DVB Logo
Home
Lead Story
လစ်ဘရယ်ဒီမိုကရေစီ
DVB
·
May 18, 2016
လစ်ဘရယ်ဒီမိုကရေစီ
Donate to DVB

ဒီမိုကရေစီနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ ကြာကတည်းက လက်ခံသူ၊ လက်မခံသူများ ရှိကြသလို ဒီမိုကရေစီကို သတ်မှတ်ချက်အမျိုးမျိုးဖြင့် နိုင်ငံရေးလောကတွင် ခွဲခြမ်းစိတ်ဖြာမှုများ ရှိခဲ့သည်။ ယခုခေတ် ယေဘုယျ လူထုက လက်ခံတောင်းဆိုနေကြသော ဒီမိုကရေစီမှာ လစ်ဘရယ်ဒီမိုကရေစီ ခေါ် ပါလီမန်ဒီမိုကရေစီပင် ဖြစ်ပါသည်။ လူအများစုပေါင်းနေထိုင်သော တိုင်းပြည်တပြည်၏ လိုအပ်သောတာဝန်ကို လူထုကပင် ခန့်အပ်သော ကိုယ်စားလှယ် ထားရှိခြင်းဖြစ်သည်။ ထို့ကြောင့် ပါလီမန်ဒီမိုကရေစီဟု ခေါ်သော လစ်ဘရယ်ဒီမိုကရေစီမှာ ခေတ်အစားဆုံး ဖြစ်လေသည်။ ဒီမိုကရေစီ ဘယ်ကစသည်၊ ဘယ်သူတွေက စသလဲ ဆိုသည်များကို နားမဆန့်အောင် ကြားခဲ့ရ၊ အော်ခဲ့ရ၍ ထွေထွေထူးထူး သိစရာမလိုတော့ပေ။ ထို့ကြောင့် ယနေ့လူထု ယေဘုယျ လက်ခံနေသော ဒီမိုကရေစီနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများကြား၊ လက်ဝဲလက်ယာ အယူဝါဒများကို လက်ခံနေသူများကြား ကောင်းကောင်းနားလည်ဖို့လို၏။ ဒီမိုကရေစီအကြောင်းပြောတိုင်း ကောင်းလှချည်ရဲ့၊ တန်ဖိုးရှိလှချည်ရဲ့ဟု သတ်မှတ်ဖို့မလိုကြောင်းလည်း သိရှိဖို့လိုသည်။

ထို့ပြင် ဒီမိုကရေစီဆိုတိုင်း ရတနာထုပ်ကြီးရပြီဟု မထင်ဖို့လိုသည်။ ဒီမိုကရေစီရသော နိုင်ငံတိုင်း သူဌေးကြီးများ ဖြစ်သွားမည်မဟုတ်။ ဆင်းရဲသားများ ပပျောက်သွားမည်မဟုတ်။ လူမိုက်များ၊ လူယုတ်မာများ ကင်းရှင်းသွားမည် မဟုတ်ပေ။ ဒီမိုကရေစီ အစစ်အမှန်ရသော တိုင်းပြည်သည် ပဒေသာပင်များ ပေါက်ပြီး စေတလုံးရသူများချည်း ဖြစ်သွားမည် မဟုတ်ပေ။ စင်စစ် ဒီမိုကရေစီ၏ သဘောတရားမှာ လွတ်လပ်ခြင်း ဖြစ်ပါသည်။ ချမ်းသာကြွယ်ဝခြင်း မဟုတ်ပေ။ ဒီမိုကရေစီ၏ အနှစ်သာရကို နားလည်လျှင် ထို လစ်ဘရယ်ဒီမိုကရေစီ ဆိုသော ဘူဇွာဒီမိုကရေစီကို ပညာတတ် ဓနရှင်ပေါက်စများနှင့် ကျန်ဓနရှင်လူတန်းစားများက လိုချင်ကြသည်မှာ အမှန်ပင်။ လယ်သမား၊ အလုပ်သမား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ သာမန် လူလတ်တန်းစားများအဖို့ လုံးဝ လုပ်ပိုင်ခွင့် အာဏာရရှိမည့် ဒီမိုကရေစီ မဟုတ်ကြောင်းလည်း နားလည်ဖို့လိုပါသည်။ ဒီမိုကရေစီနိုင်ငံဖြစ်တိုင်း ပါလီမန်ဒီမိုကရေစီစနစ်ခေါ် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးတိုင်း နိုင်ငံတိုးတက်မှုမရှိ ဆိုသည်ကို လွန်ခဲ့သော ဆယ်စုနှစ်များက ပြသခဲ့သလို လောလောဆယ်လည်း ပြသလျက် ရှိပါသည်။

