DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် ကျောက်မျက်စင်တာဖွင့်လှစ်ပေးရန် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ တောင်းဆို
DVB
·
May 15, 2016
မိုးကုတ်တွင် ကျောက်မျက်စင်တာဖွင့်လှစ်ပေးရန် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ တောင်းဆို
Donate to DVB

မိုးကုတ်မြို့ကို ကျောက်မျက်စင်တာ ဆောက်လုပ်ဖို့နဲ့ ကျောက်မျက်ရတနာ နည်းဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ကို မန္တလေးတိုင်းဝန်ကြီးချုပ်ကို ကျောက်မျက်လုပ်ကိုင်နေသူတွေက တောင်းဆိုခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော် ၀န် ဒေါက်တာရဲလွင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မိုးကုတ်မြို့ ဒေသခံပြည်သူတွေ မဏိရတနာခန်းမဆောင်မှာ မေလ (၁၃) ရက်နေ့က တွေ့ဆုံခဲ့စဉ်မှာ အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကျောက်မျက်လေလံပွဲကို နေပြည်တော်ထိ သွားရောက်ပြီး ၀ယ်ယူရတဲ့အတွက် တည်းခိုရတဲ့နေရာတွေနဲ့ ငွေကြေးဘဏ်ကိုသွင်းရတဲ့ အခက်အခဲတွေနဲ့ မိုးကုတ်မြို့သူ၊ မြို့သားတွေဟာ  အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့အတွက် မိုးကုတ်မြို့ကို ကျောက် မျက်စင်တာ ဆောက်လုပ်ဖို့နဲ့ ကျောက်မျက်ရတနာဥပဒေကို ပြန်လည်ပြင်ဆင်ပေးဖို့ကို တောင်းဆိုတာလို့ မိုးကုတ်မြို့မှ ကျောက်ကုန်သည်ပွဲစားများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က ပြောပါတယ်။

“အစ်မတို့က ကျောက်မျက်လေလံပွဲတွေဆိုရင် အစ်မတို့မြို့ကလူတွေက နေပြည် တော်အထိ သွားပြီးတော့ ၀ယ်ရတယ်ပေါ့နော်။ ကျောက်တွေ လေလံသွားပြီးတော့ ၀ယ်ရတယ်။ အဲဒီအခါမှာ ဘာတွေဖြစ်လည်းဆိုတော့ တည်းခိုတဲ့နေရာ အကျပ်အတည်း တွေပေါ့နော်။ နောက်ပြီးတော့ ငွေကြေးလည်း ဘဏ်ကိုသွင်းရတဲ့ အခက်အခဲတွေပေါ့၊ အများကြီးကြုံရပါတယ်။ အဲလိုကြုံရတဲ့အတွက်ကြောင့် အစ်မတို့က မိုးကုတ်မြို့မှာပဲ၊ ကျောက်စိမ်းမပါဘူးပေါ့၊ အစ်မတို့ဒေသထွက် ကျောက်မျက်ကိုပဲ မိုးကုတ်မြို့မှာပဲ ကျောက်မျက်စင်တာကြီး တည်ဆောက်ပြီးတော့၊ ဒီနေရာမှာပဲ ရောင်းချခွင့်ရအောင်တော့ အစ်မတို့က တောင်းဆိုထားတာပါ။”

အရင်အစိုးရလက်ထပ်မှာ မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းခဲ့တဲ့ အခန်း (၄) ပုဒ်မ (၈) မှာ ရတနာ ထွက်ရှိတဲ့ နယ်မြေတွေမှာ  အကြီးစားနဲ့ အလတ်စားချပေးဖို့ ရေးထားပြီး၊ အသေးစားနဲ့ လက်လုပ်လက်စားတွေအတွက် ရေးဆွဲဖော်ပြထားခြင်း မရှိတဲ့အတွက် အသေးစား လုပ်ကိုင်သူတွေက အခွင့်အရေးမရှိဘူးလို့ မိုးကုတ်မြို့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးမှ ကိုဇော်ဝင်းက ပြောဆိုဝေဖန်ပါတယ်။

“ရတနာထွက်ရှိတဲ့ နယ်မြေတွေမှာ အကြီးစားနဲ့၊ အလတ်စားကို ချပေးဖို့ဆိုပြီးပဲ ရေးထားပြီးတော့၊ အသေးစားတွေ လက်လုပ်လက်စားတွေအတွက်ကို ဘာမှရေးမထားဘူး။ ဘာအခွင့်အရေးမှ ပေးမထားဘူး။ အဲတော့ ရတနာထွက်ရှိတဲ့ နေရာတွေကို အကြီးစားနဲ့ အလတ်စားလုပ်ပြီးတော့၊ ကျနော်တို့ အသေးစားတွေ လက်လုပ်လက်စား တွေက ဘယ်နားသွားလုပ်ရမလဲ။ ရတနာမထွက်တဲ့ နေရာမှာလုပ်ရမှာလား အဲဒါဆိုရင်။ အဲဒါကြောင့်မို့လို့ ဒီဥပဒေကြီးက ကျနော်တို့ အခြေခံလူတန်းစားတွေအတွက် ဘာမှ အကျိုးမပြုဘူး။ ဒါကြီးကို ကျနော်တို့က ပြင်စေချင်တယ်။ မိုးကုတ်က ရတနာထွက်မှ ကျနော်တို့က ဒီကျောက်မျက်လုပ်ငန်းနဲ့၊ ဒီရတနာနဲ့ပဲ လုပ်ကိုင် စားသောက်နေကြရတာ လေ။”

မိုးကုတ်မြို့ကို ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ Tourism City ဖော်ဆောင်ပေးဖို့နဲ့ ကျောက်မျက်ရတနာ တူးဖော်ရေး တနိုင်တပိုင် လုပ်ပိုင်ခွင့် ချထားပေးဖို့နဲ့၊ အသေးစားနဲ့ လက်လုပ်လက်စားတွေ လုပ်ပိုင်ခွင့်ရဖို့အတွက် လွှတ်တော်ကို တင်ပြသွားမယ်လို့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးမျိုးသစ်က ပြောဆိုခဲ့ပါတယ်။

“ဒေသခံ ကုန်သည်တွေရှိတယ်၊ ပွဲစားတွေရှိတယ်၊ ဒေသခံတွေရဲ့ဆန္ဒ အားလုံး ညှိနှိုင်းပြီးမှ စင်တာ ဘယ်နားမှာ ဆောက်သင့်တယ်ဆိုတဲ့ နေရာလေးပေါ့နော်။ အားလုံး ပူးပေါင်းညှိနှိုင်းတဲ့ အဖြေတခုကို သူရချင်တယ်။ အဲဒါဆိုရင် ၀န်ကြီးချုပ်က လုပ်ကိုင်ရ တာ လွယ်သွားပြီ။ တယောက်က တင်ပြတာတမျိုး၊ ဟိုတယောက်က တင်ပြတာတမျိုး ဆိုရင် ၀န်ကြီးချုပ်လည်း အလုပ်များတာပေါ့နော်။ အဲတခုပေါ့။ နောက်တခုက ကျနော် တို့ တနိုင်တပိုင်၊ လက်လုပ်လက်စား အဲဒါက ကျနော်တို့ ဥပဒေအရ သွားနေတယ်။ ဥပဒေအရ တင်ပြဆွေးနွေးဖို့ရာ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်လက်ထဲမှာ အပြည့်အစုံရှိတယ်။ သူတင်ပြခွင့်ရမယ်။”

သတင်း - အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013