DVB Logo
Home
Lead Story
ရခိုင်ပြည်နယ်က ကုလပရောဂျက်တွေ စီမံစရိတ်က ပိုများနေတယ် - ဦးသန်းထွန်း
DVB
·
May 15, 2016
ရခိုင်ပြည်နယ်က ကုလပရောဂျက်တွေ စီမံစရိတ်က ပိုများနေတယ် - ဦးသန်းထွန်း
1 / 3
Donate to DVB

လွန်ခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလက်အောက်ခံ အိုင်အန်ဂျီအိုအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို တွေ့ဆုံပြီး နိုင်ငံတွင်း အကောင်အထည်ဖော်နေတဲ့ ဖွံ့ဖြိုးရေးပရောဂျက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပါတယ်။ ပရောဂျက်တွေဟာ မြန်မာပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီဖို့ လိုအပ်တယ်၊ အစိုးရရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့လည်းကိုက်ညီဖို့လိုတယ်၊ အရေးကြီးဆုံးက ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အကျိုးရှိဖို့လိုတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အိုင်အန်ဂျီအိုအဖွဲ့အစည်းတွေ အများအပြား ရောက်ရှိဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်တွင်းက ဖွံ့ဖြိုးရေးပရောဂျက်တွေမှာ စီမံခန့်ခွဲမှုအသုံးစရိတ်က ကူညီထောက်ပံ့တဲ့ စရိတ်ထက် ပိုမိုများပြားနေတာကြောင့်  လျော့ချသုံးစွဲသင့်ပြီး ကူညီမှုစရိတ်ကို မြှင့်တင်ပေးသင့် တယ်လို့ ထောက်ပြမှုတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်တွေမြို့ခံ ဦးသန်းထွန်းကို ဆက်သွယ်မေးမြန်းပါတယ်။

မြန်မာပြည်မှာ အိုင်အန်ဂျီအိုတွေက ရခိုင်ဘက်မှာ အများဆုံးလို့ လေ့လာသိရှိရတယ်။ ဦးသန်းထွန်းတို့ မြို့မိမြို့ဖတွေအနေနဲ့ အိုင်အန်ဂျီအိုတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ဘယ်လိုအချက်တွေကို ထောက်ပြချင်လဲ။ အဓိက ဘယ်နှစ်ချက်လောက်ရှိလဲ။

“ပထမဆုံး ပြောချင်တာက ကျနော် မြို့မိမြို့ဖကနေ အနားယူထားပါပြီ။ နောက်ပြီး ကျနော်ပြောချင်တဲ့အချက် က ယူအန်အေဂျင်စီတွေနဲ့ အိုင်အန်ဂျီအိုတွေ အများဆုံးဒေသဟာ ရခိုင်ပြည်နယ်ဆိုလည်း ဟုတ်ပါတယ်။ ယူအန်အေဂျင်စီတွေထဲမှာ ကြီးကြီးမားမားအဖွဲ့တွေကတော့ ယူအန်ဒီပီတို့လိုဟာမျိုးတွေကတော့၊ ယူနီဆက်ဖ်လို ဟာမျိုးတွေကတော့ ကြီးကြီးမားမားအဖွဲ့တွေပေါ့။ ဒါပေမယ့် အဲဒီယူအန်ဒီပီတို့၊ ယူနီဆက်ဖ်တို့ရဲ့ ၊ ကျနော်က ရခိုင်ပြည်အတွက်ပဲပြောမှာနော် ရခိုင်ပြည်ကို ကူညီထောက်ပံ့တဲ့ဟာတွေက ရခိုင်တွေဆီကိုရောက်တာက နည်းနည်းဖြစ်ပြီးတော့ ဟိုဖက်က ကျူးကျော်ဘင်္ဂလီဖက်ကို ရောက်တာက များများဖြစ်နေပါတယ်။ နောက်ပြီးတော့ ယူအန်အိုင်အန်ဂျီအိုတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေ ဆိုတာကလည်း မရှိဘူးလားလို့မေးရင် ရှိတယ်လို့ ပြောရမယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားတွေဘက်မှာ မပြောပလောက်အောင်ရှိပြီးတော့ ကျူးကျော်ဘင်္ဂလီတွေဘက်မှာပဲ များနေတဲ့အဓိပ္ပာယ်ရှိတယ်။ ဒါက ယူအန်န်ကို ပြောတာနော်။ အိုင်အန်ဂျီအိုတွေဘက်ကို ပြောမယ်ဆိုရင်တော့ ဒီထက်ပိုဆိုးသွားပြီ။ တချို့တွေ အိုင်အန်ဂျီအိုဆိုတာ ဘင်္ဂလီအတွက်ပဲ သီးသန့်လာတဲ့ အိုင်အန်ဂျီအိုတွေများတယ်။ နောက်တချက်က ဘင်္ဂလီတွေကို များများစားစားပေးချင်တဲ့အတွက်ကြောင့် ရခိုင်ဘက်ကို နည်းနည်းလေးအပေးပြတဲ့ အိုင်အန်ဂျီအိုလည်းရှိတယ်။ အဲလိုအနေအထားပါ ကျနော်တို့ရခိုင်ပြည်မှာရှိတဲ့ ယူအန်အိုင်အန်ဂျီအိုတွေအနေအထားက။ အဲဒီတော့ အမှန်တကယ်ဖြစ်သင့်တာက ယူအန်အိုင်အန်ဂျီအိုတွေရဲ့ developing projects ဖွံ့ဖြိုးရေးစီမံချက်တွေကတော့ ပြည်လုံးဆိုင်ရာ၊ ရခိုင်တပြည်လုံးကို လွှမ်းခြုံနိုင်တဲ့ အကူအညီမျိုးတွေဖြစ်ရမယ်။ ဒါပေမယ့် သူတို့လာတဲ့အကူအညီအကုန်လုံးက ဘူးသီးတောင်၊ မောင်းတောဘက်မှာပဲ များနေပြီးတော့ ကျနော်တို့မှာ တကယ်ဆင်းရဲကြတဲ့ ရန်းဗြဲတို့လို၊ ဂွတို့လို၊ ဥပမာအားဖြင့် မာန်အောင်တို့လို၊ ပေါက်တောတို့လို၊ မြေပုံတို့လို နေရာတွေမှာ ယူအန် အိုင်အန်ဂျီအိုတွေရဲ့ ပရောဂျက်တွေ တခုမှ မတွေ့ရဘူးခင်ဗျ။ မတွေ့ရသလောက်ပဲ အဲဒါပါ။”

