DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ဝန်အသစ် ဥပဒေမဲ့လုပ်နေဟု ရွေးကောက်ခံ စည်ပင်ကော်မတီဝင်များ ပြော
DVB
·
May 18, 2016
ရန်ကုန်မြို့တော်ဝန်အသစ် ဥပဒေမဲ့လုပ်နေဟု ရွေးကောက်ခံ စည်ပင်ကော်မတီဝင်များ ပြော
Donate to DVB

ရန်ကုန်မြို့တော်ဝန်အသစ် ဦးမောင်မောင်စိုးဟာ အာဏာကိုအသုံးပြုပြီး ဥပဒေမဲ့ လုပ်နေတယ်လို့ ရွေးကောက်ခံ စည်ပင်ကော်မတီဝင်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက ပြည်သူအများစု ရွေးချယ်တင်မြှောက်ပေးထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေကို လက်ရှိမြို့တော်ဝန် ဦးမောင်မောင်စိုးအနေနဲ့ အခုထက်ထိ ခေါ်ယူတွေ့ဆုံ ဆွေးနွေးတာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးတာမရှိဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်တဲ့ နည်းဥပဒေကိုလည်း သူတို့ ကော်မတီဝင်တွေမသိဘဲ အတည်ပြုလိုက်တဲ့အတွက် အခုလို ပြောဆိုလိုက်ကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ၇ ဦးခင်လှိုင်က “မြို့တော်ဝန်က နည်းဥပဒေပြင်ပြီး ဖြုတ်လိုက်တယ် ဆိုတဲ့ဟာမျိုး လုပ်လို့မရဘူးဗျ။ ဘာလို့ဆိုတော့ ဒီနည်းဥပဒေရဲ့ ကိစ္စရပ်သည် သူတယောက်တည်း ထုတ်ပြန်လို့ရတာ မဟုတ်ဘူး။ အဲတော့ သူလုပ်တဲ့ပုံစံက ဘာနဲ့သွားတူလဲဆိုတော့ ကျနော်တို့ပါတီရဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပုံရိပ်ကို သွားပြီးထိခိုက်ပါတယ်။ အဲတော့ ဦးမောင်မောင်စိုးအနေနဲ့ ဒီလိုလုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ပါတီရဲ့ပုံရိပ်လည်း ဖြစ်တဲ့အတွက် ပါတီကိုလည်း ကျနော်တိုင်ကြားဦးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ခံ ကော်မတီဝင် ၃ ဦးက မြို့တော်ဝန်အနေနဲ့ ဥပဒေမဲ့ လုပ်နေတဲ့အကြောင်း မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

အစိုးရသက်တမ်း ကုန်ဆုံးတဲ့အထိသာ တာဝန်ထမ်းဆောင်ရမယ့် အရင်အစိုးရ လက်ထက်က ခန့်ထားခဲ့တဲ့ ကော်မတီဝင် ၄ ဦးကို အခုထိခန့်ထားပြီး သူတို့နဲ့သာ ရန်ကုန်မြို့တော်ဝန်က တွေ့ဆုံမှုတွေ ပြုလုပ်တယ်လို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တောင်ပိုင်းခရိုင်က ဒေါက်တာအေးမင်းက ပြောပါတယ်။

“ဒါ ဘယ်လိုကိစ္စရပ်မျိုးကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ကျနော်တို့ ၅ ဦးက အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မှသာလျှင် ပြည်သူ့အသံကို ကိုယ်စားပြုသလို အစည်းအဝေးကိုလည်း ကိုယ်စားပြုပြီးတော့ ကော်မတီကိုလည်း ကိုယ်စားပြုတယ်။ အဲတော့ ကျနော်တို့ အစည်းအဝေးထိုင်ခြင်းဟာ အချက် ၂ ချက်ရှိပါတယ်။ တချက်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကိုယ်စားပြုခြင်း ဖြစ်ပါတယ်။ နောက် ကျနော်တို့ ၄ ဦးက ရန်ကုန်မြို့တမြို့လုံး အရှေ့အနောက်၊ တောင်မြောက်ကို ကိုယ်စားပြုသလို ပြည်သူတွေကို ကိုယ်စားပြုနေတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ အဲဒီတော့ ကျနော်တို့က အခုထက်ထိ ‘EC’ လို့ခေါ်တဲ့ ကော်မတီအစည်းအဝေးကို မထိုင်နိုင်ခြင်းဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစည်းအဝေးကို ယခုထက်ထိ ကျနော်တို့ မလုပ်နိုင်သေးပါဘူး။”

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ထုတ်ပြန်လိုက်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်တဲ့ ဥပဒေထဲမှာ နည်းဥပဒေ ၆၄ ကို ပြင်ဆင်ထားပြီး ကော်မတီဝင် ခရိုင် သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များရဲ့သက်တမ်းဟာ အစိုးရအဖွဲ့ရဲ့ သက်တမ်းကုန်ဆုံးချိန်အထိ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ဒီနေ့ထုတ်ပြန်လိုက်တဲ့ မြို့တော်ဝန်ရဲ့ ရွေးကောက်ပွဲနည်းဥပဒေသည် ကော်မတီက ထုတ်ပြန်ရမှာ ဖြစ်တယ်။ အဲတော့ ကျနော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေရဲ့ လုပ်ပိုင်ခွင့် ပုဒ်မ ၈၅ အရ ဆောင်ရွက်ခွင့်ရှိတယ် ဆိုသော်လည်း မြို့တော်ဝန်တဦးတည်းနဲ့ ဒီလိုမျိုး နည်းဥပဒေကို ပြင်ဆင်ပြောင်းလဲခွင့် မရှိပါဘူး။ ထုတ်ပြန်ခွင့် မရှိပါဘူး။ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ရယူရပါတယ်။ အဲလို ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ဒီဟာက မှားနေပါတယ်” လို့ ဦးခင်လှိုင်က ဆက်ပြောပါတယ်။

အစိုးရသစ်လက်ထက် ခန့်အပ်တာဝန်ပေးထားတဲ့ မြို့တော်ဝန်ကို ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ် ၁၁၅ ဦးက တွေ့ဆုံပြီး မြို့နယ်အလိုက် လုပ်ဆောင်ရမယ့် ကိစ္စတွေကို တင်ပြချင်ကြပေမယ့် အခုချိန်ထိ တွေ့ခွင့်မရသေးပါဘူးလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013