
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းက ရွာစဉ်ကျေးရွာကို မေ ၂၁ ရက် ညပိုင်းမှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲပြီး ဒရုန်းနဲ့ပါတိုက်ခိုက်တာကြောင့် အနည်းဆုံး အရပ်သား ၄ ယောက် သေဆုံး ပြီး တချို့ပျောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ည ၉ နာရီလောက်မှာ ဂျက်ဖိုက်တာ ၁ စင်းနဲ့ ဗုံးကြဲပြီး ရွှေဘို လေ့ကျင့်ရေး ၈ ကနေ အသေခံဒရုန်း ၂ စင်းနဲ့လည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၀ ကျော်အရွယ်၊ ၄၀ ကျော်နဲ့ ၅၀ ကျော်အရွယ်တို့ဖြစ်ကြပြီး နွား ၇ ကောင်လည်း သေဆုံးခဲ့သလို အိမ် ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။
ရွာစဉ်ရွာဟာ ခင်ဦးမြို့အရှေ့ဘက် ၇ မိုင်လောက်မှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ စံပြ ကျေးရွာ ဖြစ်ပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ စစ်တပ်က စစ်ရေးပစ်မှတ်နဲ့ အရပ်သား ပစ်မှတ် တွေကို ခွဲခြားတာမရှိဘဲ လေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ဗုံးခိုကျင်းတွေတူးဖို့၊ လေကြောင်းသတင်းပေး icon စက်တွေဆောင်ထားကြဖို့ အသိပေးထားပါတယ်။










