အပြန်မှာ တခါ ယူတယ်။ အဲ့ဒီ စရိတ်တွေ အများကြီး ရှိခဲ့ဖူးတယ်။ ဒီ အချက်တွေကို ကျနော်တို့ ကျော်လွှားနိုင်ပြီပေါ့။ ”

မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်ကလည်း ငွေရေးကြေးရေးစီးဆင်းမှုပိုင်းမှာ အရင်လို စင်ကာပူ တဆင့်ခံ လုပ်စရာမလိုတော့လို့ အကုန်အကျသက်သာမယ်လို့ ဆိုပါတယ်။

“ပိတ်ဆို့ထားတာတွေက ကျနော်တို့ လုပ်ငန်းရှင်တွေအပေါ် သက်ရောက်မှု များတယ်။ ပိတ်ဆို့ထားတာကလည်းကြာပြီ ဆိုတော့လေ၊ အရင်တုန်းကတော့ ကြားခံနိုင်ငံတခုက တဆင့် ငွေပေးဖို့ လုပ်ရတယ်။ အများစုကတော့ စင်ကာပူပေါ့။ ဒီက ကုမ္ပဏီတွေက စင်ကာပူကိုသွားပြီး ကုမ္ပဏီဖွင့်တာတို့ဘာတို့ လုပ်ထားရတာပေါ့။ အခု တိုက်ရိုက်လုပ်လို့ရပြီဆိုတဲ့အခါကျတော့ တိုက်ရိုက်လုပ်တဲ့လမ်းကြောင်းပေါ် တခါ ပြန်တက်ရဦးမှာပေါ့။  ကုမ္ပဏီတွေဘာတွေ သွား ဖွင့်စရာမလိုဘဲ ကုန်ကျစရိတ် သက်သာမှာပေါ့။”

စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်ကလည်း ကုန်သွယ်မှုလုပ်ငန်းတွေ တိုးတက်လာ မယ်လို့ သုံးသပ်ပြောပါတယ်။

“အထူးသဖြင့် ကုန်သွယ်ရေးမှာ ကုန်သည်တွေ အများဆုံး သုံးနေရတာက တီဂျီ စနစ်ပေါ့။ telegraphic transfer ပေါ့။  အယ်လ်စီကို ကျနော်တို့ လုံးဝ သုံးလို့ မရသေးပါဘူး၊letter of credit ပေါ့။ ငွေရေးကြေးရေးပိုင်းမှာ ဟိုတုန်းက ဒေါ်လာနဲ့ စီးဆင်းလို့ မရဘူး၊အခုဆိုရင် အဲ့ဒါက ကင်းလွတ်သွားတဲ့သဘောပေါ့နော်၊ အဲ့ဒီတော့ ကျနော် မြင်တာက ကုန်သွယ်မှု တက်လာဖို့ ရှိတယ်။ နောက် တခု ပိုအရေးကြီးတာကတော့ ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း တက်ဖို့ ရှိတယ်။ နောက်တခု ကုန်သည်တွေ အတော်များများက ဟိုတုန်းက တီဂျီနဲ့ ဆိုတော့ တီဂျီဆိုတဲ့သဘောက အရင်းကို နှစ်ရင်း ရင်းရတဲ့ သဘောပါပဲ၊အခု အဲ့ဒီ စနစ်အစား letter of credit အယ်လ်စီကို တွင်တွင်ကျယ်ကျယ် သုံးရမယ်ဆိုရင် အရင်းအနှီး လိုအပ်ချက်လည်း နည်းလာမယ်။ အကျိုးအမြတ်လည်း ပိုပြီး ရနိုင်တဲ့အတွက် ကုန်သည်တွေအတွက်လည်း ကောင်းတယ်၊ တိုင်းပြည်အတွက်လည်း စီးပွားရေး တဆင့်မြင့်လာမယ်လို့ မြင်တယ်။”

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုက လွတ်လာတဲ့ အစိုးရဘဏ်တွေက မြန်မာ့စီးပွားရေးဘဏ်၊မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးဘဏ်တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013