စစ်အေးတိုက်ပွဲပြီးဆုံးကြောင်း သင်္ကေတအနေဖြင့် ဘာလင်တံတိုင်းကြီး ပြိုကျပြီးနောက် ဆိုဗီယက်ယူနီယံလည်း ပြိုကွဲသွားခဲ့လေသည်။ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံအားလုံးမှာ ပါတီစုံစနစ်ကို ကျင့်သုံးသော လစ်ဘရယ်ဒီမိုကရေစီနိုင်ငံများ ဖြစ်သွားကြ၏။ ဆိုလိုသည်မှာ ဆိုရှယ်လစ်စနစ်မှ အရင်းရှင်စနစ်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ မာ့က်စ်ဝါဒကို ယုံကြည်သူများအဖို့ ထိုသည်ကို မကြိုက်ကြပေ။ အရင်းရှင်ဒီမိုကရေစီစနစ်သာဖြစ်ကြောင်း နားလည် သဘောပေါက်ကြလေသည်။ ထိုအချိန်၌ ဆိုဗီယက်ယူနီယံတွင် ဆိုရှယ်လစ်ဒီမိုကရေစီ ဆိုသည်ကို ဖျက်သိမ်းလိုက်ပြီး လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံး၏။ ယခင် ဆိုရှယ်လစ်စစ်တပ်ကို ပုန်ကန်ကာ ယဲ့ဆင်လို နိုင်ငံရေးခေါင်းဆောင်က အပြောကောင်း၊ အဟောကောင်းဖြင့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးကြောင်း ကြေညာလိုက်သည်။ ဒူးမားလွှတ်တော်တွင် သူတို့ လစ်ဘရယ်သမားများက သိမ်းယူလိုက်ပြီး အစိုးရဖွဲ့ခဲ့သည်။ ယဲ့ဆင်က သမ္မတဖြစ်လာသည်။ ထိုအချိန်မှစ၍ ဆိုဗီယက်ယူနီယံကို ပြောင်းလဲလိုက်သည့် ရုရှားနိုင်ငံမှာ စီးပွားရေးဘေးဆိုးကြီးနှင့် ကြုံရပါတော့သည်။ ရုရှားနိုင်ငံသည် ထိုအချိန်မှစ၍ အရင်းရှင်စီးပွားရေး ကျင့်သုံးခဲ့၏။ အရင်းရှင်များ ခေါင်းထောင်ထလာသည်။ စီးပွားရေးလုပ်ငန်းရှင်များ ချမ်းသာလာ၏။ အလုပ်သမား လူတန်းစားခေတ် ကုန်ဆုံးသွားသည်၊ ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ကြီးမားလာသည်။ ရုရှားတွင် ရေနံကြွယ်ဝလာသည်နှင့်အမျှ သဘာဝဓာတ်ငွေ့ ပေါများလာသည်နှင့်အမျှ ယခင်ဆိုဗီယက်ယူနီယံတုန်းကလို ပြည်သူများ အကျိုးမျှဝေ မခံစားရတော့ဘဲ ဓနရှင်လူတန်းစား၏ အကျိုးစီးပွားဖြစ်လာကာ အရင်းရှင်စီးပွားရေးစနစ်က ရုရှားနိုင်ငံကို လွှမ်းမိုးချုပ်ကိုင် သွားပါတော့သည်။ ရုရှားအစိုးရကိုယ်တိုင် ရှယ်ယာအများဆုံး ပါဝင်သော ယူကော့ရေနံကုမ္ပဏီကြီး ထူထောင်လိုက်၏။ (အပြောင်းအလဲအစပိုင်းက ဒီမိုကရေစီရရှိပြီ ဆိုသော်လည်း ရုရှား၏ စီးပွားရေးမှာ ဓားမနောက်ပိတ်ခွေး ဖြစ်သွား၏။ ရူဘယ်ငွေတန်ဖိုးမှာ ကျသထက်ကျကာ အနောက်နိုင်ငံများ၏ အကူအညီကို လက်ဖြန့်တောင်းခဲ့ရလေသည်။ ယဲ့ဆင်လက်ထက်ကတည်းက အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ လက်ဝေခံလို ဖြစ်သွားသော ရုရှားနိုင်ငံမှာ ပူတင်လက်ထက်တွင် ဓာတ်ငွေ့နှင့် ရေနံများ အများအပြား ထွက်လာသောကြောင့် စီးပွားရေးတည်ငြိမ်ကာ ပူတင်လည်း သန်းကြွယ်သူဌေး ဖြစ်လာခဲ့သည်။) ရေနံကြောင့် ခေါ်ဒေါ့စကီးလို ရေနံသူဌေးကြီးများမှာ အချမ်းသာဆုံး စာရင်းဝင်များ ဖြစ်သွားကြလေသည်။ ရုရှားအရင်းရှင်ကြီးများ၊ ယခင် ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီမှ ပျက်စီးသွားသော ကွန်မြူနစ်ပျက်များမှာလည်း အလွန် အခြေအနေကောင်းသည်။ သူတို့၏ ထွက်ရပ်လမ်းကို ပြလိုက်သော လစ်ဘရယ်ဒီမိုကရေစီစနစ်ကို နမ်းရှုတ်ခဲ့ကြပါသည်။ ထို့ကြောင့် ဒီမိုကရေစီမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံနိုင်သော စနစ်မဟုတ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်သော စနစ်အဖြစ်ကား လူတန်းစားအလွှာအသီးသီးက ကျင့်သုံးကြပါသည်။

