DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်ကြရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား
DVB
·
May 16, 2016
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်ကြရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား
1 / 3
Donate to DVB

၂၁ ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်း လုပ်ငန်းစဉ်တွေ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဒီကနေ့မနက်က နိုင်ငံတော်သမ္မတအိမ်တော်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ကျင်းပတဲ့ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ဖွဲ့စည်းရေးနဲ့ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ အကြို ပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားတာလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားရာမှာ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကို အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနအောက်မှာ အစိုးရ အဖွဲ့အစည်း တရပ် အနေဖြင့် ထားရှိသွားမှာဖြစ်ကြောင်းနဲ့ အစိုးရဌာနအဖွဲ့ အစည်းတရပ် ဖြစ်လာမှာဖြစ်လို့ ဘတ်ဂျက်သုံးစွဲမှု စည်းမျဉ်းစည်းကမ်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်သွား ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

၂။ NRPC ရုံးချုပ်ကို နေပြည်တော်တွင် တည်ထောင် ဖွဲ့စည်းမည် ဖြစ်ပြီး လက်ရှိ ရန်ကုန် MPC ရုံးကို NRPC ၏ ရန်ကုန်ရုံးခွဲအဖြစ် ပြောင်းလဲ ဖွဲ့စည်းမှာဖြစ်ပြီး နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံကျင်းပဖို့ သင့်လျော်သည့် ညီလာခံခန်းမနေရာ ရွေးချယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုလုပ်ငန်းစဉ်တွေကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရသူ ဦးကျော်တင့်ဆွေက ဦးဆောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

၃။ နှစ်ဆယ့်တစ်ရာစုပင်လုံ ညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုး ထားပြီး ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ဆွေးနွေး ညှိနှိုင်းရေး လုပ်ငန်းတာဝန်တွေကို ဆပ်ကော်မတီတရပ်ဖြင့် ဆောင်ရွက်ရန်၊ လက်မှတ်ရေးထိုးခြင်း မပြုရ သေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းများကို နောက်ထပ် ဆပ်ကော်မတီတစ်ရပ် ဖွဲ့စည်း၍ တာဝန်ယူဆောင်ရွက်သွားရန် ပြောကြားပါတယ်။ အချိန်ကန့်သတ်ချက်ကြောင့် ယင်းဆပ်ကော်မတီနှစ်ရပ်အနေဖြင့် တချိန်တည်း တပြိုင်တည်း သီးခြားစီ ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရန်နဲ့ အဆိုပါ ကော်မတီနှင့် ဆပ်ကော်မတီတွေကို ယခုသီတင်းပတ်အတွင်း ဖွဲ့စည်းပြီး မိမိတို့၏လုပ်ငန်းတာဝန်များကို အရှိန်မြှင့်တင် လုပ်ကိုင်ဆောင်ရွက်ကြရန် ပြောကြားပါတယ်။

၎။ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအချက်မှာ ပါဝင်သူ အားလုံးအနေဖြင့် မိမိတို့ မည်သည်ကို လိုချင်သည် ဟူသော တောင်းဆိုမှုထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည် ဟူသော ကမ်းလှမ်းချက်ကို အခြေခံ၍ ဆွေးနွေးကြရန်၊ ဆွေးနွေးညှိနှိုင်းရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA ကို အခြေခံ၍ ပြောင်းလွယ်ပြင်လွယ် ဆွေးနွေးကြရန်၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ပြန်လည်သုံးသပ်၍ ပြင်ဆင်သင့်သည်များ ပြင်ဆင်ကာ ဆွေးနွေးပွဲအစီအစဉ်တွေ ပြန်လည်သတ်မှတ်ပေးရန် အရေးကြီးကြောင်း လမ်းညွှန်ပြောကြားပါတယ်။

၅။ အရပ်ဘက်လူမှုအဖွဲ့အစည်း Civil Society Organization များ ခိုင်ခိုင်မာမာ ပါဝင်နိုင်ရေးအတွက် CSO Forum တစ်ခု ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို နိုင်ငံရေးဆွေးနွေးပွဲများနှင့်အပြိုင် သီးခြား ဆောင်ရွက်သွားကြရန်၊ CSO Forum ကို ၄င်းတို့ CSO များကိုယ်တိုင် ရွေးချယ် ဆောင်ရွက်စေမည် ဖြစ်ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများကို NRPC မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ CSO Forum မှ ထွက်ပေါ်လာသော အကြံပြု တင်ပြချက်များကို ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်၊ လူအများကြီး မဖောင်းပွစေဘဲ သိပ်သည်း ကျစ်လစ်သော ဆွေးနွေးပွဲသဘောကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း ပြောပါတယ်။

NRPC ဖွဲ့စည်းမှု၊ နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံကျင်းပနိုင်ရေး အကြိုပြင်ဆင်မှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC နှင့် တွေ့ဆုံ ရှင်းလင်းပြီး UPDJC ပြင်ဆင်ဖွဲ့စည်းမှုတွေကို အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ အစိုးရကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခြင်း ခံရသူ ဦးကျော်တင့်ဆွေ၊ တပ်မတော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေနဲ့ ဒေါက်တာမင်းဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦး တို့ တက်ရောက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောအပြီးမှာ အစည်းအဝေးတက်ရောက်လာကြသူ တွေက တဦးချင်းဆွေးနွေးတင်ပြကြရာမှာ ဆွေးနွေးတင်ပြချက်တွေအပေါ်အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဆွေးနွေး အဆုံးအဖြတ်ပြုခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးတစ်ရပ်ကို လာမည့်သီတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013