DVB Logo
Home
Lead Story
အချိန်တွေ မပိုင်ပေမယ့် နာရီအချိန်မှတ် ဘ၀၀မ်းစာဖြေရှင်းသူ
DVB
·
May 18, 2016
အချိန်တွေ မပိုင်ပေမယ့် နာရီအချိန်မှတ် ဘ၀၀မ်းစာဖြေရှင်းသူ
Donate to DVB

ရန်ကုန်မြို့မှာ တနေ့ထက်တနေ့ ပိုဆိုးလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လူတွေဟာ လမ်းပေါ်မှာပဲ အချိန်ကုန်ကြရတယ်။ အဲဒီလို လမ်းပေါ်မှာ အချိန်ကုန်နေကြရသူတွေကြားထဲ အချိန်ဟာ ငွေဖြစ်နေသူကတော့ ကိုထွန်းကျော်ပါပဲ။ နာရီအချိန်တွေကို ကိုထွန်းကျော် မပိုင်ပေမယ့် နာရီအချိန်တွေအလိုက် သူက ပိုက်ဆံရနေတာပါ။ သူက လမ်းပေါ်မှာ ဘတ်စ်ကားတွေရဲ့ အချိန်တွေကို မှတ်သားရင်း ဝင်ငွေရှာနေတာ ငါးနှစ် ငါးမိုး ရှိသွားပါပြီ။

ယုဇနပလာဇာရှေ့က ဒီဘတ်စ်ကားမှတ်တိုင်နေရာလေးက သူ့ရဲ့ အချိန်မှတ်နေရာလေးပါ။ စာအုပ်တအုပ်၊ ဘောပင်တချောင်း၊ လက်ပတ်နာရီတလုံးကတော့ သူ့ရဲ့ အရင်းအနှီးပါ။

"အချိန်က ပိုက်ဆံပဲပေါ့။ ကိုယ်တွေဆီက မိနစ်သိမှ သူတို့က ရှေ့ဆက်သွားလို့ရမှာ။ ကိုယ်တွေဆီက မိနစ်သိမှ သူတို့က သွားလို့ရတော့ ကိုယ်တွေက ကြားခံအနေနဲ့ ပြောပြတာပါ။ အဲဒီတော့ သူတို့က ကိုယ်တွေကို ပိုက်ဆံပေးတဲ့သဘောပဲ။ အလုပ်ကတော့။"

ရန်ကုန်မြို့မှာ ဘတ်စ်ကားတွေဟာ ခေါက်ရေပိုမိုမောင်းနိုင်ဖို့၊ တစီးနဲ့တစီး အပြိုင်မောင်းနှင်နိုင်ဖို့အတွက် အချိန်မှတ်သူတွေက လိုင်းတူကားတွေ မှတ်တိုင်ဖြတ်သွားတဲ့ အချိန်တွေကို ပြန်ပြောရတာပါ။

ဘတ်စ်ကားလိုင်းတွေကို အချိန်မှတ်ပေးတဲ့အတွက် ဘတ်စ်ကားမောင်းနှင်သူတွေက ပြန်ပေးတဲ့ငွေကြေးက သူ့အတွက် တရက်ကို ကျပ်တသောင်းကျော် ဝင်ငွေရှိနေတာပါ။ အချိန်ကွာခြားချက်အလိုက် ဘတ်စ်ကားတွေက မှတ်တိုင်တွေမှာ လူတင် လူစောင့်လုပ်သလို အပြိုင်မောင်းနှင်တာတွေလည်း လုပ်လာကြတာပါ။ ဒါကြောင့် တချို့တွေက ဘတ်စ်ကား အချိန်မှတ်သူတွေကို ဘတ်စ်ကားတွေကို ရန်တိုက်ပေးသူအဖြစ် ပြောဆိုကြပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကစပြီး ရန်ကုန်မြို့က ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားတစီးနဲ့တစီး ကွာခြားချိန်တွေကို မှတ်သားပြီး ဘတ်စ်ကားမောင်းနှင်သူတွေကို ပြောပြတာတွေ လုပ်ကိုင်လာခဲ့ကြတာပါ။

ကားမှတ်တမ်းမှတ်သူတွေဟာ အရင်က ရန်ကုန်မြို့လယ်က လူစည်ကားရာ မှတ်တိုင်ကြီးတွေမှာသာ ရှိခဲ့ရာ အခုအခါမှာတော့ ကားမှတ်တိုင်တွေမှာ အချိန်မှတ်သူတွေအဖြစ် လုပ်ကိုင်သူတွေ တဖြည်းဖြည်း များပြားလာပါပြီ။

"ဒီအလုပ်ကို စလုပ်ဖြစ်တာ ကျနော်က အရင် ဒီမင်္ဂလာဈေးလိုင်းမှာ စပယ်ယာလိုက်တဲ့သူ၊ နောက်ကျတော့ ကားမလိုက်တော့ဘူးဆိုပြီး အိမ်မှာ ခဏနားနေတဲ့အချိန်၊ အဲဒီမှာ သူငယ်ချင်းတယောက်က ဟေ့ကောင် မင်း အိမ်မှာ ဒီအတိုင်းထိုင်နေလည်း ဝင်ငွေမရှိဘူး။ အဲဒီတော့ ပလာဇာမှာ ငါတို့ကားတွေကို အချိန်မှတ်ပေးပါလား။ အဲဒီတုန်းက ကျနော်လိုက်တဲ့ကားလိုင်းက ၃၈ စီး ရှိတယ်။ ပုံမှန်အားဖြင့်တော့ အစီး ၃၀ လောက် ထွက်တယ်ပေါ့။"