ဒီပရောဂျက်တွေက တကယ်လိုအပ်နေတဲ့ စာသင်ကျောင်းတွေ၊ အိမ်သာစတဲ့ တကယ်လိုအပ်ချက်တွေမှာ အံဝင်ခွင်ကျဖြစ်လား။  

“အဓိကကတော့ ယူအန်အိုင်အန်ဂျီအိုတွေရဲ့ ပရောဂျက်တွေမှာ ကျနော်တို့ သိရသလောက် ကတော့ ဥပမာဆိုပါစို့ဗျာ ကျောင်းတကျောင်းလှူဒါန်းတယ်ပေါ့၊ ကျောင်းတကျောင်း ဆောက်ပေး တယ်။ ဒါပေမယ့် အဲဒီ နိုင်ငံတကာအဖွဲ့အစည်းက ဆောက်တဲ့ကျောင်းဆိုတာ တကယ့်စံမီ ဖြစ်နေရလိမ့်မယ်။ ဒါပေမယ့် လက်တွေ့အနေအထားမှာက ဒီယူအန်အိုင်အန်ဂျီအိုတွေ ဆောက်တဲ့ ကျောင်းတွေဟာ ကျနော်တို့ဆီက သာမန်ကန်ထရိုက်တွေဆောက်တဲ့ ကျောင်းတွေ လောက်တောင်မကောင်းဘူး။ တချို့တလေဆိုရင် ပစ္စည်းတွေခိုတာပေါ့ဗျာ။ သစ်မာသုံးရမယ့် အစား သစ်ပွတွေသုံးတယ်။ ဘိလပ်မြေအချိုးအစားက နည်းလွန်းအားကြီးတယ်။ အဲလိုမျိုးတွေ ဖြစ်ဖြစ်နေတော့ ပထမဦးဆုံး လှူထားတုန်းကတော့ ကျောင်းက ကြွကြွရွရွလေး၊ လှလှပပလေးပေါ့။ ဒါပေမယ့် အဲဒီကျောင်းက တနှစ်၊ နှစ်နှစ်ကြာတော့ အကုန်လုံး ချွတ်ခြုံကျပြီးတော့ အကုန်လုံးဘာမှသုံးလို့မရဘူး အဲလိုဖြစ်သွားတာတွေ များနေပါတယ်။”

အိုင်အန်ဂျီအိုအဖွဲ့တွေက နယ်မြေတွေမှာ အခြေစိုက်ပြီးရုံးခန်းတွေ ဖွင့်တဲ့အခါမှာ ဘတ်ဂျက်အချိုးအစားအရ ဒေသခံတွေ တကယ်ခံစားရတာက နည်းပြီး စီမံစရိတ်က များတယ်လို့ ကြားသိရတယ်။ ဘယ်လိုအခြေအနေပါလဲ။

