DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန်ပြင်ဆင်
DVB
·
May 15, 2016
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးရန် အမေရိကန်ပြင်ဆင်
Donate to DVB

အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လာမယ့် အပတ်ထဲ သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

တချိန်တည်းမှာ ရင်းနှီမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေကို တိုးမြှင့်သွားနိုင်ဖို့ ရည်ရွယ်တဲ့ အပြောင်းအလဲတချို့ကိုတော့ ပြုလုပ်သွားမယ်လို့ အမေရိကန် အကြီးတန်း အရာရှိတွေကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်ကတည်းက အမေရိကန်အစိုးရက ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အတော်များများကို ရုပ်သိမ်းပေးခဲ့တာပါ။

အမေရိကန် ဘဏ္ဍာရေးဌာနက ဖြေလျော့ပေးပြီးသား အထွေထွေလိုင်စင်ထဲမှာ အရင်က ပိတ်ဆို့ထားတဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားရေး လုပ်ငန်း ၁၀၀ ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒီဇင်ဘာလမှာ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ယာယီ ဖြေလျော့ပေးလိုက်လို့ မြန်မာ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေမှာ ကုန်ပစ္စည်းတွေ ဖြတ်သန်းခွင့် ၆ လ ခွင့်ပြုခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ တချို့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ ပယ်ဖျက်ပေးဖို့ ရှိတယ်လို့ ကွန်ဂရက် အမတ်တွေရဲ့ လက်ထောက်တွေ၊ အစိုးရ အရာရှိတွေက ဆိုပါတယ်။

ဥပဒေထဲက တချို့ ကန့်သတ်ချက်တွေကို အပြောင်းအလဲလုပ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးမယ့်ကိစ္စမှာ တိုင်းပြည် စီးပွားရေး တစုံလုံးကို မထိခိုက်အောင် ဂရုစိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေကို ကိုးကားတဲ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

IEEPA လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာ အရေးပေါ် စီးပွားရေး ပါဝါ အက်ဥပဒေဟာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ မေ ၂၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလို မေလ ၂၀ ရက်နေ့ကျရင် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေကို သက်တမ်းတိုးမယ့် ကြေညာချက်ဟာ လာမယ့် အင်္ဂါနေ့ အစောဆုံး ထွက်ပေါ်လာနိုင်တယ်လို့ အမေရိကန် အမတ်တွေနဲ့ အစိုးရ အရာရှိတွေက ဆိုပါတယ်။

ဂျွန်ကယ်ရီရဲ့ မြန်မာပြည်ခရီးစဉ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရ အာဏာရပြီးနောက် ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်ထားမှာ ဖြစ်ပေမယ့် ဥပဒေထဲက တချို့ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးခြင်းအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ လုပ်ခွင့်ကိုင်ခွင့် ဘောင်ပိုကျယ်လာဖွယ် ရှိပါတယ်။

ဒဏ်ခတ်ပိတ်ဆိုမှုတွေဟာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်တပ်ကို အပြောင်းအလဲ လုပ်လာအောင် ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အမေရိကန်အစိုးရဟာ မြန်မာပြည်မှာ လူနည်းစု တိုင်းရင်းသားတွေ၊ ဘာသာရေး အုပ်စုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာလည်း စိုးရိမ်နေတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013