ကိုထွန်းကျော်ကတော့ ဘတ်စ်ကားမောင်းသူတွေကို သူ့ရဲ့အလုပ်ရှင်၊ ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားပါတယ်။

ကားသမားတွေအတွက် အချိန်မှတ်ပေးရုံဆိုပေမယ့် သူ့ရဲ့အလုပ်က လွယ်ကူလှတာတော့ မဟုတ်ပါဘူး။

"ပထမ သုံးလေးရက်လောက်မှာ ဒီအလုပ်ကို ဆက်မလုပ်ချင်တော့လောက်အောင်အထိ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားနောက် ပြေးလိုက်ရတာကိုး။ ဒီနေရာက တခြားနေရာတွေနဲ့ မတူဘူး။ တခြားမှတ်တိုင်တွေက တိုတယ်။ ပလာဇာမှတ်တိုင်က အကျယ်ကြီး။ ဥပမာ ဒီကားကို မိနစ်ပြောမှ ကိုယ်ပိုက်ဆံရတော့မယ်၊ ဒီကားက အဲဒီ့နေရာမှာ ရပ်လို့မရတော့ ဟိုးအရှေ့သွားရပ်ရင် အဲဒီ့ကားနောက်ကို လိုက်ရတယ်။ အဲဒါမှ မိနစ်သိမယ်။ သူတို့ကို မိနစ်ပြောမယ်၊ မိနစ်ပြောမှ ကိုယ်က ပိုက်ဆံရမယ်။ မလိုချင်လို့ မပြောဘူးဆိုရင် သူတို့ကို လွှတ်ပေးလိုက်ရုံပဲ ရှိတယ်။ ဒါဆိုရင် ကိုယ်တနေကုန် ပြောထားတာ အလကားပဲ။ အချိန်မှတ်တဲ့နေရာတွေမှာ ဒီနေရာက အပင်ပန်းဆုံးပဲ။

"ဒီအလုပ်နဲ့ ရေရှည်ရပ်တည်နိုင်မယ်လို့တော့ ကျနော် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်လည်း ဒီ့ထက် အသက်ကြီးလာရင် ဒီအလုပ်ကို လုပ်ချင်မှ လုပ်တော့မှာ။ အဲဒီ့တော့မှ တခြားအလုပ်လေးတခုပေါ့။ တခြားအလုပ်တခုလုပ် ဆိုရင်တောင်မှ သူများတွေရဲ့ လက်အောက်မှာ လုပ်တဲ့အလုပ် မလုပ်ချင်ဘူး။ ကိုယ်ပိုင်လုပ်ငန်းလေး ဥပမာ ကိုယ်တတ်တဲ့ ပညာလေး လုပ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဈေးရောင်းတာလေးပဲ ဖြစ်ဖြစ်ပေါ့နော်။"

အထည်ချုပ်အလုပ်သမား၊ ယာဉ်နောက်လိုက် အစရှိတဲ့ အလုပ်အမျိုးမျိုးကို လုပ်ကိုင်ဖူးတဲ့ ကိုထွန်းကျော်ဟာ ကားမှတ်တမ်းမှတ်သူအဖြစ် လုပ်ကိုင်ချိန်မှာတော့ မိသားစုစီးပွားရေးကို ထောက်ပံ့နိုင်တဲ့အတွက် ဒီအလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်နေတာပါ။

"ကိုယ်ပင်ပန်းသလို ကိုယ့်သားသမီး ပင်ပန်းမယ့် အဖြစ်မျိုးတော့ ကျနော်က အဖြစ်မခံနိုင်ဘူး။ အတတ်နိုင်ဆုံး သူတို့ဘဝကို မြေတောင်မြှောက်ပေးဖို့၊ စိတ်ထဲအရှိဆုံးပဲ အဲဒါက။ ကိုယ်သာ ဒုက္ခခံရင် ခံရပါစေ။ ကိုယ်လို ဒုက္ခမျိုးတော့ မခံရစေဘူး။"

လက်ပတ်နာရီ ပတ်လေ့မရှိတဲ့ သူ့အတွက် အခုဆိုရင် လက်ပတ်နာရီက အရေးအကြီးဆုံး ဖြစ်လာပါတယ်။

"အချိန်က ငွေပဲလို့ သိတဲ့အချိန်ကစပြီး နာရီကတော့ ပတ်တယ်ပေါ့နော်။ အိပ်တဲ့အချိန်လောက်ပဲ နာရီချွတ်တယ်။ ကျန်တဲ့အချိန်ကတော့ နာရီပတ်ထားတဲ့ အချိန်များတယ်။"

နွေမိုးဆောင်း သုံးရာသီလုံး ယုဇနပလာဇာရှေ့မှာ နားချိန်မရှိဘဲ ပြေးရင်းလွှားရင်း အချိန်တွေမှတ်ရင်း ကိုထွန်းကျော်ရဲ့ နေ့တွေကို ကုန်ဆုံးနေဆဲ ဖြစ်ပါတယ်။

စန်းမော်အောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013