DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဉ် ကြိုတင်ခွန်ကြောင့် ကားဈေးနှုန်း မြင့်လာနိုင်
DVB
·
May 14, 2016
မော်တော်ယာဉ် ကြိုတင်ခွန်ကြောင့် ကားဈေးနှုန်း မြင့်လာနိုင်
Donate to DVB

လက်ရှိအစိုးရသစ်က မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မော်တော်ယဉ် ကြိုတင်ခွန်ကြောင့် ကားဈေးတွေ မြင့်လာနိုင်တယ်လို့ မြန်မာနိုင်ငံ မော်တော်ကား ရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။

“တက်သွားနိုင်ပါတယ်။ ဘာလို့ တက်သွားနိုင်လဲဆိုတော့ ကားတစီး ၁၀၀ ဆိုရင် နောက်ထပ် ၁၀ သိန်း ဆောင်ရတော့ ၁၁၀ မှရမယ်။ ဘာလို့ဆိုတော့ သူက ၁၀ သိန်းက အလွတ် ဆောင်ခဲ့ရပြီးပြီကိုး။ ဒီပေါ်မှာ သူက တင်မှာပဲလေ။ ကျနော်တို့ကနေ လျှော့ပြီးတော့ ဘယ်သူမှ ရောင်းမှာမဟုတ်တော့ဘူး။ တင်မှာပဲဆိုတော့ လက်ရှိ လောလောဆယ်တော့ ပြည်သူက အဲဒီအခွန်တက်တဲ့အပေါ် ခံစားသွားရမှာပဲ။”

အခုထုတ်ပြန်ချက်ဟာ ရက်ပိုင်းအတွင်း အကျိုးသက်ရောက်မှာ ဖြစ်တဲ့အတွက် ကားဝယ်ရောင်းလုပ်သူတွေနဲ့ ကားအရောင်းစင်တာ ဖွင့်ထားသူတွေက အနည်းဆုံး လနဲ့ချီပြီး ကြိုတင်ထုတ်ပြန်သင့်တယ်လို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။

ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးတဦးကတော့ အခုလို ကြိုတင်အခွန်ကောက်ခံတဲ့ အစီအစဉ်ကို လွန်ခဲ့တဲ့ ဧပြီလကတည်းက ကောက်ခံဖို့စီစဉ်ခဲ့ပမယ့် ကြိုတင်ပြင်ဆင်ချိန် နည်းပါးတာကြောင့် အခုလို ဇွန်လမှာ ကောက်ခံဖို့ ဖြစ်လာတာလို့ ပြောပါတယ်။

မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကတော့ “ထုတ်ပြန်တယ်ဆိုတော့ ဒါက ၂၀၁၆ ခုနှစ် မတ်လက ထုတ်ထားတဲ့ ဥပဒေပါ။ ဒါအရင်အစိုးရ လက်ထက်က ထုတ်ထားတဲ့ ဥပဒေပါ။ အရင်အစိုးရခေတ် ထုတ်ထားတဲ့ ဥပဒေဆိုတော့ အခု ဒီအစိုးရမှာ လာပြီးအကောင်အထည်ဖော်တဲ့ သဘောမျိုးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဆိုလိုတာက ဒီ အခွန်အကောက်တွေ နည်းတယ်၊ များတယ်လို့ ကျနော်တို့ မဆိုလိုပါဘူး။ အခွန်အကောက်တွေ ကောက်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ သွားပြီး ထိခိုက်နစ်နာလဲ ဆိုတာကို နိုင်ငံတော်အစိုးရအနေနဲ့ တဘက်တလမ်းက ပြန်ပြီး ကြည့်ဖို့ လိုပါတယ်” လို့ ပြောပါတယ်။

အခု အသစ်ထုတ်ပြန်လိုက်တဲ့ မော်တော်ယဉ် ကြိုတင်ဝင်ငွေခွန်ကတော့ ဝင်ငွေ ရလမ်းမဖော်ပြနိုင်ရင် သိန်း ၃၀၀ နဲ့ သိန်း ၃၀၀ အောက် ကားတွေကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀အထက်နဲ့ သိန်း ၁ ထောင် ကားတွေကို ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၁ ထောင်အထက် ကားတွေကိုတော့ ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

အခု သတ်မှတ်ချက်ဟာ ဖရီးပါမစ်ကားတွေ အတွက်သာဖြစ်ပြီး၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့ကား၊ ဘာသာ ရေး၊ နာရေးကားတွေနဲ့ သံရုံးကားတွေအနေနဲ့ အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဒီသတ်မှတ်ချက်ဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး၊ အခွန်တွေကိုတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှုး ဦးစီးဌာန ရုံးတွေမှာ တနေရာတည်းနဲ့ အပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013