လောလောဆယ် ကမ္ဘာ့အရေးအခင်းတွင် ပြဿနာတက်နေသော ဒီမိုကရေစီနိုင်ငံ တနိုင်ငံရှိ၏။ ထိုနိုင်ငံမှာ ဂရိနိုင်ငံ ဖြစ်ပါသည်။ ဂရိသည် ဥရောပသမဂ္ဂ (အီးယူ) ဝင် နိုင်ငံတခုဖြစ်သလို လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ စစ်စစ်လည်း ဖြစ်သည်။ ပါတီစုံစနစ်ကို အခိုင်အမာ ကျင့်သုံးသော နိုင်ငံဖြစ်ကာ ပြည်သူရွေးချယ်သော အစိုးရကသာ ပြည်သူအတိုင်း အုပ်ချုပ်သော အစိုးရမျိုး ထူထောင်ထားသော နိုင်ငံလည်း ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း စီးပွားရေးကား အောက်ဆုံးရောက်အောင် ကျဆင်းနေလေသည်။ ဒီမိုကရေစီစနစ်နှင့် စီးပွားရေးတိုးတက်မှုမှာ ဘာမှမဆိုင်ပေ။ စီးပွားရေးတက်ခြင်း၊ ကျခြင်းမှာ အစိုးရ၏ စွမ်းဆောင်ရည်နှင့် စီးပွားရေးစနစ်ကို မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ခြင်းတွင်သာ မူတည်ပါသည်။ စီးပွားရေးကျဆင်းသွားသဖြင့် ကျန်ဥရောပသမဂ္ဂဝင် နိုင်ငံများက ဂရိကို ငွေချေးကြရတော့သည်။ အကြွေးတင်အောင်၊ စီးပွားရေးကျအောင် အုပ်ချုပ်ခဲ့သော အစိုးရကို လူထုက ဖြုတ်ချကာ လက်ဝဲပါတီတခုကို အာဏာပေးလိုက်သည်။ ထိုအစိုးရအဖွဲ့မှာလည်း စီးပွားရေးတိုးတက်အောင် မလုပ်နိုင်သေးပေ။ ငွေချေးသည်။ အငြင်းပွားမှုများ ဖြစ်ခဲ့သေးသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီနှင့် စီးပွားရေး တိုးတက်မှု ဘာမှမဆိုင်ပေ။ ဒီမိုကရေစီနိုင်ငံဆိုပြီး ချမ်းသာချင်မှ ချမ်းသာပေမည်။ ကျင့်သုံးသော အစိုးရ၏ စီးပွားရေးမူနှင့် ကိုယ်ကျိုးကြည့်ဝါဒ အပေါ်သာ မူတည်ပါသည်။

ထို့ကြောင့် လစ်ဘရယ်ဒီမိုကရေစီ ခေါ် အရင်းရှင်ဒီမိုကရေစီခေါ် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ခရိုနီများ၊ လူတန်းစားပျက်များ၊ နိုင်ငံရေးပျက်များ အားလုံးက ကြိုက်ကြ၏။ လုပ်ပိုင်ခွင့်များ၊ အခွင့်အရေးများ ရရှိသောကြောင့် ဖြစ်ပါသည်။ အလုပ်သမား၊ လယ်သမား လူတန်းစား လွတ်မြောက်စေသောဝါဒ မဟုတ်။ သို့သော် စစ်အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်စေသောကြောင့် သဘောကျကြပါသည်။ လစ်ဘရယ်ဒီမိုကရေစီသည် ဒီမိုကရေစီသစ်မဟုတ်။ ပြည်သူ့ဒီမိုကရေစီမဟုတ်။ ဓားမနောက်ပိတ် လူတန်းစားများ လွတ်မြောက်စေသော ဒီမိုကရေစီစနစ် မဟုတ်ကြောင်း သဘောပေါက်လျှင် ဒုက္ခပင်လယ် ဝေခဲ့ရသော မြန်မာပြည်သူ တရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး လစ်ဘရယ်ဒီမိုကရေစီကို တောင်းဆိုနေကြသည်မှာ အဆန်းတကြယ် မဟုတ်ဘဲ လုပ်သင့်လုပ်အပ်သော လုပ်ရပ်ဖြစ်ကြောင်း နားလည်သဘောပေါက်ဖို့ လိုပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013