“ဟုတ်ကဲ့ အဲဒီနိုင်ငံတကာ အေဂျင်စီတွေပေါ့၊ ယူအန်အိုင်အန်ဂျီအိုတွေပေါ်မှာ ပြောလိုတဲ့အချက်က အဲဒီအချက်ပဲ။ အဓိကပြောလိုတဲ့အချက်က သူတို့ ပရောဂျက်တွေ ရလာတယ်။ ဥပမာ- ရခိုင်ပြည်အတွက် ပရောဂျက်တခုအတွက် ဒေါ်လာတသန်းရတယ်ဆိုရင် သူတို့အမှန်တကယ် ကျနော်တို့ ခန့်မှန်း သုံးရသလောက်က ၄၀ ရာခိုင်နှုန်းလောက်ပဲ။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ staff ကြေးတွေ၊ အိမ်ခန်းငှားခတွေ၊ အသွားအလာစရိတ်တွေ၊ အဲဒါတွေနဲ့ ကုန်သွားသလိုပဲလို့ ကျနော်တို့ ခံစားရတယ်။ ဘာကြောင့်လည်းဆိုတော့ ဥပမာ ကျနော်တို့ မြန်မာနိုင်ငံမှာ ၀န်ထမ်းတယောက်ရဲ့လစာဟာ ၂ သိန်းလောက်၊ ၂ သိန်းကျော်ကျော်လောက်ပဲရှိတယ်။ အဲဒါဟာ အရာရှိငယ်တယောက်ရဲ့ လစာပေါ့။ ဒါပေမယ့် ယူအန်အိုင်အန်ဂျီအိုတွေမှာ သာမန်ရုံးအကူတွေ၊ ဒရိုင်ဘာတွေရဲ့လစာတွေက ၅ သိန်း၊ ၆ သိန်းလောက်ရှိတယ်။ တချို့တလေဆိုရင် နိုင်ငံခြားသားတွေဆိုရင် သူတို့လစာတွေ ဘယ်လောက်ရမှန်းတောင် မသိလောက်အောင် များပြားလွန်းအားကြီးတယ်၊ သဘောကတော့ local staff တွေကို ဆယ်သိန်းလောက်ပေးရင် သူတို့က အဲဒီ ၁၀ သိန်းထက် ပိုများသွားပြီ။ အဲလို staff တွေအတွက် လစာတွေ များလွန်းအားကြီးတယ်။ နောက်ပြီးတော့ သူတို့ဟာ ဒီကိုလာပြီးတော့ အလုပ်လုပ်မယ့်လူတွေနဲ့မတူဘူး။ ဒီကိုလာပြီးတော့ ဇိမ်ခံဖို့လာတဲ့လူလို အိမ်ကြီးအိမ်ကောင်းကြီးတွေ ငှားတယ်။ ဈေးကြီးတွေနဲ့ ပေးငှားတယ်။ အဲဒီအိမ်ကြီး အိမ်ကောင်းတွေမှာ အခန့်သားနေတယ်။ ကျနော်တို့ရခိုင်တွေကတော့ သူတို့ ယူအန်အိုင်အန်ဂျီအို တွေရဲ့ နေ့တဓူဝ နေထိုင်စားသောက်ပုံကိုတော့ ဒီအတိုင်းပဲ မြင်တယ်ခင်ဗျ။ အဲလိုသုံးတဲ့ဥစ္စတာ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ ဒေါ်လာ ၁ သန်းပေးတယ်ဆိုရင် ကျနော်တို့ တကယ့် field ထဲမှာ ဒေါ်လာ ၄ သိန်းဖိုးရတာ သိပ်ကံကောင်းတယ်လို့ပဲ ပြောရပါလိမ့်မယ်။”

စီမံမှုစရိတ်လျော့ချပြီး ဒေသခံတွေအတွက်ပိုသုံးအောင်အပါအ၀င် အခြေအနေတွေ တိုးတက်ပြောင်းလဲအောင် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။

“ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ရာထူးနေရာတွေမှာ နိုင်ငံခြားတွေနဲ့အတူတူ ဒီက ရခိုင် ဒေသခံဝန်ထမ်းတွေ ပါဝင်ခွင့်ရမယ်ဆိုရင်တော့ သူတို့ရဲ့ ပရောဂျက်ပမာဏက ဘယ်လောက်၊ ဒီမှာသုံးတဲ့ ပမာဏက ဘယ်လောက်ဆိုတာကို မြင်နိုင်လိမ့်မယ်၊ အဲဒီအပေါ် ထောက်ပြနိုင်လိမ့်မယ်။ အဲဒါအပေါ် ပြန်ပြုပြင်နိုင်လိမ့်မယ်လို့ ကျနော်မြင်တယ်။ အခုက သူတို့ပရောဂျက်ဘယ်လောက်ရတယ်၊ ဒီမှာ ဘယ်လောက်သုံးတယ်ဆိုတာကို သူတို့ပဲသိပြီးတော့ ဒီကလူတွေဘာမှမသိတော့ အဲလို မယုံသင်္ကာမှုတွေဖြစ်နေတာပေါ့။ အဟောသိကံဖြစ်မှုတွေ အများကြီးရှိနေတယ်လို့ ကျနော်ယူဆ ပါတယ်။ အဲဒီလို အဟောသိကံမဖြစ်ရအောင် ဒီဒေသမှာ တကယ်ရုံးစိုက်တော့မယ်ဆိုရင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အရာရှိနေရာမှာ အဲဒီနိုင်ငံခြားသားနဲ့တွဲပြီးတော့ ဒေသဆိုင်ရာအရာရှိ တယောက် ထည့်ပေးလိုက်ပြီးတော့ ညှိနှိုင်းမယ်၊ ညှိညှိနှိုင်းနှိုင်းလုပ်မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ရလဒ်တွေ ထွက်လာနိုင်တယ်လို့ ယူဆပါတယ်ခင်ဗျ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013